Breaking News

သီအိုဇော် - ပြည်တန်တဲ့ ’ဂျင်း’နဲ့ ခါးသီးတဲ့ သမိုင်းသင်ခန်းစာများ


သီအိုဇော် - ပြည်တန်တဲ့ ’ဂျင်း’နဲ့ ခါးသီးတဲ့ သမိုင်းသင်ခန်းစာများ

(မိုးမခ) မတ် ၁၆၊ ၂၀၂၂


ပြည်တန်တဲ့ ‘ပတ္တမြား’သာ ကြားဖူးပါတယ်။ ပြည်တန်တဲ့ ‘ဂျင်း’ရှိနိုင်ပါ့မလား။ လာပြီးတော့ ‘ဂျင်း’မထည့်ပါနဲ့လို့ တော့ အပြောမစောစေလိုပါ။ အဲဒီ ‘ဂျင်း’က မိတ်အင်ယူအက်စ်အေ၊ မိတ်အင်ယူကေတို့ ဖြစ်နေလို့ ဒီလောက်တောင် ဈေးကြီးရတာလားလို့ ခပ်ရွဲ့ရွဲ့ ဆိုလာပြန်ရင်လည်း၊ ‘အတော်လေး မှန်နေပါတယ်၊ ရာနှုန်းပြည့်မှန်ချင်ရင်တော့ မိတ်အင်ရုရှားကိုပါ ထည့်ရလိမ့်မယ်’လို့ ပြန်ဖြေလိုက်ရင် ပဟေဠိများဆန်သွားလေမလား။

ဒီလိုဆိုရင်တော့ ဆက်ပြီးဖတ်ကြည့်ကြရပါမယ်။

ပြည်တန်တဲ့ ‘ဂျင်း’၏ နောက်ကြောင်း

၁၉၉၀ ပြည့်နှစ်များတဝိုက်က ကမ္ဘာမှာ နျူးကလီးယားလက်နက် တတိယအများဆုံးနိုင်ငံဟာ ယူကရိန်းနိုင်ငံ ဖြစ်ခဲ့ပါတယ်။ ဆိုဗီယက်ပြည်ထောင်စုကာလက လက်ကျန်အ‌မွေတွေကြောင့်ပါ။ ‘နျူးကလီးယားလက်နက် မပြန့်ပွားရေး’ အစီအစဥ်အရ ဒီလက်နက်တွေကို ယူကရိန်းနိုင်ငံကစွန့်လွှတ်ပေးဖို့ လက်ခံ သဘောတူပေးခဲ့ပါတယ်။

‘ဘူဒါပက်စ်စာချွန်လွှာ’(Budapest Memorandum)ကို ၁၉၉၄ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့က ဟန်ဂေရီနိုင်ငံ၊ ဘူဒါပက်စ်မြို့တော်မှာ လက်မှတ်ရေးထိုးခဲ့တာပါ။ မတိုင်မီကတည်းက နျူးကလီးယားထိပ်ဖူး တပ်ဆင် ပစ်လွှတ်နိုင်တဲ့ မဟာဗျူဟာမြောက်ဒုံးကျည် အများအပြားရှိတဲ့ ယူကရိန်းနဲ့ အမေရိကန်၊ ရုရှား သုံးပွင့်ဆိုင် ညှိနှိုင်းမှုများ ကြိုတင်ပြုလုပ်ခဲ့ကြရပါတယ်။

ဒီလို အင်အားကြီး စစ်လက်နက်တွေကို စွန့်လွှတ်ပေးရတဲ့အတွက် ယူကရိန်းနိုင်ငံရဲ့ လုံခြုံရေးကို အာမခံပေးဖို့ ယူကရိန်းက တောင်းဆိုခဲ့ပြီး စီးပွားရေး၊ ဘဏ္ဍာရေး၊ အထောက်အပံ့များလည်း ရရှိခဲ့ပါတယ်။ အမေရိကန် သမ္မတ ဘေလ်ကလင်တန်(Bill Clinton)၊ ရုရှားသမ္မတ ဘောရစ်ယဲလ်ဆင် (Boris Yeltsin) ဗြိတိန် ဝန်ကြီးချုပ် ဂျွန်မေဂျာ (John Major) နဲ့ ယူကရိန်းသမ္မတ လီယွန်နစ် ကွတ်ချ်မ (Leonid Kuchma)တို့ ပါဝင်လက်မှတ်ရေး ထိုးခဲ့ကြတာ ဖြစ်ပါတယ်။

‘ဘူဒါပက်စ်စာချွန်လွှာ’ရဲ့ အပိုဒ် (၁) မှာ ယူကရိန်းရဲ့ လွတ်လပ်ရေး၊ အချုပ်အခြာ နယ်နိမိတ်ပိုင်နက်ကို လေးစား အသိအမှတ်ပြုဖို့ ပါသလို၊ အပိုဒ် (၂) မှာ ဒီနိုင်ငံကြီး ၃ နိုင်ငံက ယူကရိန်းနိုင်ငံအပေါ် အင်အားသုံး၊ခြိမ်းခြောက်ခြင်းမှ ထိန်းချုပ်မှာဖြစ်ကြောင်း၊ ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ရဖို့ အခြေအနေကလွဲလို့ ယူကရိန်းကို သေနတ်ပြောင်းလှည့်မှာ မဟုတ်ကြောင်း၊ ကုလသမဂ္ဂပဋိညာဥ်ကို တိတိကျကျ လိုက်နာကြမှာဖြစ်ကြောင်း ဆိုပြီးလည်း ထည့်ထားပါတယ်။

အပိုဒ် (၄) မှာကျပြန်တော့ တကယ်လို့များ ယူကရိန်းနိုင်ငံကို နျူးကလီးယားလက်နက်နဲ့ တနိုင်ငံက လာခြိမ်းခြောက်တယ်ဆိုရင်တောင် သူတို့ သုံးနိုင်ငံက လက်ပိုက်ကြည့်မနေဘဲ လုံခြုံရေးကောင်စီအနေနဲ့ အလျင်အမြန် အကူအညီပေးဖို့ ကမကထပြုပေးကြဦးမယ်လို့ ဆိုပြန်ပါသေးတယ်။

အပိုဒ် (၅) မှာလည်း သူတို့တတွေက ယူကရိန်းနိုင်ငံအပေါ် နျူးကလီးယားလက်နက် သုံးစွဲမှာ မဟုတ်ကြောင်း ထပ်မံအာမဘန္တေ ပြုကြပါသေးတယ်။

စိတ်သိပ်မခိုင်တဲ့သူ ဆိုရင်တော့ ဒီရွှန်းရွှန်းဝေအောင် ရေးထားသမျှကို ကြည့်ပြီး ‘ကျေးဇူးတရား ကြီးလှပါတကား’လို့ဆိုကာ မျက်ရည်ဝဲလာနိုင်ပါတယ်။

မျက်ရည်ဝဲရုံမျှသာမက မျက်ရည်ဖြိုင်ဖြိုင်ကျရမယ့် အခန်းကို ရောက်လာပါပြီ။ ဒါကတော့ ‘လုံခြုံရေးအာမခံ စာချွန်လွှာ’လို့ ခေါင်းစဥ်တပ်ထားတဲ့ ဒီသဘောတူညီချက်ဟာ ယေဘုယျအားဖြင့် နိုင်ငံရေးအရ အာမခံခြင်း သာဖြစ်ပြီး ဥပဒေကြောင်းအရ ချည်နှောင်ထားတဲ့ စစ်ရေးအာမခံချက် အပြည့်ရှိတဲ့ စာချုပ်အဆင့် မဟုတ်ခဲ့ လေတော့၊ ရုရှားရဲ့ ၂၀၁၄ခုနှစ်မှာ ချိုးဖောက် ကျူးကျော်လာမှုအပေါ် အာမခံလက်မှတ်ရေးထိုးပေးခဲ့သူ အမေ ရိကန်နဲ့ ဗြိတိန်တို့က ထဲထဲဝင်ဝင် အကာအကွယ်မပေးခဲ့ကြတာကို တွေ့ရပါတယ်။

မျက်နှာလွှဲ ခဲပစ် ထားခဲ့ကြတယ်လို့လည်း ဆိုလို့တော့ မရ၊ ကန့်ကွက်မှု ပိတ်ဆို့မှုများကတော့ ထုံးစံအတိုင်း နိုင် ငံတကာက ဝိုင်းလုပ်ခဲ့ကြပါတယ်။ ဒါပေမဲ့ အခု ၂၀၂၂ ခုနှစ်လို ရုရှား စီးပွားရေးကို ယိုင်လဲပြိုကျသွားစေ လောက်တဲ့ ပိတ်ဆို့ကန့်သတ်မှုတွေ မပြုလုပ်ခဲ့ကြပါဘူး။

ကမ္ဘာ့အင်အားကြီးစစ်တပ်တစ်ခု ဝင်ရောက်ကျူးကျော်လာတဲ့အခါ ယူကရိန်းဘက်က မျှော်လင့်တဲ့၊ လိုအပ်တဲ့ အကူအညီတွေ မပေးခဲ့ပါဘူး။ ဒီနေ့ ဒီအချိန်မှာ မြင်တွေ့နေရတဲ့ စစ်လက်နက်ထောက်ပံ့မှုတွေမျိုး မရရှိခဲ့ပါဘူး။

မြင်သာအောင် ပြောရရင် ထိုစဥ်က ‘အိုဘားမား-ဘိုင်ဒန်’ အစိုးရအဖွဲ့ရဲ့ မူဝါဒဟာ ‘မသေကြေစေနိုင်သော စစ် ဘက်ဆိုင်ရာ အကူအညီများ’(Non-lethal military aid)ပါ။ ကျည်ကာဝတ်စုံလိုဟာမျိုးက အစ ရေဒါစနစ်လို တန်ဖိုးကြီးမားတဲ့ ပစ္စည်းများအထိ ထောက်ပံ့ပါတယ်။ ဒါပေမဲ့ ကျူးကျော်သူ ရုရှားများရဲ့ အသက်ဇီဝိန်ကို ချွေလောက်တဲ့အရာမျိုးကိုတော့ ချန်လှပ်ရစ်ခဲ့ပါတယ်။ လုံလောက်တဲ့ ကူညီထောက်ပံ့မှုများ ပေးခဲ့ပါတယ်လို့ ကာကွယ်ပြောပေးနိုင်သူ ရှိပါဦးမလား။

ဒီအတွက် ‘ဘူဒါပက်စ်စာချွန်လွှာ’ရဲ့ အာမခံလက်မှတ်ရေးထိုးပေးခဲ့သူ တာဝန်မကျေခဲ့ကြဘူးလို့လည်း ယူ ကရိန်းဘက်က ပြောမယ်ဆိုရင်လည်း ပြောနိုင်ပါတယ်။ အခုတခါ ၂၀၂၂ ခုနှစ်ရောက်တော့ ရုရှားက ထပ်မံ ကျူး ကျော်လာပြန်ပါပြီ။ ဒီတစ်ကြိမ် ကျူးကျော်မှုကတော့ တိုင်းပြည်တပြည်လုံး လက်လွှတ်ရမယ့် အနေအထား ဖြစ်နေလို့ “ပြည်တန်တဲ့ဂျင်း”လို့ ဆိုရခြင်း ဖြစ်ပါတယ်။

နိုင်ငံရေး စိတ်စေတနာဆန္ဒနှင့် လက်တွေ့ဘဝ

တစ်ခုတော့ ရှိပါတယ်။ စာရေးသားသူ တစ်ယောက်အနေနဲ့ အခင်းအကျင်းကို ပိုရုပ်လုံးကြွသွားအောင် နည်းနည်းချဲ့ထွင်ပြီး အများမြင်သာတဲ့ ‘ဂျင်း’ထည့်တယ်ဆိုတဲ့စကားလုံး သုံးလိုက်ခြင်းပါ၊

မလိမ့်တပတ်နဲ့ ‘ဂျင်း’ ထည့်ထားတဲ့ သဘောတူညီချက်လို့တော့ ပြောဖို့ခက်ပါတယ်။

ရုရှားဘက်ကတော့ ချိုးဖောက်သူဆိုတာ ငြင်းလို့မရပါ။ ဒါပေမဲ့ အမေရိကန်နဲ့ ဗြိတိန်တို့အနေနဲ့ အကန့်အသတ်မရှိ လက်တုံ့ပြန်ပေးရမယ်လို့ အဓိပ္ပာယ်ဖွင့်ဆိုချက်မပါဝင်တဲ့ သဘောတူညီချက်ပါ။

ဒီနှစ်နိုင်ငံက ဖောက်ဖျက်ခြင်း၊ မလိုက်နာခြင်းတွေ ရှိတယ်လို့ ပြောလို့မရတဲ့ အခြေအနေပါ။

ကုန်ကုန်ပြောရရင် နိုင်ငံရေး စိတ်စေတနာဆန္ဒ (Political Will) ရှိရင်ရှိသလို တုံ့ပြန်နိုင်တယ်လို့ပဲ ဆိုရမှာပါ။

ဘယ်လိုပဲဖြစ်ဖြစ် ကုလသမဂ္ဂပဋိညာဥ် အပိုဒ် (၁၀၂) အရ စာချုပ်မှတ်တမ်းမှာ အမှတ် (၅၂၂၄၁) အနေနဲ့ စာရင်း ဝင်ပြီး အမေရိကန်၊ ဗြိတိန်တို့ကိုယ်တိုင် ကမကထပြုလုပ် လက်မှတ်ရေးထိုးခဲ့ကြတဲ့၊ ယူကရိန်းနိုင်ငံ လုံခြုံရေးနဲ့ ပတ်သက်တဲ့ အာမခံသဘောတူညီချက်ကို ဒီနှစ်နိုင်ငံက အခုထက်ပိုပြီး အရေးတယူ ပြုသင့်ကြပါ တယ်။

ကုလသမဂ္ဂ စာချုပ်မှတ်တမ်းမှာ စာရင်းဝင်ပြီး လုံခြုံရေးကောင်စီ အဖွဲ့ဝင် ၃ နိုင်ငံ ကမကထပြုလုပ်တဲ့ အရေးကိစ္စမှာတောင် ဥပဒေကြောင်းအရ ချည်နှောင်ခြင်း မရှိခဲ့လို့၊ ဖြစ်ပေါ်ခဲ့ရတဲ့ နောက်ဆက်တွဲ ပြဿနာကြီး ငယ်ကို ထောက်ရှုပြီး စာချွန်လွှာ၊ သဘောတူညီချက်၊ ကြေညာချက်၊ ပဋိညာဥ်၊ ဘယ်လို အမည်နာမ၊ သဘောတူစာချုပ်ပုံစံတွေ ကွဲပြားပါစေ ဥပဒေကြောင်းအရ ချည်နှောင်ထားခြင်း၊ ဥပဒေကဲ့သို့ အာမခံပေးထားခြင်း မရှိခဲ့ရင်တော့ ပြည်တွင်း၊ ပြည်ပ မည်သည့်နေရာမှာမဆို ‘တိုင်တည်ကတိကဝတ်’ပြုစရာတွေ ကြုံလာကြတိုင်း အသေးစိတ် ပိုမိုစဥ်းစားလာကြမယ်။

သဘောတူဖို့ ခက်ခဲလာကြမယ်၊ ကြန့်ကြာမှုတွေ ပိုရှိလာပါလိမ့်မယ်။ တကယ်ကတော့ အတိတ်သမိုင်းကို သင်ခန်းစာယူတတ်ခြင်းဟာ ပိုမိုပြည့်စုံကောင်းမွန်တဲ့ အနာဂတ်အတွက် အဓိကကျတဲ့ လိုအပ်ချက်တရပ်ပါ။

အကယ်၍ ၂၀၁၄ ခုနှစ် ကျူးကျော်မှု ကြုံခဲ့ရကတည်းက ဒီတစ်ကြိမ်လို ကြီးမားတဲ့တုံ့ပြန်မှုရှိခဲ့ရင်၊ ‘ဘူဒါပက် စ်စာချွန်လွှာ’ကို အလေးအနက်ထားခဲ့ကြရင်၊ ၂၀၂၂ ခုနှစ်မှာ ထပ်ကျူးကျော်လာနိုင်ဦးမလား။ ဒါဟာ အဖြေရခက်တဲ့မေးခွန်းပါ။ ဘာပဲဖြစ်ဖြစ် ဒီတစ်ခေါက် ပိတ်ဆို့အရေးယူမှုတွေနဲ့ နှိုင်းယှဥ်ရင်၊ ၂၀၁၄ ခုနှစ်တုန်းက အခုလောက် မပြင်းထန်ခဲ့ဘူးလို့ပဲ ပြောရပါလိမ့်မယ်။

အနောက်အုပ်စုနဲ့ ရုရှားက အဲဒီနောက်ပိုင်းမှာ ကုန်သွယ်ဆက်ဆံမှုများစွာ ဆက်ရှိနေဆဲပါ။

လက်ရှိမှာ ရုရှားဆီက ရေနံနဲ့ဓာတ်ငွေ့  အနောက်အုပ်စုနဲ့ မဟာမိတ်နိုင်ငံများက နေ့စဥ် ဝယ်ယူနေတဲ့ ပမာဏ ဟာ တစ်ရက်ကို ဒေါ်လာ ၁ ဘီလီယံ ဝန်းကျင်ဆီကို တဖြည်းဖြည်း ချဥ်းကပ်လာနေတယ်လို့ မှန်းဆကြပါတယ်။ ကမ္ဘာ့ဘဏ်ရဲ့ စာရင်းအရ ရုရှားနိုင်ငံရဲ့  ရွှေအပါအဝင် နိုင်ငံခြားအရန်ငွေပမာဏဟာ ၂၀၁၄ခုနှစ်မှာ ဒေါ် လာ ၃၈၆.၂၁၆ ဘီလီယံသာ ရှိခဲ့ရာမှ ၂၀၂၀ ပြည့်နှစ်ကိုရောက်တော့ ဒေါ်လာ ၅၉၆.၇၇ဘီလီယံ ရှိလာခဲ့တဲ့အတွက် ခရိုင်းမီးယား ကျူးကျော်စစ်ပွဲအပေါ်  ဒဏ်ခတ်ပိတ်ဆို့မှု ထိရောက်မှု ရှိ၊ မရှိ ဆိုတာ ထင်ရှားလှပါတယ်။

တစ်ခုတော့ ရှိပါတယ်။ G8 နိုင်ငံများကနေ ရုရှားကို ထုတ်ပစ်ခဲ့လိုက်လို့ အခုတော့ G7 နိုင်ငံပဲ ကျန်ရှိတော့တာ ကို အောင်မြင်တဲ့ အရေးယူမှုလို့ ဆိုချင်ပါဦးမလား။ ‘ရန်ငါ’ ပြတ်တဲ့ ရုရှားကို ‘ရန်ငါ’ မပြတ်ခဲ့တဲ့ အနောက်အုပ် စုက စွမ်းအင်ကဏ္ဍမှာ မဆင်မခြင် မှီခိုခဲ့ကြပြီးတဲ့နောက် ရုတ်ခြည်းပြောင်းလဲလိုက်ဖို့ ဆိုတာကလည်း အ ခက်အခဲ များစွာရှိနေရတဲ့ အခြေအနေပါ။

၂၀၁၄ ခုနှစ်ကနေ ၂၀၂၂ ခုနှစ်အထိ ယူကရိန်းရဲ့ ကာကွယ်ရေးစွမ်းရည်ကို ထိုက်သင့်သလောက်တော့ မြှင့်တင် ပေးခဲ့ကြပါတယ်။ ဒါပေမဲ့ လိုအပ်သလောက်အထိ ပံ့ပိုးမှုမရှိခဲ့ကြလို့သာ ရုရှားက ထပ်ကျူးကျော်လာခါမှ စစ်လက်နက်ပစ္စည်းတွေ အူယားဖားယား ပို့ပေးနေကြရတာလို့ ပြောရမှာပါ။

ဒီလိုဆိုလိုက်လို့ အခု ယူကရိန်း အရေးမှာ အားကြိုးမာန်တက် လုပ်ဆောင်ပေးနေသူများရဲ့ အခန်းကဏ္ဍကို အသိအမှတ်မပြုလို့ ဆိုလိုချင်တာတော့ မဟုတ်ပါဘူး။ 

တကယ်ကတော့ ‘ဘူဒါပက်စ်စာချွန်လွှာ’ကို အာမခံပေးခဲ့သူများက ဒီသဘောတူညီချက်ကို လေးလေးနက်နက်အရေးတယူ ရှိခဲ့ကြရင် ပထမတစ်ကြိမ်က အချိန်မီ မပြင်ဆင်နိုင်ခဲ့ကြလို့ပဲ ထားလိုက်ပါဦး၊ ၂၀၂၂ ခုနှစ်ကျူးကျော်မှုမတိုင်ခင်မှာ ရုရှားတပ်တွေ ယူကရိန်း မြေမနင်းခင်ကတည်းက ဗျူဟာဆင်ပံ့ပိုးမှုတွေ အပြည့်အဝ ကြိုတင်လုပ်‌ပေးသင့်ခဲ့ကြတာပါ။ ဒါမှသာ ‘လုံခြုံရေးအာမခံစာချွန်လွှာ’ဆိုတဲ့ အမည်နဲ့ လိုက်ဖက်ပါလိမ့်မယ်။

ယူကရိန်းနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး (၂၀၀၈-၂၀၁၂) အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ‘လီးတာနာ’ (Leigh Turner) က သူ့ရဲ့အင်တာဗျူးတစ်ခုမှာ နေတိုးအဖွဲ့က ယူကရိန်းရဲ့အဖွဲ့ဝင် လျှောက်ထားမှုကို ၂၀၀၈ ခုနှစ်မှာ နေတိုးက ငြင်းပယ်တဲ့အခါ၊ ကာကွယ်ရေးစစ်လက်နက်တွေ ပံ့ပိုးပေးဖို့လိုအပ်ကြောင်း သူ အပါအဝင်တိုက်တွန်းသူများ ရှိခဲ့ကြပေမဲ့ အချို့က ရုရှားကိုပိုဆွပေးသလို ဖြစ်မှာစိုးရိမ်ခဲ့ကြပြီး တွန့်ဆုတ်ခဲ့ကြတယ် လို့ပြောခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်၂၀၁၄ ခုနှစ်မှာ ရုရှားက ကျူးကျော်ခဲ့တာပါပဲ။

တကယ်ကတော့ ယူကရိန်းဟာ နေတိုးအဖွဲ့ဝင်နိုင်ငံ မဖြစ်သေးသမျှ သူ့ကိုယ်သူ ကာကွယ်ဖို့ စစ်လက်နက် ပစ္စည်းအင်အား အပြည့်အဝ ထောက်ပံ့ပေးတာ ခံရသင့်ပါတယ်။ ၂၀၀၈ ခုနှစ် ရိုမေးနီးယားနိုင်ငံ ‘ဘူခါရက်’ (Bucharest)မြို့ မှာ ကျင်းပတဲ့ ၂၀၀၈ ခုနှစ် နေတိုးထိပ်သီးအစည်းအ‌ဝေးမှာ အဓိကကန့်ကွက်ခဲ့တဲ့ ဂျာမနီနဲ့ ပြင် သစ်က အခုတော့ ယူကရိန်းကို စစ်လက်နက်ကူညီမှုတွေ လုပ်နေပါတယ်။ ရုရှား အမျက်ထွက်မှာစိုးပြီး နေတိုးထီးရိပ်ခိုလှုံခွင့် မရခဲ့တာက ရုရှားတို့ ကျူးကျော်ဖို့ ပိုလွယ်ကူစေခဲ့ပါတယ်။

ရုရှားတပ်တွေ ဝင်မကျူးကျော်ခင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၉ ရက်နေ့က ကျင်းပတဲ့ ‘မြူးနစ်လုံခြုံရေး ကွန်းဖရင့်’ (Munich Security Conference 2022)မှာ ယူကရိန်းသမ္မတ ဇလဲန်းစကီးက ‘ဘူဒါပက်စ် စာချွန်လွှာ’ရဲ့ မူ ဘောင်များအတိုင်း အာမခံလက်မှတ် ရေးထိုးပေးခဲ့တဲ့ နိုင်ငံများနဲ့ ဆွေးနွေးဖို့ ကြိုးစားပါဦးမယ်။ ဒါပေမဲ့ ဒါဟာနောက်ဆုံးအကြိမ်ဖြစ်ပါလိမ့်မယ်’ လို့ဆိုပြီး ဘူဒါပက်စ် စာချွန်လွှာ’အပေါ်  စိတ်ကုန်တဲ့ စကားမျိုး ပြောခဲ့ပါသေးတယ်။ စိတ်လည်း စိတ်ကုန်သင့်တဲ့ အနေအထားပါ။

ယူကရိန်းနိုင်ငံဘက်ကကြည့်ရင် ‘ဘူဒါပက်စ်လုံခြုံရေးစာချွန်လွှာ’ပါ အချက်အလက်များကို မလိုက်နာကြခြင်း၊ လုံခြုံမှုမပေးနိုင်ကြခြင်းတို့အပေါ်  စိတ်မကျေလည်နိုင်ကြတာကို သမ္မတဇလဲန်းစကီးရဲ့ အခုနောက်ပိုင်း ပြောကြားချက်တွေထဲမှာ သတိထားမိပါတယ်။အနောက်အုပ်စုအနေနဲ့ ယူကရိန်းနိုင်ငံက အဓိက တောင်းဆိုနေတဲ့ အချက်တွေ ဖြည့်ဆည်းပေးရမယ့်အစား ဒီဇယ်ဆီတင်ပို့ပေးရေးလောက်သာ ဦးစားပေးနေကြကြောင်း ဟာသနှောပြီး ‘ဘူဒါပက်စ်စာချွန်လွှာ’ကို မီးရှို့ဖို့သုံးနိုင်တာပေါ့လို့ ဆိုခဲ့ခြင်းပါ။

စစ်ပွဲအရှိန်အဟုန် တစထက်တစ မြင့်လာချိန်မှာ တဖက်မှာ တိုးတက်မှုနှောင့်နှေးတဲ့ စေ့စပ်ဆွေးနွေးပွဲများကို လည်း တွေ့မြင်နေရပါတယ်။ ရုရှားရဲ့ အနိုင်ကျင့်ဗိုလ်ကျမှုကို ဘယ်နည်းနဲ့မှ ခေါင်းငုံ့ခံမှာမဟုတ်ဘူးဆိုတာ ကမ္ဘာကို လက်တွေ့ပြနေတဲ့ သမ္မတဇလဲန်းစကီးနဲ့ ယူကရိန်းပြည်သူတွေဟာ တိုင်းပြည်နဲ့ မျိုးဆက်သစ်များရဲ့ အနာဂတ်အတွက် လက်တွေ့ကျတဲ့ ဆုံးဖြတ်ချက်တစ်ခုကို ဦးနှောက်သက်သက်နဲ့ ချမှတ်ရမယ့် အနေအထား ရင်ဆိုင်နေရတယ်လို့ ပြောရပါလိမ့်မယ်။

ညှိနှိုင်းအပေးအယူလုပ်ကြတဲ့ အထဲမှာ ယူကရိန်းပြည်သူတွေကို လုံခြုံမှုအပြည့်အဝပေးလိုတဲ့ နိုင်ငံရေးစိတ် စေတနာဆန္ဒ နည်းပါးခဲ့တဲ့ နေတိုးမဟာမိတ်တွေဆီ ဦးတည်တဲ့ ခြေလှမ်းများကို တုံ့နှေးလိုက်ခြင်း သို့မဟုတ် ရပ်တန့်လိုက်ခြင်း ဆိုတဲ့အချက်မျိုး တွေ့လာရရင်တော့လည်း အံ့ဩစရာမရှိလို့သာ ဆိုရပါမယ်။

ပြန်စဥ်းစားကြည့်ရင်တော့ ၂၀၀၈ ခုနှစ်က နေတိုးဝင်ရောက်ခွင့်ကို ငြင်းပယ်ခဲ့ပြီး ၂၀၁၄ ခုနှစ် ကျူးကျော်မှုမှာ သေကျေစေနိုင်သော စစ်လက်နက်များ ထောက်ပံ့ပေးမှုကို ငြင်းဆန်ကာ၊ ဒီတစ်ကြိမ်မှာကျတော့ လက်နက် ထောက်ပံ့ပိုးပေမယ့်၊ အဆုံးမတော့ ယူကရိန်းနိုင်ငံသားများရဲ့ အသက်နဲ့သာရင်းလို့ ရင်ဆိုင်ရတဲ့လမ်းကို ရွေးချယ်ပေးခဲ့ပြန်တာကို တွေ့ရမှာပါ။

ကိုယ့်နိုင်ငံကိုယ်သာ ကာကွယ်ကြရတာ အထူးအဆန်းမဟုတ်ပေမယ့် အနောက်အုပ်စုရဲ့ နိုင်ငံရေးစိတ်စေ တနာဆန္ဒကို ပိုလို့ထင်သာမြင်သာ ရှိစေခဲ့ပါတယ်။ ဒါကို ထောက်ပြခဲ့တဲ့ မှတ်သားစရာစကားတွေ ရှိပါတယ်။ သမ္မတဘိုင်ဒန်က တတိယကမ္ဘာစစ်ကို ရှောင်လွှဲနိုင်ဖို့အတွက် အမေရိကန်တပ်ဖွဲ့တွေ ယူကရိန်းအရေးမှာ ဝင်ပါမှာ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။ 

နေတိုးအဖွဲ့ရဲ့ အထွေထွေအတွင်းရေးမှူးချုပ် ‘ယန်းစတော့လ်တဲန်းဘာ့ဂ်’ (Jens Stoltenberg)က နေတိုးအဖွဲ့ဝင်တွေရဲ့ အချုပ်အခြာပိုင်နက်ကို လုံးဝအထိမခံလို့ ပြောထားပြန်ပါတယ်။

အလားတူ အထက်က မှတ်ချက်မျိုးတွေ အနောက်အုပ်စုရဲ့ ခေါင်းဆောင်အသီးသီးက အကြိမ်ကြိမ် ပြောခဲ့ကြ တာပါ။ ဒါတွေကို ပြန်ဆန်းစစ်ကောက်ချက်ချရရင် နေတိုးမဟာမိတ်တွေက တတိယကမ္ဘာစစ်အတွက်လည်း ရင်ဆိုင်ဖို့ အသင့်ရှိပါတယ်။ ရှောင်ထွက်မသွားပါဘူးလို့ ဆိုနိုင်ပါတယ်။ ဒါပေမဲ့ ဒါဟာ ခြွင်းချက်အနေနဲ့ သူ့ရဲ့မဟာမိတ်တွေရဲ့ နယ်နိမိတ်နဲ့ နိုင်ငံသားတွေရဲ့အသက် ထိပါးခြိမ်းခြောက်ခံရတဲ့ အနေအထား ရောက်ခဲ့မှသာဖြစ်တယ်လို့ပဲ နားလည်ကြရတော့မှာပါ။

ယူကရိန်းပိုင်နက်ကျူးကျော်ခံရတာ၊ ယူကရိန်းပြည်သူ ကလေး လူကြီးမရွေး ရုရှားစစ်တပ်ရဲ့ အကြမ်းဖက် သတ်ဖြတ်ခံရမှုအတွက်နဲ့တော့ တတိယကမ္ဘာစစ်အဖြစ် ခံရလောက်တဲ့ နိုင်ငံရေးစိတ်စေတနာဆန္ဒ မရှိသေးဘူးလို့ပဲ မှတ်ချက်ချရတော့မှာပါ။

ဒီအချက်တွေကို ကမ္ဘာ့ဒုတိယစစ်အင်အားအကြီးဆုံး ကျူးကျော်တပ်ဖွဲ့တွေနဲ့ နဖူးတွေ့ ဒူးတွေ့ရင်ဆိုင်နေရတဲ့ ယူကရိန်းပြည်သူတွေနဲ့ သမ္မတဇလဲန်းစကီးရဲ့ အစိုးရအဖွဲ့က နာကျင်စွာခံစားရင်း ပိုလို့သိမြင်လက်ခံလာကြရ တဲ့ အနေအထားပါ။ ခါးသီးတဲ့ပကတိအရှိတရားပါ။ ‘ဘူဒါပက်စ်စာချွန်လွှာ’ကို အလေးအနက်ထား မခံခဲ့ရရုံ သာမက အလိုအပ်ဆုံးအချိန်မှာ သူတို့နဲ့တသားတည်း ရှိမလာတဲ့ နေတိုးကို ကြည့်ရင်း သူတို့ဆုံးဖြတ်ချက်တစ် ခု ချလာနိုင်ပါတယ်။

လက်တွေ့ကျလွန်းတဲ့ “အားကိုးစရာဆိုလို့ ပြည်သူတွေပဲရှိပါတယ်”ဆိုတဲ့ စကားကို ယူကရိန်းဘာသာနဲ့ ပြော ပြီး နေတိုးအဖွဲ့ဝင် ဖြစ်ရေး၊ မဖြစ်ရေးဟာ အဓိကမကျတော့ပါဘူးလို့ သမ္မတဇလဲန်းစကီး ဆိုလာခဲ့ရင် ဘယ်သူ ကများ အံ့အားသင့်ကြဦးမှာပါလဲ။


သီအိုဇော်


ကိုးကားစာရင်း—

Ukraine, Russian Federation, United Kingdom of Great Britain and Northern Ireland and United

States of America Memorandum on security assurances in connection with Ukraine’s accession to

the Treaty on the Non-Proliferation of Nuclear Weapons. Budapest, 5 December 1994.


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar