လှကျော်ဇော - စစ်အုပ်စုရဲ့ ငြိမ်းချမ်းရေးကစားကွက်
(မိုးမခ) ဖေဖော်၀ါရီ ၁၁၊ ၂၀၂၂
၂၀၂၂။
စစ်အာဏာသိမ်းပြီး တနှစ်တာလွန်မြောက်ခဲ့ပြီးနောက်မှာ အာဏာသိမ်းခေါင်းဆောင် မအလက ထာဝရငြိမ်းချမ်းရေးအတွက် ဆွေးနွေးရအောင်ပါဆိုပြီး ကြေညာချက်တစောင် ထုတ်လာပါတယ်။ အဲဒီကြေညာချက်ပါသဘောထားနဲ့ပတ်သက်ပြီး ကျွန်မအမြင်ဘယ်လိုရှိသလဲလို့ လူငယ်လေးတဦးက မေးလာပါတယ်။ သူက မေးခွန်းမေးရာမှာ ဒီလိုအစချီပါတယ်။
၁၉၆၂-၁၉၈၈-၂၀၂၁ စစ် အာဏာသိမ်းမှုအားလုံးကို ကြုံတွေ့ခဲ့ရဖူးသူတဦးအနေနဲ့ ...တဲ့။
ဟုတ်ပါတယ်။ စစ်အာဏာသိမ်းမှုအားလုံးကို ကြုံတွေ့ခဲ့ရဖူးရုံမက၊ စစ်အာဏာရှင်တွေရဲ့ လှည့်ကွက်အမျိုးမျိုးကိုလည်း ကျွန်မတို့တတွေ ကြုံခဲ့ရပါတယ်။ ဒါက ကျွန်မတယောက်တည်းမဟုတ်ပါဘူး။ အခု အသက် ၆၀-၇၀ တန်းရောက်နေကြတဲ့ ဗမာပြည်သူတွေအားလုံး အထူးသဖြင့် ၁၉၆၂ ခုနှစ်ကစလို့ စစ်အာဏာရှင်စနစ်ကို နည်းလမ်းပေါင်းစုံသုံးပြီး ဆန့်ကျင်ခဲ့ တိုက်ပွဲဝင်ခဲ့ကြတဲ့ မြန်မာအပါအဝင် တိုင်းရင်းသားပေါင်းစုံ နိုင်ငံရေးသမားတွေ၊ တော်လှန်ရေးသမားတွေ၊ တက်ကြွလှုပ်ရှားသူတွေ အားလုံးမှာ ဒီအတွေ့အကြုံတွေအပြည့်ပါ။
ဥပမာ-ငြိမ်းချမ်းရေးလှည့်ကွက်ဆိုပါစို့။
၁။ ၁၉၆၂ မတ်လ (၂) ရက်မှာ အာဏာသိမ်းခဲ့တဲ့ ဗိုလ်နေဝင်းဟာ စစ်အာဏာသိမ်းမှုကို ပထမဆုံးနဲ့ အပြင်းထန်ဆုံးကန့်ကွက်ခဲ့တဲ့ ကျောင်းသားထုကို ဇူလိုင် (၇) ရက်နေ့မှာ လက်လွန် ခြေလွန် ရာချီသတ်ဖြတ်ခဲ့ပြီး ကျောင်း သားသမဂ္ဂကြီးကိုလည်း ဖောက်ခွဲဖျက်ဆီးပစ်ခဲ့ပါတယ်။
စစ်ဘီလူးရုပ်ပုံရိပ်ပေါ်သွားတော့ ပြန်အဖတ်ဆည်ဖို့ ၁၉၆၃ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ခေါ်ခဲ့ပါတယ်။ ၄-၅ လ အကြာမှာ ဆွေးနွေးပွဲတွေကို တဖက်သတ်ရပ်ပစ်လိုက်ပါတယ်။ အဲဒီငြိမ်းချမ်းရေးဆွေးနွေးပွဲကနေ စစ်အုပ်စု ဘာတွေ မြတ်ခဲ့သလဲ။
အင်အားတစုံတရာအားနည်းတဲ့ အဖွဲ့အစည်းတွေကို မလိမ့်တပတ်နဲ့မြို့ပေါ် ခေါ်တင်ပါတယ်။ အဓိကခေါင်း ဆောင်တွေကို ရာထူးကြီးတွေ (သံအမတ်) တွေပေးပြီး ကျန်အောက်ခြေတွေကို စီးပွားရေးအခွင့်အရေးတွေပေးပြီး ဖျက်ဆီးပစ်ပါတယ်။ ခေါင်းမာသူတွေကိုတော့ ဖမ်းဆီးထောင်ချ ကိုးကိုးကျွန်းအထိ ပို့ပစ်ပါတယ်။
(မှတ်ချက်။ ပြည်သူ့ရဲဘော်အဖွဲ့ကို ဘယ်လိုလုပ်ခဲ့တယ်ဆိုတာ လေ့လာကြည့်ကြပါ။)
ငြိမ်းချမ်းရေးဆွေးနွေးပွဲကာလမှာ တက်တက်ကြွကြွလှုပ်ရှားလာသူများကို စောင့်ကြည့်ထားပြီး ဆွေးနွေးပွဲလည်းပျက်ရော အကုန်ဖမ်းထောင်ချ၊ ကိုးကိုးကျွန်းပို့ပြီး အဖွဲ့အစည်းအားလုံးလည်း ဖျက်သိမ်းပစ်လိုက်ပါတယ်။ ဆွေးနွေးပွဲအပြီး တောတွင်းပြန်သွားသူများကိုလည်း နောက်က တရကြမ်းလိုက်သတ်ပါတယ်။ နည်းသဏ္ဌာန်ပေါင်းစုံနဲ့ ခေါင်းဆောင်တွေကို လုပ်ကြံသတ်ဖြတ်ပါတယ်။
အတိုက်အခံအင်အားစု (မြေပေါ်၊ မြေေအာက်) အားလုံးလိုလို ချည့်နဲ့သွားတဲ့အတွက် ဗိုလ်နေဝင်းရဲ့ မဆလ အစိုးရဟာ စစ်အာဏာရှင်စနစ်ကို ခိုင်ခိုင်မာမာတည်ဆောက်နိုင်ပြီး အနှစ် (၂၀) ကျော် (၁၉၈၈ အထိ) အုပ်ချုပ်မင်းလုပ်သွားနိုင်ပါတော့တယ်။
ဒါပေမဲ့ ငြိမ်းချမ်းရေးမရရုံမက လူမျိုးစုအားလုံးနီးပါးရဲ့ လက်နက်ကိုင်တော်လှန်ရေးတွေ ဒီကာလမှာ အပြိုင်း အရိုင်းပေါ်ပေါက်လာပါတယ်။
၂။ ၁၉၈၈-၁၉၉၇--နဝတ-ခေတ်။ ၁၉၉၇-၂၀၁၁-နအဖခေတ် ကာလအတွင်းက ငြိမ်းချမ်းရေးလှည့်ကွက်များ
တိုင်းရင်းသားဒေသအသီးသီးမှာ အပစ်အခတ်ရပ်စဲရေးဆိုတဲ့နာမည်သစ်နဲ့ နည်းနာဟောင်းများအတိုင်း တနေရာတမျိုး နည်းအမျိုးမျိုးနဲ့ လူမျိုးစုအဖွဲ့များကို တစစီဖဲ့ထုတ်၊ စားနိုင်တာတွေစားပစ်၊ ပြည်သူ့စစ်တွေ၊နယ် ခြားစောင့်တွေလုပ်ခိုင်းနဲ့ အကုန်ကွဲပြဲကုန်အောင် လုပ်ဆောင်ခဲ့ပါတယ်။ အလွန်ထင်ရှားတဲ့ အဖြစ်အပျက်တရပ်ကတော့ ကိုးကန့်ဒေသအဖြစ်အပျက်ပါ။
၉၈၉ မတ်လမှာ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ လက်အောက်ခံဒေသတခုဖြစ်တဲ့ ကိုးကန့်ဒေသက ဖုန်ကြားရှင်ခေါင်းဆောင်ပြီး ပုန်ကန်ခွဲထွက်လိုက်ပါတယ်။ မုန်ကိုးဒေသကိုပါ စည်းရုံးပြီး ခွဲထွက်တာပါ။ ပြီးတော့ နဝတနဲ့ အပစ်အခတ်ရပ်စဲရေးငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုလိုက်ပါတယ်။ အဲဒီကာလမှာ နဝတက ဖုန်ကြားရှင်ကိုစီးပွားရေးအခွင့်ထူးတွေအမျိုးစုံပေးခဲ့ပေမယ့် နောက်ပိုင်း နယ်ခြားစောင့်တပ်မလုပ်တဲ့အခါ စစ်တပ်ကဝင်လာကာ ကိုးကန့်ဒေသတခုလုံးကို (၂၀၀၉) မှာ သိမ်းပစ်ပြီး ဖုန်ကြားရှင်ကို မောင်းထုတ်လိုက်ပါတော့တယ်။ အဲဒီမတိုင်ခင်ကတည်းက ကိုးကန့်ကို အပိုင်းပိုင်းကွဲအောင် လုပ်ထားတာပါ။
၁၉၉၂ လောက်ကတည်းကစလို့ “ဖုန်” မိသားစု၊ “ရန်” မိသားစုပဋိပက္ခတိုက်ပွဲတွေဖြစ်အောင် ကြားက ရန် တိုက်ပေး၊ ဒါကို အကြောင်းပြပြီး စစ်တပ်ကဝင်၊ မုန်ကိုးကိုခွဲထုတ်၊ တခါ ၂၀၀၀ ခုနှစ်မှာ မုန်ကိုးမှာနေရာလုတဲ့ပဋိပက္ခတိုက်ပွဲတွေဖြစ်အောင်ဖန်တီးခဲ့ပါတယ်။ သည့်နောက် တပ်မ (၉၉) က ဝင်လာဖြေရှင်းတယ်ဆိုပြီး တဖွဲ့ကို လက်နက်ချခိုင်း၊ တဖွဲ့ကို ဆွေးနွေးရအောင်လို့ခေါ်လိုက်ကာ ၂၄-၁၁-၂၀၀၀ နေ့ ဟေမုန်လုံမှာ မုန်ကိုးကာ ကွယ်ရေး ဒုတပ်မှူးလီနင်မင်အပါ သူ့တပ်သား (၂၀၀) ကျော်ကို သွေးအေးအေးနဲ့ သတ်ဖြတ်လိုက်ပြီး မုန်ကိုးဒေသတခုလုံးကို သိမ်းယူပစ်လိုက်ပါတယ်။ ၂၀၁၅ မှာ ကိုးကန့်တပ်ပြန်ပေါ်လာပြီး တိုက်ပွဲတွေ အခုအချိန်ထိ တခြိမ်းခြိမ်းပါ။
နောက်လှည့်ကွက်တခုကတော့ တဖွဲ့ကို အပစ်အခတ်ရပ်ထားပြီး တခြားအဖွဲ့တွေကို ထိုးစစ်ဆင်တာပါ။၁၉၉၀ ခုနှစ်များက မြောက်ပိုင်း ကချင် ကေအိုင်အေအဖွဲ့ကို အပစ်အခတ်ရပ်ထားပြီး တောင်ပိုင်းက ကရင် ကေအင်ယူကို မဲတိုက်ခဲ့ပါတယ်။ ကေအင်ယူကို အကြမ်း အနုနည်းပေါင်းစုံနဲ့ အစိတ်စိတ် အမွှာမွှာခွဲပြီးနောက် အင်အားချည့်နဲ့သွားတဲ့အခါ ငြိမ်းချမ်းရေးစာချုပ်ချုပ်ထားပါတယ်ဆိုတဲ့ မြောက်ပိုင်းကေအိုင်အေကို ပြန်တိုက်လာပါတော့တယ်။
တချိန်မှာ ဦးတည်ရန်သူတဦးတည်းကိုသာ တိုက်ဖို့ စစ်အုပ်စုကို ဗြိတိသျှနဲ့ အမေရိကန်နယ်ချဲ့သမားက သင်ပေးခဲ့တာပါ။ ၈၉ မတိုင်ခင်က ဗကပဟာ အဓိကရန်သူပါ။ (နောက်တချိန်မှာ ဗကပဟာ အဓိကရန်သူ ပြန်ဖြစ်မလာဘူး မပြောနိုင်ပါ)။ နောက်တော့ ဒီချုပ်က အဓိကရန်သူဖြစ်လာပါတယ်။ မာနယ်ပလောထိုးစစ်နဲ့ တလောကဖြစ်ပွားတဲ့ လေးကေးကော်ထိုးစစ်တွေကို ကြည့်ပါ။ ဒီချုပ်နဲ့ ရင်ကြားစေ့နေချိန်မှာ မြောက်ပိုင်း EAO တွေဟာ အဓိကရန်သူ ဖြစ်လာပြန်တယ်။ ယခုအခါ စစ်မျက်နှာစုံ အရူးမီးဝိုင်းဖြစ်နေတာကို ရုန်းထွက်ဖို့ ငြိမ်းချမ်းရေး ထိုးစစ်နဲ့ ထွက်ပေါက်ရှာတာပါ။ နယ်ချဲ့ပေါင်းစုံကို မှီခိုနေတဲ့ မအလစစ်အုပ်စုအဖို့ အဓိကရန်သူဟာ ပြည်တွင်းပြည်ပအခြေအနေလိုက်လို့ ပြောင်းလဲတတ်တာကိုလဲ သတိပြုဖို့ပါ။
နောက် စစ်အုပ်စုရဲ့အလွန်အောက်တန်းကျတဲ့ လုပ်နည်းတရပ်ရှိပါသေးတယ်။ ငြိမ်းချမ်းရေးဆွေးနွေးဖို့ မြို့ပေါ်ခေါ်တင်လာတဲ့ တိုင်းရင်းသားအဖွဲ့ဝင်တွေကို စစ်ထောက်လှမ်းရေးတွေက နည်းလမ်းပေါင်းစုံသုံးပြီး ဖျက်ဆီးခဲ့တာပါ။ (ဒီအကြောင်းအသေးစိတ်သိချင်ရင် အဲဒီခေတ်စစ်ထောက်လှမ်းရေးဟောင်း ဗိုလ်ထက်မင်းရေးပြီး မိုးမခမီဒီယာမှာ တင်ထားတဲ့ဆောင်းပါးများ။ ၅-၄-၂၀၁၈-ဇာခန်းဆီးနောက်ကွယ်ကဇာတ်လမ်းများကို ဖတ်ကြည့်ပါ။) ဒါ့ကြောင့် အဲဒီတုန်းက ငြိမ်းချမ်းရေးဆွေးနွေးပွဲအဖွဲ့ဝင်တွေအဖြစ်ပါသွားတဲ့ အဆင့်အသီးသီးကသူတွေထဲက တချို့ဟာ နောက်ပိုင်း အေ့တ်စ်ရောဂါတွေနဲ့ ဆုံးပါးကုန်ကြပါတယ်။
ဒီလိုနည်းအမျိုးမျိုးနဲ့ တိုင်းရင်းသားအဖွဲ့အသီးသီးကိုခွဲထုတ်၊ အချင်းချင်းတိုက်၊ အင်အားချည့်နဲ့တော့ စစ်တပ်ကဝင်သိမ်း၊ တိုင်းရင်းသားအဖွဲ့အသစ်တွေပေါ်နဲ့ ပြည်တွင်းစစ်သံသရာကြီးလည်ပြီး၊ စစ်အာဏာရှင်သက်ဆိုးတွေရှည်ခဲ့တာပါ။
၃။ ၂၀၁၁-၂၀၂၁
ဒီကာလမှာ စစ်တပ်ကတိုက်ရိုက်အုပ်ချုပ်တယ်လို့မပြောနိုင်ပေမယ့် အဲဒီကာလတွေအတွင်း အသွင်တမျိုးနဲ့ကျင်းပတဲ့ ၂၁ ရာစု ပင်လုံအစည်းအဝေးတွေမှာ အဲဒီကာလကာချုပ် မအလ ဘာတွေဗလောင်းဗလဲပြောခဲ့တယ်ဆိုတာ အားလုံးမြင်ကြတွေ့ကြရပြီပဲ။ တိုက်ရိုက်လွှင့်နိုင်တဲ့ကာလဖြစ်လို့ မအလအနေနဲ့ ဘယ်လောက် ငြိမ်းချမ်းရေးရသွားမှာ ကြောက်နေလဲဆိုတာ အလွန်ပေါ်လွင်ထင်ရှားခဲ့တာပါ။
၄။၂၀၂၂
အခုလဲလာပြန်ပြီ။ ကိုယ့်ကိုကိုယ် ဝန်ကြီးချုပ်ခန့်ထားတဲ့ မအလက ထာဝရငြိမ်းချမ်းရေးအတွက် ဆွေးနွေးရအောင်ပါတဲ့။
အဲဒီကြေညာချက်ထွက်ပီးနောက် ထွက်ပေါ်လာတဲ့ တိုင်းရင်းသားခေါင်းဆောင်အတော်များများရဲ့ သဘောထားကတော့ တနည်းပြောရရင် နှစ်ပေါင်း (၆၀) ကျော် စစ်အာဏာရှင်စနစ်အောက်မှာနေခဲ့ရတဲ့ ဗမာပြည်သူတွေရဲ့နိဂုံးချုပ်ချက်ကတော့ ...
၁။ ဗမာပြည်သူတွေရဲ့ဒုက္ခအဖုံဖုံဟာ စစ်အာဏာရှင်စနစ်က မြစ်ဖျားခံတာဖြစ်ပြီး ဒီစစ်အာဏာရှင်စနစ်ဟာလည်း ပြည်တွင်းစစ်ကြီးကြောင့် သက်ဆိုးရှည်နေရတယ်။
၂။ စစ်အုပ်စုအဖို့ မိမိတို့အတွက် နေ့စဉ် ရွှေဥ တလုံးတလုံး အမြဲမပြတ် ဥပေးနေတဲ့ ဘဲငန်းကြီးတကောင်ရထားသလိုဖြစ်နေတဲ့ ဒီပြည်တွင်းစစ်ကြီးကို ဘယ်လိုမှရပ်ပေးဖို့ စဉ်းစားမှာမဟုတ်ဘူး။ ဒီပြည်တွင်းစစ်ကြီးကို အ ကြောင်းပြပြီး သူတို့ရယူထားတဲ့ အခွင့်ထူးအားလုံး လက်မလွှတ်ရေးအတွက် ပြည်တွင်းစစ်မရပ်ရေးအတွက် လှည့်ကွက်အမျိုးမျိုး ဆက်သုံးမှာပဲ။ ဒီအထဲမှာ သွေးခွဲနည်းအမျိုးမျိုးလည်း ပါနိုင်ပါတယ်။ (ကျွန်တော်တို့ သူတို့နဲ့ဆွေးနွေးရတာလည်း ဝနေပြီ။ ဘာမှလည်းမထူးပါဘူး ...တဲ့။ တိုင်းရင်းသားခေါင်းဆောင်တယောက်အပြောပါ။)
၃။ ပြည်သူတွေအနေနဲ့ မိမိတို့အနေနဲ့ ဒီစစ်အာဏာရှင်စနစ်ဆိုးကြီးအောက်ကလွတ်မြောက်ချင်ရင် မိမိတို့အချင်းချင်းကြား (ပြည်မ ပြည်နယ် မခွဲ တိုင်းရင်းသားအားလုံး) တတ်နိုင်သမျှ စည်းလုံးညီညွတ်စွာ ပူးပေါင်းကြပြီး တပ်ပေါင်းစုကြီးကို ကျယ်ကျယ်ပြန့်ပြန့် ဖွဲ့စည်းပြီး လက်နက်ကိုင်တိုက်ပွဲအပါ နည်းသဏ္ဌာန်ပေါင်းစုံနဲ့တိုက် ပွဲဝင်ရမယ်။
ဒီသဘောထားတွေကို အခြေခံမူတွေအဖြစ် စွဲကိုင်ပြီး စစ်အာဏာရှင်စနစ်ဖျက်သိမ်းရေးတိုက်ပွဲကိုတညီ တညွတ်တည်း ဆက်တိုက်ကြပါစို့။ (သူတို့ဖက်ကတော့ လှည့်ဖြားစရာလမ်းတွေ စထုတ်လာနေပြီ။ တကယ်တော့ ပုလင်းသစ်ထဲထည့်လာတဲ့ အချိန်လွန်ဆေးဟောင်းကြီးတွေပါ။)
လှကျော်ဇော
၈-၂-၂၀၂၂
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar