Breaking News

အောင်ဝေး - ရန်သူ

အောင်ဝေး - ရန်သူ
(မိုးမခ) ဇန်န၀ါရီ ၂၃၊ ၂၀၂၂

အမေ
ကျနော်တို့မှာ
ညီအစ်ကိုများစွာရှိတယ်။
(ခင်ဝမ်း)

ကိုခင်ဝမ်းရေ
ကျနော်တို့က
အဝေးရောက်ညီအစ်ကိုတွေပါ။
အဝေးရောက်ဆိုတာ
ဘေးရောက်တာပေါ့ ကိုခင်ဝမ်း။
အဲဒီဘေးရောက်တွေထဲမှာ
အံ့သြစရာများစွာရှိတယ်။
ကျောင်းသားတပ်မတော်ကလာပြီး
မြို့ပေါ်မှာ
စစ်ဖြစ်နေတာ
နားကိုမလည်ဘူးလို့
ပြောတဲ့သူလည်းရှိ။
NCA မှာပျော်သည်
နုဂျီကိုမယုံကြည်
သူတို့
ပြည်သူကိုကျောခိုင်းကြလေပြီ။
နေဝင်းသေသွားလည်း
ကျော်ငြိမ်းမွှေးခဲ့တဲ့
စစ်အာဏာရှင်စနစ်မီးက
ခုထိလောင်တုန်း။
ဖအေကမကောင်းခဲ့တော့
သားကျလည်း
မြောင်းထဲမှာကောင်းကောင်းမသေ
နွေဦးကိုကဲ့ရဲ့
စစ်ဝှေးငုံတဲ့ကောင်လည်းရှိရဲ့။
ငယ်ငယ်တုန်းက
ကျောင်းသားခေါင်းဆောင်
ကြီးလာတော့
အချောင်သမား
မြိုင်ယံဖျားမှာ
ပြိုင်စံရှားတဲ့
တာဇံများလည်းရှိရဲ့။
ဟိုအရင်က
ခွပ်ဒေါင်း
အခုတော့
ငါးသလောက်
မိစ္ဆာနဲ့ပေါင်းစားသူလည်းရှိရဲ့။
အငိုသည်အဆွေးနဲ့
ဟိုရှယ်ဒီရှယ်လေးကလည်း
ဂျို (ချို) တယ်သွေးလှသကိုး။
သူခိုးဓားရိုးကမ်း
မရိုးစတမ်း
သွေးစွန်းလက်ကိုနမ်းသတဲ့လား။
မစားရတဲ့အမဲသားပုပ်ကို
သဲနဲ့ဆုပ်ဆုပ်ပက်တဲ့
ပဲပေါင်းသည်ကလည်းတစ်မှောင့်။
ဖောက်ပြန်သူ
အကောက်ကြံသူ
နောက်ချန်သူ
ဟော - နောက်ဆုံးမှာ
ရန်သူနဲ့ပေါင်းသွားသူ။
မပြောချင်ဘူး
ကိုခင်ဝမ်းရေ
ပြောရင်
အမေစိတ်ဆင်းရဲနေရော့မယ်။
အမေ
ကျနော်တို့မှာ
ရန်သူများစွာရှိတယ်။    ။

အောင်ဝေး
(ဇန်နဝါရီ ၁၂၊ ၂၀၂၂)

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar