လှကျော်ဇော - ဒီမိုကရေစီသစ် မော်စီတုန်းရဲ့ ဆက်ဆံမှုကြီး (၁၀) ချက် (ဒသမအချက်)
လှကျော်ဇော — ဒီမိုကရေစီသစ် မော်စီတုန်းရဲ့ ဆက်ဆံမှုကြီး (၁၀) ချက် (ဒသမ အချက်)
(မိုးမခ) ဖေဖော်ဝါရီ ၉၊ ၂၀၂၂
တရုတ်ပြည်နဲ့ တခြားနိုင်ငံများအကြား ဆက်ဆံရေး
ကျွန်တော်တို့က
တခြားနိုင်ငံများမှ လေ့လာရေး
ဆိုတဲ့ကြွေးကြော်သံကို
တင်ထားပါတယ်။ ဒါဟာ မှန်တယ်လို့
ကျွန်တော် ထင်ပါတယ်။ လက်ရှိအချိန်မှာ
တချို့နိုင်ငံက ခေါင်းဆောင်တွေဟာ အလွန်သတိထား ဆင်ခြင်နေကြပြီး
ဒီဆောင်ပုဒ်ကို ရှေ့တန်းတင်ဖို့တောင် မဝံ့မရဲဖြစ်နေကြပါတယ်။ ဒီလိုလုပ်ဖို့က
သတ္တိရှိဖို့လိုတယ်။ ဘာကြောင့်လဲဆိုတော့ ဒါမျိုးဟာ ဟန်ဆောင်ပန်ဆောင် အပေါ်ယံလုပ်ရုံလေး လုပ်ရတာ မဟုတ်ဘူး။
နိုင်ငံတိုင်းမှာ
အားကောင်းချက်တွေရှိတယ်
ဆိုတာ လက်ခံရမှာပါ။ မဟုတ်ရင် ဘယ်လို ရှင်သန်နိုင်မှာတုံး။ ဘယ်လို
တိုးတက်နိုင်မှာတုံး။ တဘက်မှာလည်း နိုင်ငံတိုင်းမှာ အားနည်းချက်တွေကိုယ်စီ ရှိကြပါတယ်။
တချို့က ဆိုရှယ်လစ်စနစ်ဆိုတာ
ပြည့်စုံကုံလုံပြီး ဘာအပြစ်အနာအဆာမှ မရှိတဲ့အရာလို့ ထင်နေကြတယ်။
ဘယ်လို ဖြစ်နိုင်မှာလဲ။ ဘယ်အရာမဆို အမြဲ
အကောင်း အဆိုး နှစ်ဘက်ရှိတယ် ဆိုတာ လက်ခံကြရမှာပါ။
ကျွန်တော်တို့
ပါတီ အဖွဲ့ခွဲများက အတွင်းရေးမှူးများ၊
ကျွန်တော်တို့တပ်က တပ်ခွဲမှူးများ၊ တပ်စုမှူးများအားလုံးအနေနဲ့ သူတို့ အတွေ့အကြုံများကို နိဂုံးချုပ်ရေးတဲ့အခါ
သူတို့ရဲ့ အိတ်ဆောင်မှတ်စုစာအုပ်လေးများမှာ
အားကောင်းချက်၊ အားနည်းချက်
ဘက် နှစ်ဘက်စလုံး ထည့်ရေးတတ်နေတာပဲ။ သူတို့က
အရာအားလုံးမှာ ဘက်
နှစ်ဘက်ရှိတယ်ဆိုတာ သိနေကြတာပါ။
ဘာလို့ ဘက်တဘက်အကြောင်းပဲ
ပြောရမှာလဲ။ ဒီနေ့မှစပြီး နောက်နှစ်ပေါင်းများစွာ ကြာတဲ့အခါမှာလဲ အမြဲ ဘက် နှစ်ဘက် ရှိပါလိမ့်မယ်။ အနာဂတ်မှာဖြစ်စေ၊
အခုကာလမှာ ဖြစ်စေ ခေတ်တိုင်းမှာ
ဘက် နှစ်ဘက် ရှိမှာဖြစ်ပြီး
လူတဦး တယောက်ချင်းစီမှာလည်း သူ့ကိုယ်ပိုင်ဘက် နှစ်ဘက် ရှိပါတယ်။ အတိုချုပ်ရရင် ဘက် နှစ်ဘက်ရှိပြီး တဘက်တည်း ရှိတာမဟုတ်ဘူး ဆိုတာပါပဲ။ တဘက်တည်း
ရှိတယ်လို့ဆိုရင် တဘက်ကိုပဲ မြင်ပြီး ကျန်တဘက်ကို လျစ်လျူရှုတာပါ။
ကျွန်တော်တို့ပေါ်လစီကတော့
လူမျိုးတိုင်း၊ နိုင်ငံတိုင်းက
အားကောင်းချက်များကို လေ့လာဖို့ပါ။
နိုင်ငံရေးအရ၊ စီးပွားရေးအရ၊ သိပွံနဲ့ အတတ်ပညာ နည်းပညာပိုင်းဆိုင်ရာများ၊ စာပေအနုပညာများက ကောင်းမွန်ချက်
စစ်စစ်မှန်မှန်များအားလုံးကို လေ့လာရမှာဖြစ်ပါတယ်။
ဒါပေမဲ့ ကျွန်တော်တို့
လေ့လာရာမှာ ဝေဖန်ပိုင်းခြားမှုရှိစွာ
လေ့လာရမှာပါ။ မျက်စိမှိတ်ပြီး
ခွဲခြားဆင်ခြင်မှုမရှိဘဲ တိုက်ရိုက်ပုံသေကူးချတာမျိုး
မလုပ်သင့်ပါဘူး။ သူတို့ရဲ့အားနည်းချက်တွေ၊ ချို့ယွင်းချက်တွေကိုတော့ သဘာဝကျစွာပဲ ယူမသုံးသင့်ပါဘူး။
ဆိုဗီယက်ယူနီယံနဲ့တခြားဆိုရှယ်လစ်နိုင်ငံများက
အတွေ့အကြုံများကို လေ့လာရာမှာ ကျွန်တော်တို့အနေနဲ့ အဲဒီသဘောထားအတိုင်း ကျင့်သုံးသင့်ပါတယ်။ ကျွန်တော်တို့ရဲ့ လူတချို့ဟာ
ဒါကိုအရင်က သဘောမပေါက်ကြဘဲ တချို့အားနည်းချက်များကိုတောင်
ဆွဲယူခဲ့ကြပါသေးတယ်။ ဒါနဲ့ပဲ
သူတို့ကိုယ် သူတို့ ဟုတ်လှပြီဆိုပြီး ဘဝင်မြင့်နေချိန်မှာ အဲဒီနိုင်ငံများက အဲဒါတွေကို လွှင့်ပစ်လိုက်ကြပါတယ်။ ဒီတော့လည်း
သူတို့က မျောက်ဘုရင် စွန့်ဝူးခွန်းလို ဂျွမ်း(ကျွမ်း) ပစ်သွားတော့တာပေါ့။
ဥပမာအားဖြင့်
ကျွန်တော်တို့ တချို့ဝန်ကြီးဌာနတွေ ဖွဲ့စည်းရေးဆိုင်ရာ
မူဝါဒတွေ မှားယွင်းတယ်ဆိုပြီး တချို့လူတွေက ဆိုခဲ့ဖူးပါတယ်။ ဆိုဗီယက်မှာ လုပ်တဲ့အတိုင်း
လုပ်သင့်တယ်လို့ ဆိုခဲ့ကြပါတယ်။ သူတို့ မစဉ်းစားမိတာက သိပ်မကြာခင်မှာပဲ ဆိုဗီယက်က အပြောင်းအလဲတွေလုပ်လိုက်ပြီး
ကျွန်တော်တို့ ဖွဲ့စည်းသလို ပြန်ဖွဲ့လိုက်တာပါ။
တချို့လူတွေဟာ နိဂုံးချုပ်ဖို့ နည်းနည်းမှမစဉ်းစားဘဲ လေသင့်ရာ ယိမ်းလိုက်နေကြပါတယ်။ ဒီနေ့
မြောက်လေတိုက်ရင် မြောက်အရပ် ယိမ်းပြီး မနက်ဖြန် အနောက်လေတိုက်ပြန်တော့ အနောက်ယိမ်းကြပြန်တယ်။ တခါ မြောက်လေ ပြန်တိုက်လာရင်လည်း မြောက်ဘက်
ပြန်ရောက်ပြန်ရော။သူတို့တတွေမှာ လွတ်လွတ်လပ်လပ်
ကိုယ်ပိုင်အတွေးအမြင်တွေမရှိကြဘဲ
မကြာခဏ တဖကိစွန်းကနေ တဖက်စွန်းသို့ ပြောင်းလဲတတ်ကြတယ်။
ဆိုဗီယက်ယူနီယံမှာ
စတာလင်ကို တကြိမ်တခါက မိုးထိမြှောက်ပင့်ပေးခဲ့သူများဟာ
အခုတော့ တချက်တည်းနဲ့ ငရဲကို ဆွဲချလိုက်ကြပါတယ်။ အခု တရုတ်ပြည်မှာလည်း တချို့လူတွေက ဒီပုံစံကို လိုက်နေကြပါတယ်။ ဗဟိုကော်မတီရဲ့
အမြင်အရ စတာလင်ရဲ့ အမှားဟာ အားလုံးရဲ့
၃၀ ရာခိုင်နှုန်းသာဖြစ်ပြီး အောင်မြင်မှုဟာ
၇၀ ရာခိုင်နှုန်း ဖြစ်ပါတယ်။ အရာရာအားလုံးကို ကြည့်ရင်
စတာလင်ဟာ ကြီးမြတ်တဲ့ မာက်စ်ဝါဒီတဦးပါ။
‘ပစ္စည်းမဲ့အာဏာရှင်စနစ်ရဲ့
သမိုင်းသင်ခန်းစာများ’ကို ကျွန်တော်တို့
ရေးခဲ့တုန်းက ဒီသုံးသပ်ချက်ပေါ်က
ရေးခဲ့တာပါ။ အမှားက ၃၀
ရာခိုင်နှုန်း၊ အမှန်က ၇၀ရာခိုင်နှုန်း ဆိုတဲ့ အကဲဖြတ်ချက်ဟာ ကွက်တိပါပဲ။ စတာလင်ဟာ တရုတ်ပြည်အရေးမှာ အမှားအချို့ ရှိခဲ့ပါတယ်။ ဒုတိယပြည်တွင်းစစ်
နောက်ဆုံးပိုင်းမှာ ဝမ်မင်
ကျင့်သုံးခဲ့တဲ့ လက်ဝဲ
အရဲစွန့်ဝါဒရော၊ ဂျပန်ခုခံရေးစစ် အစောပိုင်းမှာ ကျင့်သုံးခဲ့တဲ့
သူရဲ့ လက်ယာအချောင်ဝါဒရော စတာလင်ဆီက မြစ်ဖျားခံခဲ့တာပါ။ လွတ်မြောက်ရေးစစ်ပွဲတုန်းကလည်း
စတာလင်က အစောပိုင်းမှာ ကျွန်တော်တို့ကို တော်လှန်ရေးရှေ့မဆက်ဖို့
ပြောခဲ့ပါသေးတယ်။ သူ့အမြင်က ပြည်တွင်းစစ်ဖြစ်လာရင်
တရုတ်ပြည်ကြီး ပျက်စီးသွားလိမ့်မယ်
တဲ့။ တကယ်တိုက်ပွဲတွေလည်းပေါ်လာရော
သူက မယုံတဝက်ယုံတဝက် ဇဝေဇဝါဖြစ်နေတာပါ။
တခါ ကျွန်တော်တို့ စစ်ပွဲမှာ နိုင်လည်းနိုင်လိုက်ရော စတာလင်က ကျွန်တော်တို့ရဲ့အောင်ပွဲကို
တီတိုးရဲ့အောင်ပွဲမျိုးလို့
သံသယရှိပြန်ရော။ ၁၉၄၉-၁၉၅၀ အတွင်း ကျွန်တော်တို့အပေါ်ဖိအားက အတော်ပြင်းတာပါ။
ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ကတော့
သူရဲ့အမှားများဟာ ၃၀ ရာခိုင်နှုန်းနဲ့ သူ့ရဲ့အောင်မြင်မှုများဟာ ၇၀ ရာခိုင်နှုန်းဆိုတဲ့ သတ်မှတ်ချက်ကို ကိုင်စွဲထားပါတယ်။ ဒါမှသာ
တရားမျှတမှာပါ။
လူမှုရေးသိပွံပညာရပ်မှာရော
မာက်စ်ဝါဒ-လီနင်ဝါဒမှာရော၊
ကျွန်တော်တို့အနေနဲ့ လေ့လာရာမှာ စတာလင်ရဲ့ မှန်ကန်တဲ့ အရာတွေအပေါ် ဝီရိယစိုက်လေ့လာရမှာပါ။
ကျွန်တော်တို့အနေနဲ့ အကြွင်းမဲ့
မှန်ကန်တဲ့အရာအားလုံးကို လေ့လာရမှာဖြစ်ပြီး
ဒီလေ့လာရေးများဟာလည်း
တရုတ်ပြည်ရဲ့ အခိုင်အမာအခြေအနေများနဲ့
ဆက်စပ်ရမှာ ဖြစ်ပါတယ်။ မာက်စ် အပါအဝင် ဘယ်သူ့ရဲ့ရေးသားချက်ကိုပဲဖြစ်ဖြစ် အတိအကျလိုက်နာခဲ့ရင် ပြဿနာတွေ တက်ကုန်မှာပါ။ ကျွန်တော်တို့ရဲ့
သဘောတရားကတော့ မာက်စ်
ဝါဒ-လီနင်ဝါဒရဲ့ အကြွင်းမဲ့အမှန်တရားတွေကို
တရုတ်တော်လှန်ရေးရဲ့ အခိုင်အမာလက်တွေ့နဲ့ပေါင်းစပ်ဖို့ဖြစ်ပါတယ်။
တကြိမ်တခါက ကျွန်တော်တို့ပါတီက
လူတချို့ဟာ တရားသေဝါဒဘက်ယိမ်းလို့၊
ကျွန်တော်တို့တွေ ဝိုင်းဝေဖန်ကြရပါသေးတယ်။
ဘာပဲဖြစ်ဖြစ်
ဒီနေ့မှာလည်း တရားသေဝါဒရှိနေပါသေးတယ်။ အတတ်ပညာရှင်များနယ်ပယ်နဲ့
စီးပွားရေးနယ်ပယ်များမှာလည်း
ဒါတွေ ရှိနေပါသေးတယ်။
သဘာဝသိပွံပညာရပ်မှာ
ကျွန်တော်တို့ နောက်နည်းနည်းကျနေပါသေးတယ်။
ဒီနေရာမှာ ကျွန်တော်တို့
နိုင်ငံခြားကနေ သင်ယူလေ့လာဖို့ အထူးအားစိုက်ရမယ်။
ဒါပေမဲ့ လေ့လာရာမှာ မျက်စိမှိတ်
လေ့လာဖို့မဟုတ်ဘဲ ဝေဖန်ပိုင်းခြားမှုရှိစွာ လေ့လာရမယ်။ စက်မှုလက်မှုနည်းပညာဆိုင်ရာ
ပညာရပ်အတော်များများမှာ ကျွန်တော်တို့အနေနဲ့
ပထမ အများနောက်က လိုက်သင့်တယ်လို့ ထင်ပါတယ်။
ကျွန်တော်တို့ ဒီနေရာမှာ အခုလက်ရှိအချိန်မှာ
ချို့တဲ့နေပြီး ဘာမှလည်း သိပ်မသိသေးတာဖြစ်လို့ပါ။ ဒါပေမဲ့
ကျွန်တော်တို့ ပြည့်ပြည့်စုံစုံ
ရှင်းရှင်းလင်းလင်း သိပြီးတာတွေမှာတော့ အစစအရာရာ လိုက်လုပ်ဖို့မလိုပါဘူး။
ကျွန်တော်တို့တတွေအနေနဲ့
နိုင်ငံခြားတိုင်းပြည်များက
ပုပ်သိုးဆွေးမြည့်နေတဲ့ အရင်းရှင်စနစ်တွေ၊
အတွေးအခေါ် အယူအဆတွေနဲ့ နေထိုင်မှုဘဝတွေကို
ခိုင်ခိုင်မာမာ ပစ်ပယ်ရမှာဖြစ်ပြီး ကောင်းကောင်းဆန့်ကျင်ဝေဖန်ရှုတ်ချရမှာ
ဖြစ်ပါတယ်။ ဒီလိုပြောလို့ အရင်းရှင်နိုင်ငံများက
ရှေ့တန်းရောက်တဲ့ သိပွံပညာရပ်များနဲ့
သူတို့ရဲ့ လုပ်ခင်းကိုင်ခင်းလုပ်ငန်းများရဲ့
သိပွံနည်းကျ အုပ်ချုပ်မှုပညာတွေကို မလေ့လာရဘူးလို့
မဆိုလိုပါဘူး။ စက်မှုလက်မှု တိုးတက်ဖွံ့ဖြိုးတဲ့ နိုင်ငံတွေက လုပ်ငန်းများ လည်ပတ်ရာမှာ လူနည်းနည်းနဲ့ အရည်အသွေးမြင့်မားတာ တွေ့ရတယ်။ သူတို့
ငွေကောင်းကောင်းရှာတတ်ကြတယ်။ ဒါတွေအားလုံးကို ကျွန်တော်တို့လုပ်ငန်းများ တိုးတက်ကောင်းမွန်ရေးဆိုတဲ့
မူနဲ့အညီ ကောင်းကောင်း လေ့လာသင်ယူရမယ်။ အခုအချိန်မှာ အင်္ဂလိပ်စာသင်နေသူများ ဆက်ကြိုးစားတာ
မရှိတော့ရုံမက သုတေသနစာတမ်းများကိုလည်း တခြားနိုင်ငံများနဲ့
အလဲအလှယ် လေ့လာရေးအတွက် အင်္ဂလိပ်၊ ပြင်သစ်၊ ဂျာမန် သို့မဟုတ် ဂျပန်ဘာသာများသို့
ပြန်ဆိုတာများလည်း မရှိတော့ပါဘူး။ ဒါတွေဟာလည်း မျက်ကန်းဆန္ဒစွဲတမျိုးပါပဲ။ သိပွံပညာများ၊ အတတ်ပညာနဲ့ နည်းပညာများ၊
သို့မဟုတ် ယဉ်ကျေးမှုများ ဘယ်ဟာပဲဖြစ်ဖြစ် နိုင်ငံခြားကလာသမျှကို
ခွဲခြားကြည့်မြင်မှုမရှိဘဲ ပစ်ပယ်တာပဲဖြစ်ဖြစ်၊
ခွဲခြားကြည့်မြင်မှုမရှိဘဲ နိုင်ငံခြားက
လာသမျှတွေကို တုပလုပ်ဆောင်တာပဲ
ဖြစ်ဖြစ်၊ ဒါတွေဟာ မာက်စ်ဝါဒသဘောထားနဲ့ လုံးဝမအပ်စပ်ပါဘူး။ ကျွန်တော်တို့ရဲ့ အရေးတော်ပုံအတွက်လည်း
အကျိုးမရှိပါဘူး။
ကျွန်တော့်အမြင်အရ
ပြောရရင် တရုတ်ပြည်မှာ အားနည်းချက်
၂ ရပ်ရှိပါတယ်။ တချိန်တည်းမှာပဲ
ဒါဟာ အားကောင်းချက် ၂ ရပ်ဖြစ်နေပြန်ရော။
ပထမ
အတိတ်က တရုတ်ပြည်ဟာ နယ်ချဲ့နိုင်ငံမဖြစ်ခဲ့ဘဲ ကိုလိုနီ၊
ကိုလိုနီတပိုင်းနိုင်ငံပဲ ဖြစ်ခဲ့တဲ့အတွက် တပါးသူတွေရဲ့ အနိုင်ကျင့်ခြင်းကို အမြဲခံခဲ့ရပါတယ်။
စက်မှုလက်မှုလုပ်ငန်းများနဲ့ လယ်ယာစိုက်ပျိုးရေးကဏ္ဍတွေမှာလည်း မဖွံ့ဖြိုး မတိုးတက်ခဲ့ပါဘူး။
သိပ္ပံပညာနဲ့ နည်းပညာရပ်ဆိုင်ရာတွေမှာလည်း နိမ့်ကျပါတယ်။ တရုတ်ပြည်အနေနဲ့ နယ်မြေကျယ်ပြောတာ၊
အရင်းအမြစ် ပေါကြွယ်ဝတာ၊
လူဦးရေများတာ၊ သမိုင်းရှည်ကြာတာ၊ စာပေယဉ်ကျေးမှုအရ- ခန်းဆောင်နီအိမ်မက်---စတာတွေရှိတာကလွဲလို့ တခြားနိုင်ငံများနဲ့နှိုင်းယှဉ်ရင်
နယ်ပယ်အတော်များများမှာ
နောက်ကျနေတာတွေ ရှိပါတယ်။
ဒါကြောင့်
ဘဝင်မြင့်စရာ၊ မာနကြီးစရာ ဘာမှမရှိပါဘူး။ ဒါပေမဲ့
ကျေးကျွန်အဖြစ် နေတာကြာလာလို့၊ တချို့လူတွေဟာ အရာရာ သိမ်ငယ်စိတ်နဲ့
နိုင်ငံခြားသားများရှေ့မှာ
မားမားမရပ်နိုင်ဖြစ်နေပါတယ်။
တချို့လူတွေက နေရာပေး
ထိုင်ခိုင်းတာတောင် မထိုင်တတ်တော့ဘဲ
မတ်တတ်ရပ်တာ အကျင့်ဖြစ်နေလို့ပါလို့
ဆင်ခြေပေးတတ်တဲ့ ဇာတ်ထဲက
လူပြက်လို ဖြစ်နေကြတယ်။
ဒီနေရာမှာ
ကျွန်တော်တို့ဟာ ကိုယ့််ကိုယ်ကိုယ်
ယုံကြည်စိတ်ရှိပြီး တက်ကြွလာအောင် လှုံ့ ဆော်ပေးရမှာဖြစ်ပြီး အမေရိကန် ကျူးကျော်မှုကို ခုခံပြီး
ကိုးရီးယားကို ကူညီတဲ့
လှုပ်ရှားမှုအတွင်းက ကျင့်သုံးခဲ့တဲ့ အမေရိကန်နယ်ချဲ့စနစ်ကို ချေမှုန်းပစ်
ဆိုတဲ့ စိတ်ဓာတ်မျိုးဝင်လာအောင် အားပေးရမယ်။
ဒုတိယက
ကျွန်တော်တို့တော်လှန်ရေးက နောက်ကျတယ်။
ချင်မင်းဆက်ကို ဖြုတ်ချခဲ့တဲ့
၁၉၁၁ တော်လှန်ရေးဟာ ရုရှားတော်လှန်ရေးရဲ့ရှေ့ ရောက်ခဲ့ပေမယ့်
အဲဒီတုန်းက ကွန်မြူနစ်ပါတီ မရှိခဲ့ဘူး။
တော်လှန်ရေးလည်း ရှုံးနိမ့်ခဲ့တယ်။
ပြည်သူ့တော်လှန်ရေးအောင်ပွဲက ၁၉၄၉
ခုနှစ်ကျမှသာ ပေါ်လာပြီး
အောက်တိုဘာတော်လှန်ရေးထက်
အနှစ် ၃၀ နောက်ကျခဲ့တယ်။ ဒီနေရာမှာလည်း ကျွန်တော်တို့ ဘဝင်မြင့်စရာမရှိပါဘူး။
ဆိုဗီယက်ယူနီယံက ကျွန်တော်တို့နဲ့ မတူတာတွေ ရှိတယ်။
ပထမဇာဘုရင်
အုပ်ချုပ်တဲ့ ရုရှားဟာ
နယ်ချဲ့နိုင်ငံကြီးဖြစ်ခဲ့ပြီး
ဒုတိယ သူ့မှာ အောက်တိုဘာ တော်လှန်ရေးကြီး
ရှိခဲ့တယ်။ ဒါကြောင့်ပဲ ဆိုဗီယက်ယူနီယံက
လူအတော်များများဟာ ဘဝင်မြင့်ပြီး
အလွန်မာနကြီးကြတယ်။
ကျွန်တော်တို့ရဲ့
အားနည်းချက် ၂
ရပ်ဟာလည်း အားကောင်းချက်များ
ဖြစ်ပါတယ်။ တနေရာမှာ ကျွန်တော်
ပြောခဲ့ဖူးသလိုပဲ။ ကျွန်တော်တို့ဟာ ပထမ—
ဆင်းရဲတယ်။ ဒုတိယ— ဗလာချည်းကွက်လပ် (blank) လည်း ဖြစ်နေတယ်။
ဆင်းရဲတယ်
ဆိုတာ စက်မှုလုပ်ငန်းတွေနဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေ မဖွံ့ဖြိုးတာကို ဆိုလိုတာ။ ဗလာချည်းကွက်လပ်
ဖြစ်တယ် ဆိုတာကတော့
ကျွန်တော်တို့ဟာ စက္ကူအလွတ်လိုဖြစ်နေပြီး ကျွန်တော်တို့ရဲ့ ယဉ်ကျေးမှုနဲ့သိပွံပညာရပ်ဆိုင်ရာတွေမှာ
အဆင့်မမြင့်သေးဘူးလို့ ဆိုလိုပါတယ်။
ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အမြင်ဘက်က ကြည့်ရင် ဒါတွေဟာ အဆိုးမဟုတ်ပါဘူး။
ဆင်းရဲသားများဟာ
တော်လှန်ရေးကို လိုလားပြီး
ချမ်းသာသူများကတော့ တော်လှန်ဖို့
ခက်ပါတယ်။ သိပွံနဲ့နည်းပညာ အဆင့်မြင့်တဲ့နိုင်ငံတွေဟာ မာနတွေ တံခွန်ထူနေကြတယ်။ ကျွန်တော်တို့ကတော့
ရေးစရာရှိတာတွေကို လွတ်လွတ်လပ်လပ်ရေးနိုင်တဲ့
စက္ကူလွတ်တွေလိုပါပဲ။
ဒါကြောင့်
ဆင်းရဲတာရော၊ ဗလာချည်းအလွတ် ဖြစ်နေတာရော၊ ကျွန်တော်တို့အတွက်
ကောင်းပါတယ်။ တနေ့ ကျွန်တော်တို့တိုင်းပြည်
အင်အားတောင့်တင်းပြီး
ချမ်းသာလာရင်တောင်မှ ကျွန်တော်တို့ဟာ တော်လှန်ရေးအမြင် စွဲကိုင်ထားပြီး
နှိမ်နှိမ်ချချ သေသေဝပ်ဝပ်နေရမှာဖြစ်ပြီး တခြားနိုင်ငံတွေကို လေ့လာရမယ်။ ဘယ်တော့မှ
မာနကြီးတာ၊ ဘဝင်မြင့်တာ မဖြစ်စေရဘူး။ ကျွန်တော်တို့ဟာ ပထမ ငါးနှစ်စီမံကိန်းကာလအတွင်းမှာ
တခြားနိုင်ငံများက လေ့လာရမှာမက
နောင် ငါးနှစ် စီမံကိန်းများမှာလည်း ဒီအတိုင်း ဆက်လုပ်ရမှာ။ နောင်နှစ်ပေါင်း
ထောင်သောင်းချီပြီး လေ့လာဖို့
ပြင်ဆင်ထားရမှာ။ ဒါဟာ ဘာများ မကောင်းတာရှိလို့လဲ။
ကျွန်တော်
အခု ခေါင်းစဉ် ၁၀
ခု ဆွေးနွေးခဲ့တယ်။ ဒီဆက်ဆံမှုကြီး
၁၀ ချက်ဟာ အားလုံး ပဋိပက္ခတွေချည်းပဲ။
ကမ္ဘာကြီးဟာ ပဋိပက္ခတွေနဲ့ပြည့်နေတာပါ။
ပဋိပက္ခမရှိရင် ကမ္ဘာကြီးလည်း
ဆက်မရှိနိုင်တော့ပါဘူး။
ကျွန်တော်တို့ရဲ့တာဝန်က
ဒီပဋိပက္ခတွေကို မှန်မှန်ကန်ကန်
ကိုင်တွယ်နိုင်ဖို့ပါ။
ဒါတွေကို
လက်တွေ့မှာ ကျွန်တော်တို့စိတ်ကြိုက် ဖြေရှင်းနိုင်မလားဆိုတာအတွက်ကတော့ ကျွန်တော်တို့အနေနဲ့ ဖြစ်လာနိုင်ခြေတွေကို ရင်ဆိုင်ဖို့
ပြင်ဆင်ထားရမယ်။ ဒါ့အပြင် ဒီပဋိပက္ခတွေကို
ဖြေရှင်းနေစဉ်မှာပဲ ပြဿနာအသစ်တွေ
ပေါ်လာနိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့
မကြာခဏ ပြောသလိုပဲ ရှေ့ခရီးစဉ်ဟာ
ကြမ်းတမ်းကွေ့ကောက်ပေမယ့်
အနာဂတ်ဟာ တောက်ပြောင်ပါတယ်။
ကျွန်တော်တို့ဟာ
ပါတီတွင်း ပါတီပ၊ ပြည်တွင်း ပြည်ပ
တိုက်ရိုက်သွယ်ဝိုက်၊ ဘယ်ကပဲဖြစ်ဖြစ် အပေါင်းလက္ခဏာဆောင်တဲ့
အချက်အလက်အားလုံးကို တက်ကြွစွာ
ပါဝင်လာအောင် အစွမ်းကုန်လှုံ့ဆော်ပြီး
တရုတ်ပြည်ကြီးကို အင်အားတောင့်တင်းတဲ့ ဆိုရှယ်လစ်နိုင်ငံတော်ကြီး
ဖြစ်လာအောင် တည်ဆောက်ကြပါစို့။
လှကျော်ဇော
၇-၂-၂၀၂၂
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar