ညိုထွန်းလူ - နေရေး
(မိုးမခ) မတ် ၉၊ ၂၀၂၂
သည်ကနေ့ လာနေကျပဲပြုတ်သည်ပေါ်မလာ။ ဆွေမျိုးထဲက နာရေးရှိနေ၍ မလာနိုင်ကြောင်းသိရ၏။ ဘယ်လိုနာရေးလဲ။ ဥမ္မာခင်ကြောင့်လား။ သူ့အမျိုး ကိုဘတူးအကြောင်းကိုလည်း ပြောနေကြပြီ။ လောလောဆယ်တော့ ကိုဘတူးရောက်လာဦးမည်မထင်သေး။ မည်သို့ပင်ဖြစ်စေ သည်အကြောင်းကို မစဉ်းစားနိုင်အားသေးပါ။ ကိုယ့်အတွက် ပဲပြုတ်နှင့်ဘရိတ်ဖတ်စ်ကို ပွဲတော်တည်နိုင်ဖို့ပဲ အရေးကြီးသည်ကော။ယင်းသမို့ကြောင့် လက်ဘက်ရည်ဆိုင်မှ ပဲပြုတ်ကို အရေးပေါ်အစားထိုးရလေ၏။
လက်ဘက်ရည်ဆိုင်ကရောင်းသည့်ပဲပြုတ်သည် မြန်မာစားတော်ပဲဖြစ်၏။ အရွယ်အစားသေးပြီး စားရတာအရသာရှိသည်။ အနည်းဆုံးငါးရာဖိုးဝယ်မှရောင်းသည်။ ဝယ်နေကျပဲပြုတ်သည်ဆီကတော့ တရုတ်စားတော်ပဲဟု သိရသည်။ အလုံးကြီးကြီး ခပ်ပွပွ။ မြန်မာစားတော်ပဲ စားရတာလောက် အရသာမရှိ။ သုံးရာဖိုးဝယ်လျှင် အသင့်အတင့်ရသည်။ ထိုသုံးရာဖိုးသည် တစ်ဆယ်သားလောက် ရှိအံ့လော။ အဲသည်လိုလည်းမဟုတ်ပြန်။ ပဲသည်က ချိန်တွယ်၍မရောင်းတော့ တစ်ရာဖိုး နှစ်ရာဖိုး သုံးရာဖိုး စသဖြင့် ဝယ်သူ့အကြိုက် ရောင်းချပေးသည်ဟုအမျိုးသမီးကပြော၏။ တစ်ရာဖိုးဝယ်လျှင် ကလေးလက်သီးတစ်ဆုပ်စာခန့်ရသည်ဟု သိရ၏။ ဟန်ကျလှသည်။ ကိုယ့်နည်းကိုယ့်ဟန်ဖြင့်အဆင်ပြေသလိုရောင်းချပေးပြီး စားသုံးသူသာလျှင် အဓိကဟူသော အဆိုနှင့်လည်း ကိုက်ညီနေသည်ကိုး။
ကျွန်တော်သည် အမျိုးသားရေးစိတ်ဓာတ်တက်ကြွနေ၍ လက်ဘက်ရည်ဆိုင်က မြန်မာစားတော်ပဲပြုတ်ကို အားပေးချင်လှသော်လည်း ဇနီးသည်ကလက်မခံ။ ပဲပြုတ်ချင်းအတူတူ ပဲသည်ဆီကပဲပြုတ်နှင့် ကျပ်နှစ်ရာဈေးကွာနေ၍ တော့်အမျိုးသားရေးကြီးကိုဘေးချိတ်လိုက်စမ်းဘာဟု ပြောလိုက်၏။ သူပြောတာလည်းမှန်၏။ တစ်နေ့နှစ်ရာ တစ်လဆိုလျှင်ငွေခြောက်ထောင်ကျပ် သက်သာသွားသည်ပဲ။ လောင်စာဆီဈေး နှုန်း ကလည်းတက် ကုန်ဈေးနှုန်းတွေကလည်းတက်နေပြီး ရာသီဥတုကလည်းပူပြင်းလာပြီ။ လာမည့်မတ်လ၁၂ရက်မှ ၁၈ရက်နေ့အထိ တစ်နိုင်ငံလုံး ၂၄ နာရီ လျှပ်စစ်မီးဖြတ်မည်ဆိုသည့်သတင်းကြောင့် ပွက်လောရိုက်ကုန်သည်။ မနေ့တုန်းကတော့ အလှည့်ကျမီးပေးမှာပါဆိုသည့်သတင်းကိုလည်းကြားရသည်။ ကျွန်တော်တော့ ဘဝပေးအတွေ့အကြုံအရ အဆိုပါသတင်းနှစ်ခုစလုံးကို တစ်ခုမျှမယုံ။ ကိုယ့်ဖက်က ကြိုတင်ပြင်ဆင်ထားစရာရှိတာ ပြင်ဆင်ထား၏။
ပြီးခဲ့သည့်လကတည်းက လျှပ်စစ်မီးကဖောက်လာလေသမို့ ပါဝါဘိုက်ကလေးကို ကြိုတင်ဝယ်ထားပြီး မီးလာသည့်အချိန်မှာအားသွင်းထားရ၏။ အခြေအနေက လွန်ခဲ့သည့်နှစ်နှစ်ဆယ်ကျော်တုန်းကလို ပြန်ဖြစ်သွားပြီ။ အဲသည်တုန်းက လျှပ်စစ်မီးလာသည့်အချိန်ကလေးမှာ ဘက်ထရီအိုးကို အားသွင်းရသည်။ လက်တစ်ဖက်က ဘက်ထရီအိုးကိုဆွဲပြီး ကျန်လက်တစ်ဖက်က တစ်တောင်ခန့်ရှိသည့် ဖန်ချောင်းကလေးကိုကိုင်၍သကာလ ကိုယ့်အိမ်ထဲမှာ ဟိုဟိုသည်သည်သွားရင်း အမှောင်ခွင်း၍ အလင်းဆောင်နေရပါဘိသည်။ သို့ရာတွင် အိမ်သာသွားလျှင်တော့ တစ်အိမ်လုံးမှောင်ကျသွားမည်စိုး၍ ဘက်ထရီအိုးနှင့်ဖန်ချောင်းကိုယူခွင့်မရ။ ထို့ကြောင့် ဖရောင်းတိုင်ကလေးထွန်းပြီးသွားရ၏။ အိမ်သာထဲမှာ ပူကပူ ခြင်ကလည်းကိုက်သနှင့်။ သို့ဖြင့် ယပ်ခတ်ပြီး အအေးဓာတ်ကိုဆောင်လိုက်သောအခါ ဖရောင်းတိုင်ကငြိမ်းသွား၏။ ထိုအခါမှောင်မည်းမည်းထဲမှာ တစ်ယောက်တည်းရှုပ်ယှက်ခတ်သွားပြီး (ကန်တော့ပါရဲ့) အီးလမ်းကြောင်းလည်းမဖြောင့်တော့။အိမ်သာထဲမှ ချွေးတရွှဲရွှဲဖြင့်ထွက်လာပြီး နင့်မေလွှားမှပဲဟု မြည်တမ်းမိလေတော့သည်။
ယခုလည်း အဲသည်လိုမျိုးကြုံရလျှင်ခက်ရချည့်။ တစ်ခုတော့ရှိသည်။ တစ်ခါတုန်းက ကျွန်တော်တို့သည် ဘက်ထရီအိုးနှင့်ဖန်ချောင်းမီးသီးကိုအသုံးပြုရသော်လည်း ယခုတော့ ပါဝါဘိုက်နှင့် LED မီးလုံးကလေးကိုဆောင်ထားကြ၍ သယ်ရတာလည်းလွယ်ကူ မီးရောင်ကလည်းပို၍လင်းသည်။ ဒါက နှစ်နှစ်ဆယ်ကျော်ကြာပြီးတိုးတက်လာသည့်သဘောကိုဖော်ပြနေသမို့ အတော်နိပ်သည်။
ကျွန်တော်သည် လျှပ်စစ်မီးမလာလျှင် ပါဝါဘိုက်ကိုဖွင့်လိုက်သည်။ အိုက်လျှင် အမေကအမွေပေးထားသည့် အရိုးရှည်ယပ်တောင်ကလေးကိုအဆက်မပြတ်ခတ်၍ အေးမြခြင်းကိုဆောင်သည်။ ခြင်တွေလည်းပြေး အေးလည်းအေး။ ဘာဂရုစိုက်ရမည်နည်း။ သို့ရာတွင် ရေအတွက်တော့စိတ်ပူမိသည်။ စည်ပင်ကရေပေးချိန်နှင့် လျှပ်စစ်မီးလာသည့်အချိန် သည်နှစ်ခု တိုက်ဆိုင်ဖို့လိုသည်။ မီးလာသည့်အချိန် ရေမလာလျှင်ရေချူရတာကလည်း တဒုက္ခ။ ထို့ကြောင့် နေရေးသည် တယ်လည်းခွကျလှပါကလားဟု ညည်းမိလိုက်သည်။
လူ့ဘဝကို အရွယ်သုံးပါးဖြင့်ပိုင်းခြားထား၏။ ပထမအရွယ်မှာပညာရှာ ဒုတိယအရွယ်မှာဥစ္စာရှာ တတိယအရွယ်မှာတရားဘာဝနာရှာဟုဆိုသည်။ ကျွန်တော်သည်လည်း ကိုယ့်ဘဝကို ပြန်လည်စဉ်းစားကြည့်မိသည်။ ကိုးနှစ်သားအရွယ်မှာ တော်လှန်ရေးကောင်စီ၏ အာဏာသိမ်းခြင်းနှင့်ကြုံရသည်။ မဆလခေတ်တလျှောက် လုံး အူလည်လည်နေရင်းဖြင့် လူလားမြောက်ခဲ့သည်။ ထို့နောက် အိမ်ထောင်ကျ သား သမီးတွေရသည့် ဒုတိယအရွယ်မှာ ရှစ်ဆယ့်ရှစ်အာဏာသိမ်းတာနှင့် ကြုံရပြန်သည်။ ယခုတတိယအရွယ်ထဲသို့ရောက်စပြုသည့်အချိန်မှာယခင်အတိုင်းကြုံရပြန်ချေပြီ။
အရွယ်သုံးပါးနှင့် ခေတ်သုံးခေတ်သည်ကျွန်တော်တို့မျိုးဆက်အတွက် ဘယ်ဟာမှမကောင်း။ သည်ကြားထဲ နောက်မျိုးဆက် ကျေးဇူးရှင်ကလေးတွေက Gen Lee တွေဟုပြောတာလည်း အသားလွတ်ခံရ၏။ သည်တော့ ရှေးဖြစ်ဟောင်းကိုပြောရင်းဖြင့် ကိုယ့်တပည့်တွေကို ခံရတာချင်းအတူတူ ငါတို့မျိုးဆက်က အချီကြီးခံခဲ့ရတာကွ ဘာမှတ်နေလဲဟု ပေါက်ကွဲမိတော့သည်။
မနေ့က ဖေ့စ်ဘွတ်မှာ ၂၀၁၆ ခုနှစ် ရေမျက်နီကျေးရွာမှကလေးတွေ ဆယ်တန်းဖြေဖို့ ထီးလင်းကို ကုန်တင်ကားကြီးဖြင့်သွားကြသည့်သတင်းကိုပြန်တွေ့လိုက်ရသည်။ ယခုအချိန်ဆိုလျှင် သည်ကလေးတွေအရွယ်ရောက်ကြပြီ။ သူတို့ဘဝခရီးက ဘယ်လိုများရှိမည်လဲ။ တွေးရင်းဖြင့်သွားခဲ့သည့် စာပေဟောပြောပွဲတွေကို ပြန်လည်သတိရလိုက်မိသည်။
စစ်ကိုင်းတိုင်းကတော့ ကျွန်တော်မရောက်သည့်နေရာက ခပ်ရှားရှား။ မကွေးတိုင်းအနောက်ခြမ်းဘက်ကိုလည်း တော်တော်များများရောက်ဖြစ်သည်။ ဆော ယောတစ်ခွင်နှင့် ကန်ပက်လက်။ ကယားပြည်နယ်က လွိုင်ကော်ကိုလည်း တစ်ခေါက်ရောက်ဖူးသည်။ လွိုင်ကော်ကိုကျွန်တော်သဘောကျသည်။ ပြည်နယ်မြို့တော်ကြီးဖြစ်သော်လည်း တိတ်ဆိတ်အေးချမ်းသည်။ ကိုယ့်ဝန်း ကိုယ့်ခြံကလေးတွေနှင့်အေးအေးဆေး ဆေး။ စစ်ကိုင်း တိုင်း ဟုမ္မလင်းကလည်း ထိုနည်းတူစွာ။ တကယ်တော့ နယ်ကမြို့တွေ ရွာတွေမှာ နေရေးအတွက် စိတ်ပူစရာမရှိ အေးဆေးလွတ်လပ်ပေါ့ပါးစွာနေနိုင်ကြသည်။ ကျွန်တော်က စာပေဟောပြောပွဲထွက်တိုင်း ရောက်ခဲ့သည့်ရွာတွေကို ဆိုင်ကယ်ဖြင့်လျှောက်ကြည့်သည်။ စာပေဟောပြောပွဲကို တာဝန်ယူကျင်းပသည့် လူငယ်တွေနှင့် စကားပြောသည်။ သူတို့နှလုံးသားထဲမှာ ရပ်ရွာချစ်စိတ်မှ နိုင်ငံကိုချစ်မြတ်နိုးစိတ်တွေနှင့်အတူ တိုးတက်ကြီးပွားအောင် စိတ်အားထက်သန်နေကြသည်ကို မြင်တွေ့လိုက်ရ၍ ကြည်နူးရသလို အားတက်မိခဲ့သည်။ နိုင်ငံ၏အနာဂတ်ကောင်းကျိုးကို သူတို့လူငယ်မျိုးဆက်တွေကပဲ ဖန်တီးကြပါလိမ့်မည်။ သို့ဖြင့် စာပေဟောပြောပွဲတစ်ခေါက်ထွက်ပြီးတိုင်း ကျွန်တော့်ရင်ထဲမှာ ယုံကြည်မျှော်လင့် ချက်တွေ အင်အားကောင်းလာခဲ့သည်။ ယခုတော့ ကျွန်တော် စာပေဟောပြောပွဲရောက်ခဲ့သည့်နေရာတိုင်းမှာ စစ်မီးတွေတောက်လောင်နေ၍ စိတ်ဆင်းရဲရလေပြီ။
ကယားပြည်နယ်မှာ ကရင်ပြည်နယ်မှာ ကချင်ပြည်နယ်မှာ မကွေးတိုင်းမှာ စစ်ကိုင်းတိုင်းမှာ။ အသက်အန္တရာယ်ဘေးအတွက် ပြေးလွှားနေကြသည့် စစ်ပြေးဒုက္ခသည်တွေ။ တစ်ရွာလုံးမီးလောင်၍ ရွာကိုပြန်လည်း နေစရာမရှိတော့။ မြို့မှာနေကြသူတွေခမျာလည်း တစ်ဒုက္ခ။ ကျူးစာရင်းနှင့်ငြိလျှင် အဖျက်ခံရသည်။ နေရေးသည် ဘာမျှမသေချာတော့။ ရန်ကုန်နှင့် မန္တလေးမှာ လူဦးရေများပြားလွန်း၍ ကျောတစ်နေရာရဖို့မလွယ်ကူ။ နယ်အရပ်ဒေသတွေမှာတော့ အေးဆေးပါဟု တစ်ခါတုန်းက ကျွန်တော်တွေးခဲ့ဖူးသည်။ ကျွန်တော့်ထင်မြင်ချက်တွေ မှားသွားပြီ။ နယ်မှာနေသူပဲဖြစ်ဖြစ် မြို့မှာနေသူပဲဖြစ်ဖြစ် နေရေးသည် စိတ်မအေးရတာတွေချည်း ကြုံနေရသည်။ မြို့မှာနေရပြန်တော့လည်း လျှပ်စစ်မီးအတွက် စည်ပင်ရေပေးရေးက ရေရဖို့အတွက်စိတ်ပူနေကြရ။ ရန်ကုန်တိုက်ခန်းတွေမှာနေကြသူတွေ ဘယ်လိုများနေကြရှာမှာပါလိမ့်။ သည်ကြားထဲ နေ့ခင်းကြောင်တောင်မှာပဲ အနုကြမ်းစီးသည့်သတင်းတွေကိုကြားနေရ၍ ညအမှောင်မှာ စိတ်မလုံခြုံတော့။
လူ့ဘဝရှင်သန်မှုတွင် စားဝတ်နေရေးပြည့်စုံဖို့အတွက် လူတိုင်းတောင့်တမျှော်လင့်ကြလေ့ရှိသည်။ တကယ်တော့ သည်အရေးသုံးပါးထဲမှာ မြို့မှာပဲဖြစ်စေ တောမှာပဲဖြစ်စေ နေရေးသည် အရေးကြီးဆုံးဖြစ်နေသည်ကို သတိပြုမိလိုက်သည်။ အကြောင်းအမျိုးမျိုးကြောင့် အိုးပျက်အိမ်ပျက် ဘဝတွေပျက်သွားကြရရှာသူတွေအကြောင်း တွေးမိလိုက်တိုင်း ရင်ထဲမှာမွန်းကြပ်သွားခဲ့ရသည်။ သူတို့နှင့်နှိုင်းယှဉ်လိုက်လျှင် ကိုယ်ကြုံတွေ့နေရသည့်ဒုက္ခတွေက ဘာမျှမဟုတ်တော့။ အနိစ္စ ဒုက္ခ အနတ္တဆိုသည့်အတိုင်း နာခြင်းအိုခြင်းတို့နှင့်အတူ လူတိုင်းအချိန်တန်လျှင် သေကြရမည်သာ။ သို့ရာတွင် သည်နှယ်သိပင်သိငြား သေရေးကိုမတွေးနိုင်အား လက်ငင်းကြုံတွေ့ရသည့် နေရေးအတွက်ကိုပဲ ခေါင်းထဲထည့်ထားရသည်။ ကျွန်တော်တို့နိုင်ငံတွင် မြေပေါ်မြေအောက် သယံဇာတတွေလည်း ပေါကြွယ်ဝ၏။ လယ်ယာသီးနှံတွေလည်း ဖွံ့ဖြိုး၏။ရေချိုသောက်ရန် မြစ်ချောင်းကန်တွေလည်း များမှများ။ တောတွေတောင်တွေနှင့် လယ်ယာမြေတွေနှင့်။ စားစရာဆိုလျှင်လည်းသစ်သီးဝလံတွေနှင့် သားငါးတွေကလည်း အလျံပယ်။ စာအုပ်ထဲမှာ သို့ကလိုရေးထား၍ ဟုတ်လှချီလားဟု ထင်မှတ်စရာဖြစ်သော်လည်း လူတိုင်း၏မသိစိတ်ထဲမှာ နေရေးအတွက်ပူပန်နေကြသည်ကို သတိမပြုမိကြ။ တဖန် နေရေးပြီးတော့ စားရေးအတွက်လည်း ကြောင့်ကျရပြန်သည်။သည်လိုနှင့် ကျွန်တော်တို့သည် အနာဂတ်ကိုမျှော်မှန်းနေကြသော်လည်း လတ်တလောကြုံတွေ့နေရသည့် အခက်အခဲနှင့် ဒုက္ခတွေကို ကြံ့ကြံ့ခံနိုင်အောင် ကြိုးစား၍ဖြတ်သန်းနေကြရသည်။
မည်သို့ပင်ဖြစ်စေ မြန်မာ့နှစ်ကူးသင်္ကြန်ပြီးသည်နှင့် သည်အရေးကိစ္စတွေအတွက် စိတ်မောရသမျှတွေအားလုံး ပြေပျောက်သွားလောက်ကောင်းပါရဲ့ဟု မျှော်လင့်နေမိပြန်သည်။ နေရသခိုက် လူ့ဘဝမှာ စိတ်ဖြောင့်လက်ဖြောင့်လေးနေရဖို့အတွက် နေရေးသည် ကျွန်တော့်ခေါင်းထဲမှာ တဝဲလည်လည်။ ခက်လိုက်ပါဘိ။
ညိုထွန်းလူ
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar