မစ်ဒယ်နွေမ - နေပြည်တော်မင်းသားကြီးရဲ့တပည့် ယတြာလှိုင်ရဲ့အုပ်ချုပ်မှုအောက်က မြန်မာပြည် (၃)
(မိုးမခ) မတ် ၁၆၊ ၂၀၂၂
◾️ငုတ်တုတ် မေ့ရခြင်းတွေ
ကျွန်မဟာ နေပြည်တော် မင်းသားကြီးရဲ့ က်ထက်မှာ လူငယ်ဘဝကုန်ဆုံးခဲ့တာဆိုတော့ ဖယောင်းတိုင်၊ ထင်း၊ ထင်းရှူးဆီ၊ မီးသွေးတို့ အသုံးပြုခဲ့တာကို အသေအချာမှတ်မိနေတယ်။ နောက်ပြီးတော့ မနက်ထင်းမီးနဲ့ ထမင်း အိုးတည်လို့ မီးမတောက်ရင် မီးပြောင်းနဲ့မှုတ်ရတဲ့အချိန်ဟာလည်း ကျွန်မအတွက် စိတ်အညစ်ရဆုံးပါပဲ။
အဲ့အချိန်တုန်းက ကျွန်မတို့အိမ်မှာ ရူပမောင်တံဆိပ်နဲ့ ဘတ္ထရီအိုးတစ်လုံး အပိုင်ဝယ်ထားတယ်။ အိမ်မှာမီးထွန်းဖို့။ ညနေကျရင် သွားယူတယ်။ မနက်ကျရင် ပြန်ပို့ပေါ့။ နေ့တိုင်းလိုလိုပဲ။ ညနေ နေအေးပြီဆို ဘတ္ထရီအိုး ကိုယ်စီဆွဲပြီး ကိုယ့်အိမ်ကိုယ်သွားနေကြတဲ့လူတွေဟာလမ်းပေါ်မှာ လူးလာခေါက်တုန့်ပဲ။
ရွာတွေမှာ ညနေ ရေခပ်ဆင်းသလိုမျိုး။ ရေအိုးနဲ့ ဘတ္ထရီအိုးပဲ ကွာတယ်။ အခုလည်း ယတြာလှိုင်လက်ထက်မှာ နေပြည်တော်မင်းသားကြီးရဲ့လက်ထက်လို ဖြစ်နေပြီ။ ပြည်သူတွေခမျာ မနက်မီးမလာရင် မီးမွှေးဖို့ ဖယောင်း တိုင်ကို အသုံးပြုနေရပြီ။ ဖယောင်းတိုင်နေ့တွေ ဖြစ်နေပြီ။ ညဆိုလည်း မီးမလာလို့ ဖယောင်းတိုင်ကို အသုံးပြုနေရပြီ။ ဖယောင်းတိုင်ညတွေ ဖြစ်နေပြီ။ အမှောင်ထဲငုတ်တုတ်မေ့နေကြရပြီ။ ပြည်သူတွေချည်းပဲ ငုတ်တုတ်မေ့နေတာလားဆိုတော့ မဟုတ်သေးဘူး။
ပန်ကာ ငုတ်တုတ်၊ အဲလ်ကွန်း ငုတ်တုတ်၊ ရေခဲသေတ္တာ ငုတ်တုတ်၊ ထမင်းပေါင်းအိုး ငုတ်တုတ်၊ လျှပ်စစ်ဒယ်အိုး ငုတ်တုတ်၊ လျှပ်စစ်မီးပူ ငုတ်တုတ်။ အဲ့လို ငုတ်တုတ်ဖြစ်နေချိန်မှာ ဒန်အိုး၊ ဒယ်အိုး၊ မီးသွေးမီးပူ၊ ယပ်တောင်တို့က ချောင်ထဲကနေရယ်နေကြတယ်။ ကျွန်မမှာ အမှောင်ထဲ ငုတ်တုတ်မေ့နေရင်း ဒေါသတွေထွက်လိုက်တာ ပြောမနေနဲ့။
ဒီကြားထဲ ဘယ်ကနေဖွင့်လိုက်မှန်းမသိတဲ့ သင်္ကြန်သီချင်းတစ်ပုဒ်က ကျွန်မနားထဲ ဝင်လာသေးတယ်။"ဒီမှာ ဟေ့ ဟေ့ နောက်လှည့်ကာလေ မကြည့်နဲ့ ဒီမှာ ဟေ့ ဟေ့ ငုတ်တုတ်မေ့သွာမယ်လေ" ကန်တော့ပါရဲ့ ရှင်။ ကျွန်မပေါက်ကွဲလွန်းလို့ ပါးစပ်က လွှတ်ကနဲထွက်သွားမိတယ်။ "မအေ-ိုး မင်းအောင်လှိုင်" လို့။
◾️လှန်ရခြင်းတွေ
ကျွန်မ လမ်းပေါ်မှာ ဆိုင်ကယ်မောင်းနေရင်း တနေရာအရောက်မှာ နောက်လိုက်ခွေးအုပ်စုတစ်စုနဲ့ သွားတိုးတယ်။ ကျွန်မဆိုင်ကယ်ကို ရပ်ခိုင်းတယ်။ ပြီးတော့ လှန်ခိုင်းတယ်။ ကျွန်မ ဘာမှပြောမနေဘဲ လှန်ပေးလိုက်တယ်။ ဆိုင်ကယ် Box ကို။ ဟိုကြည့် ဒီကြည့် ကြည့်ပြီး "ရပြီ သွားတော့" ပြောလို့ ကျွန်မ ဆိုင်ကယ်ကိုဆက်မောင်းလာခဲ့တယ်။ ကျွန်မအနောက်မှာလည်း အခြားဆိုင်ကယ်ကလူတွေ ကျွန်မလိုပဲ လှန်နေကြရတယ်။
မြို့ထဲရောက်တော့ ကျွန်မ ဝယ်စရာရှိတာဝယ်ပြီး အပြန်ကျတော့ ကျွန် မ ခုနက လှန်ရတဲ့နေရာကိုရှောင်ချင်လို့ အခြားတနေရာကနေ ဆိုင်ကယ်ကို မောင်းလာခဲ့တယ်။ ဒါလည်း သွားတိုးတာပဲ။ နောက်လိုက်ခွေးတွေက လှန်ခိုင်းပြန်ရော။ ကျွန်မလည်း လှန်လိုက်ရတယ်။ လှန်ရတာကလည်း လမ်းပေါ်မှာ ဆိုင်ကယ်မောင်းတဲ့အခါတိုင်း လိုလိုပါပဲ။ ကျွန်မထင်တယ် နောက်လိုက်ခွေးတွေက ပြည်သူတွေကို ကြောက်နေတော့ အကြောက်ပြေအောင် လှန်ခိုင်းတာ။ လှန်ပြီးကြည့်ရမှ နောက်လိုက်ခွေးတွေခမျာ အကြောက်ပြေရရှာတယ်။ ကျွန်မ တွေးမိတယ်။ ယတြာလှိုင် ခွေးသေ ဝက်သေ ခွေးပြေး ဝက်ပြေး ပြေးပြီးလို့ အရေးတော်ပုံအောင်သွားပြီး အရပ်သားအစိုးရတက်လာတဲ့အခါ နောက်မျိုးဆက်တွေက ကျွန်မကို "အန်တီလေး စစ်အာဏာရှင်လက်အောက်မှာ ဘယ်လိုတွေ သွားလာရလဲ" လို့မေးရင် ဖြေရမှာ ခပ်ရှက်ရှက်ပဲ။ "နေ့တိုင်းလှန်ခိုင်းလို့ လှန်ပြရတယ် ကလေးတို့ရေ" လို့ ဖြေရတော့မှာပေါ့။ မတတ်နိုင်ဘူးလေ။ ယတြာလှိုင်ကတော့ လုပ်လိုက်ရင် စောက်ဆန်းကြီးပဲ။
အရိပ်တကြည့်ကြည့် အကြည့်ခံရခြင်းတွေ
ကျွန်မငယ်ငယ်ကဆို ကျွန်မမေမေရဲ့ အရိပ်တကြည့်ကြည့် ကြည့်ခြင်းကို ခံရတယ်။ အသက်ကြီးလာတော့လည်း ကျွန်မမေမေက ကျွန်မကိုကလေးတစ်ယောက်လို အရိပ်တကြည့်ကြည့် ကြည့်မြဲပဲ။ မိဘရဲ့မေတ္တာတရားတွေလို့ ပြောလို့ရတယ်။ ကိုယ့်သားသမီး ထိခိုက်မှာ သူများအနိုင်ကျင့်မှာကို မိဘတွေတိုင်းက သားသမီးတွေကို စိုးရိမ်တတ်စမြဲပဲ။
ကျွန်မချစ်သူရတော့လည်း ကျွန်မမိဘတွေလိုပဲ ကျွန်မချစ်သူက ကျွန်မကို အရိပ် တကြည့်ကြည့်ကြည့်တာပဲ။ ကျွန်မ အလုပ်သွားအလုပ်ပြန်။ ကျွန်မ စျေးသွားစျေးပြန်။ ကျွန်မချစ်သူက အရိပ်တကြည့်ကြည့်နဲ့ လိုက်ပို့ လိုက်ကြိုတယ်။ ကျွန်မကိုယ် ကျွန်မ ကံကောင်းတယ်လို့ မှတ်ယူပါတယ်။
နေပြည်တော်မင်းသားကြီးလက်ထက်ပြီးတော့ အရပ်သားအစိုးရနှစ်ဆက် တက်လာ။ သက်တမ်းပြည့်လို့ ရွေးကောက်ပွဲလည်းလုပ်ပြီးရော မဲလိမ်ပါတယ်ဆိုပြီး ယတြာလှိုင်က အာဏာထသိမ်းရော။ အမှန်တော့ စောက်လုပ် စောက်ကိုင်မရှိဘဲ ချမ်းသာနေကြတဲ့ သူ့သားသမီးတွေရဲ့ စီးပွားရေးတွေ သူနဲ့ ခိုးဖော်ခိုးဖက်တွေရဲ့ စီးပွားရေးတွေ ထိခိုက်မှာစိုးတာကြောင့်လို့ ကျွန်မထင်တယ်။
အဲ့ဒီတော့ မြို့တွေ ရွာတွေမှာ လမ်းတွေ စာသင်ကျောင်းတွေမှာ ဘုန်းကြီးကျောင်းတွေ Toll Gate တွေမှာ ရုံးတွေ ချောင်ကြို ချောင်ကြားတွေမှာ ယတြာလှိုင်ရဲ့ နောက်လိုက်ခွေးတွေဟာ တပ်စွဲထားကြတယ်။ အဲ့ဒီလိုတပ်စွဲထားကြတဲ့ နေရာတွေကနေပြီး ပြည်သူတွေ သွားလာနေကြတာကို မျက်စေ့တဆုံး အရိပ်တကြည့်ကြည့် လိုက်ကြည့်ကြတယ်။ အမှန်တော့ ပြည်သူတွေကို နောက်လိုက်ခွေးတွေက အရိပ်တကြည့်ကြည့်တာဟာ ချစ်လို့မဟုတ်ဘူး။ ပြည်သူတွေကို မယုံတာ။ ပြည်သူတွေရဲ့ လွတ်လပ်စွာ သွားလာခွင့်တွေ လွတ်လပ်စွာ ပြောဆိုခွင့်တွေကို တားဆီး နှောက်ယှက်ပိတ်ပင်ဖို့။ ပြည်သူတွေရဲ့ ဘဝတွေကို လွှမ်းမိုးချုပ်ကိုင်ဖို့ပဲ ဖြစ်တယ်။ စစ်ဖိနပ်အောက် ဒူးမထောက်ဘူးဟေ့။ အရေးတော်ပုံ အောင်ရမည်။
မစ်ဒယ်နွေမ
-
Join Us @ MoeMaKa Telegramt.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar