ငြိမ်း(ပဲခူး) - နွေ
နွေ
ငြိမ်း(ပဲခူး)
(မိုးမခ) မတ် ၁၈၊ ၂၀၂၂
နွေရောက်ပြီ။ မြေသားလမ်းကလေးတွေပေါ်မှာ နွေလေပြေညင်းကလေးတွေ ဟိုဟိုဒီဒီပြေးလွှားဆော့ကစားလို့နေတယ်။ အဲ့ဒီအခါ မြေသားလမ်းကလေးပေါ်က အမှိုက်တွေဟာ လေထဲဝဲပျံလို့သွားတယ်။ ဖုန်မှုန့်တွေ ကျွန်တော့်မျက်လုံးထဲဝင်ရောက်လာတာကြောင့် မျက်စိကိုမှိတ်ပြီး အင်္ကျီနဲ့ပွတ်နေရတယ်။ ကျွန်တော့်မျက်နှာမှာ ဖုန်မှုန့်တွေပေနေပြီ။ ကျွန်တော့်အင်္ကျီပေါ်မှာ ဖုန်မှုန့်တွေတွယ်ကပ်နေပြီ။ ကျွန်တော့်ခေါင်းပေါ်က ဆံပင်တွေမှာ ဖုန်မှုန့်တွေတင်ကုန်ပြီ။
နွေရောက်ပြီ။ နွေနေ့လည်ခင်းအချိန်ဆို မြေသားလမ်းကလေးတွေပေါ်မှာ နေဟာ ကျဲကျဲတောက်ပူနေပြီ။ အဲ့ဒီအချိန်နွေလေပြေညင်းကလေးတွေ ဘယ်ဆီဘယ်ဝယ် ရောက်နေကြလဲမသိ။ မြေသားလမ်းကလေးဟာ နေအပူရှိန်ကြောင့် မာကြောနေပြီ။ ကျွန်တော်ဟာ နေပူထဲလျှောက်သွားပြီးတော့ ဆော့ကစားတယ်။ ချွေးတွေတရွဲရွဲနဲ့။ ကျွန်တော့်နားထင်ကနေ ချွေးတွေစီးကျလာပြီ။ ကျွန်တော့်ကျောကုန်းမှာလည်း ချွေးတွေနဲ့။ ချွေးတွေကြောင့် အင်္ကျီဟာ ရေစိုသလိုတောင်ဖြစ်နေပြီ။ ချွေးတွေနဲ့ဖုန်မှုန့်တွေနဲ့ရောပြီး ကျွန်တော့်ကိုယ်ခန္ဓာအနှံ့ တွယ်ကပ်လို့နေပြီ။ ကျွန်တော်ဟာ ဆော့ကစားလို့ဝတော့ အိမ်ကိုပြန်တယ်။ အမေဟာ ချွေးသံတရွဲရွဲနဲ့ ပေရေညစ်ပတ်နေတဲ့ကျွန်တော့်ကိုကြည့်ပြီး နေဆော်ကလည်း နံဆော်နေတာပဲလို့ပြောပြီးရိုက်ပါလေရော။ ပြီးတဲ့အခါ နွေရောက်ပြီဆိုတာနဲ့ နေဆော်နံတယ်ဆိုတဲ့စကားလုံးတွေဟာ မိဘတွေရဲ့ပါးစပ်ထဲကို သူ့အလိုလို ဝင်ရောက်လို့သွားတယ်။
နွေရောက်ပြီ။ မြေသားလမ်းကလေးတွေရဲ့ တချို့နေရာတွေမှာ ဖုန်မှုန့်တွေ အများအပြားရှိလို့နေတယ်။ ကျွန်တော်ဟာ သူငယ်ချင်းတွေနဲ့အတူ ဖုန်မှုန့်တွေနဲ့ ဂူတွေဆောက်ကြတယ်။ ထိုင်လျက်နဲ့ ခြေထောက်တဖက်ကို ကွေးကာထောင်လိုက်ပြီး ခြေဖမိုးပေါ်ကို ဖုန်မှုန့်တွေတင်လိုက်တယ်။ ပြီးတော့ ဖုန်မှုန့်တွေကိုကျစ်ကျစ်လစ်လစ်ဖြစ်သွားအောင် လက်ဝါးနဲ့သိပ်လိုက်တယ်။ ပြီးတဲ့အခါ ခြေထောက်ကို ထုတ်လိုက်တယ်။ ဂူပုံသဏ္ဍာန်ဖြစ်သွားပြီ။ ဂူအတွင်းပိုင်းကို တုတ်ချောင်းလေးတွေနဲ့ အလှဆင်တယ်။ ဂူလေးက လှသွားပြီ။ အဲ့ဒီအချိန်မှာပဲ အခြားသူငယ်ချင်းတယောက်က ဂူကိုခြေထောက်နဲ့ကန်ပြီး ဖျက် ဆီးလိုက်တယ်။ အဲ့ဒီသူငယ်ချင်းကို ကျွန်တော်တို့ ဝိုင်းဗျင်းကြတယ်။ ဖုန်မှုန့်တောထဲမှာ နပန်းတွေလုံးကြရင်း ရယ်ကြမောကြနဲ့ ပျော်ရွှင်စရာလည်း ကောင်းလှပါတယ်။
နွေရောက်ပြီ။ ကန်ထဲမှာ ရေတွေခမ်းသွားပြီ။ ကန်မျက်နှာပြင်ဟာ အက်ကြောင်းတွေနဲ့ဖြစ်ကုန်ပြီ။ ပြီးတော့ အလေ့ကျအပင်တွေလည်း ပေါက်နေကြတယ်။ ညနေ နေအေးပြီဆို ကျွန်တော်တို့ရေခမ်းနေတဲ့ကန်ထဲဆင်းပြီး အပင်တွေကြားထဲမှာ သိုင်းချတိုင်းကစားကြတယ်။ လိုက်တိုင်းပြေးတိုင်းကစားကြတယ်။ တူတူပုန်းတိုင်း ကစားကြတယ်။ သေနတ်ပစ်တိုင်းကစားကြတယ်။ မောလားမေးရင် တယောက်မှ မောတယ်လို့မပြောကြဘူး။ ဒါပေမယ့် ပါးစပ်တွေကတော့ တဟောဟောတဟဲဟဲနဲ့ အသံတွေထွက်နေပြီ။
နွေရောက်ပြီ။ သစ်ရွက်တွေဟာ သူတို့မိခင်အပင်အောက်မှာကြွေကျပြီး ပြန့်ကျဲလို့နေတယ်။ သစ်ရွက်ကြွေတွေပေါ်မှာ ကျွန်တော်ထိုင်ချလိုက်တယ်။ ဘာရယ်မဟုတ်ဘူး။ ထိုင်လို့ကောင်းလို့ထိုင်ချလိုက်တာ။ သစ်ရွက်ကြွေတွေဆီကမြည်သံတွေထွက်လာတယ်။ အချို့သစ်ရွက်တွေ ထက်ပိုင်းကျိုးသွားတယ်။ အချို့သစ်ရွက်တွေ အပိုင်းအစသေးသေးလေးတွေ ဖြစ်သွားတယ်။ ကျွန်တော်ဟာ ထိုင်ပြီး ဟိုငေးဒီငေး ငေးနေလိုက်တယ်။ ပြီးတော့ သစ်ရွက်ကြွေတရွက်ကိုကောက်ကိုင်လိုက်ပြီး လက်နဲ့လုံးချေလိုက်ပြီး လွှင့်ပစ်လိုက်တယ်။ သစ်ရွက်ကြွေဟာ အမှုန့်တွေအဖြစ်နဲ့ လေထဲမှာ ပျောက်ကွယ်လို့သွားတယ်။
နွေရောက်ပြီ။ မြေသားလမ်းကလေးပေါ်က ဖုန်မှုန့်တွေထဲမှာ ပိုးကောင်သေးသေးလေးတွေရှိတယ်။ ပိုးကောင်သေးသေးလေးတွေရှိတဲ့နေရာဆို ဖုန်မှုန့်တွေဟာ ကြွင်းပုံစံသေးသေးလေးတွေ ဖြစ်လို့နေတယ်။ အဲ့ဒါဆိုရင် ပိုးကောင်သေး သေးလေးတွေရှိတာသေချာပြီ။ ကျွန်တော်ဟာ ဖုန်မှုန့်တောထဲမှာ ထိုင်ပြီး လေးဘက်ထောက်ကာကုန်းလိုက်ပြီး ကြွင်းသေးသေးလေးကိုမှုတ်တော့တာပဲ။ တဖြည်းဖြည်းနဲ့ ပိုးကောင်သေးသေးလေးဟာ တလှုပ်လှုပ်နဲ့ပေါ်လာတယ်။ ဖုန်မှုန့်တွေရဲ့ မျက်နှာပြင်ပေါ်မှာပေါ်လာတဲ့ ပိုးကောင်သေးသေးလေးဟာ ဖုန်မှုန့်တွေထဲ ပြန်လည်တိုးဝင်လို့နေတယ်။ ပိုးကောင်သေးသေးလေး နောက်ကျသွားပြီ။ ကျွန်တော်ဖမ်းလိုက်လို့ပေါ့။ ကျွန်တော်ဟာ ဖုန်မှုန့်တောထဲက ပိုးကောင်သေးသေးလေးတွေကို ဖမ်းလိုက်။ တဖြည်းဖြည်းများလာရင် ပြန်လွှတ် ပေးလိုက်။ ပြန်ဖမ်းလိုက်နဲ့ ပိုးကောင်သေးသေးလေးတွေကို ဆော့ကစားတယ်။ ပြီးတော့ကျွန်တော့် နှုတ်ခမ်းတဝိုက်မှာလည်း ဖုန်မှုန့်တွေပေကျံလို့ နေပါသေးတယ်။
နွေရောက်ပြီ။ သစ်ပင်ပေါ်မှာထိုင်နားနေတဲ့ငှက်ကလေးတွေရဲ့ တွန်ကျူးသံကို ကြားရပြီ။ နားထောင်ရသူ ကျွန်တော့်မှာလွမ်းရပြီ။ အသက်ငယ်ရွယ်သေးတဲ့ကျွန်တော်လွမ်းတတ်နေပါလားလို့ ကျွန်တော့်ကိုယ်ကျွန်တော်လည်း အံ့သြမိတယ်။ ငှက်ကလေးတွေရဲ့တွန်ကျူးသံကြောင့် အလွမ်းဟာ အသက်အရွယ်မရွေး၊ ယောကျ်ား၊ မိန်းမမရွေးပဲ လူသားအားလုံးရဲ့ ရင်ဘတ်ထဲကိုဝင်ရောက်လို့ သွားတယ်။ အကြည့်တွေမှုန်ရီဝေဝါးလို့သွားတယ်။ မျက်နှာလေးတွေ ညှိုးရော်လို့သွားတယ်။ အတိတ်နွေရက်တွေထဲက ဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်လေးတွေ ပြန်လည်နိုးထလာလို့ဖြစ်မယ်။
နွေရောက်ပြီ။ ကျွန်တော်တို့ဟာ ကန်ဘေးနားမှာပေါက်နေတဲ့ညောင်ပင်ကြီးတပင်ပေါ်ရောက်နေပြီ။ အပေါ်စီးကနေကြည့်ရတဲ့မြင်ကွင်းဟာ ရင်တလျှပ် လျှပ်နဲ့အရသာသိပ်ရှိတယ်။ ကြည့်နေရင်းနဲ့ ညောင်ပင်နားကနေ သူငယ်ချင်းတယောက်ဖြတ်လျှောက်သွားတာကိုတွေ့တဲ့အခါ လှမ်းခေါ်လိုက်ပြီး အသာငြိမ်နေလိုက်တယ်။ အခေါ်ခံရတဲ့သူငယ်ချင်းဟာ တောကြည့်တောင်ကြည့်နဲ့ လိုက်ရှာလို့နေတယ်။ ကျွန်တော်တို့ကြိတ်ပြီး ရယ်နေကြတယ်။ ကျွန်တော်တို့ကိုမတွေတော့ သူငယ်ချင်းဆက်လျှောက်သွားတယ်။ နောက်တခါပြန်ခေါ်လိုက်တယ်။ သူငယ်ချင်းဟာ ကျွန်တော်တို့ကိုတွေ့သွားတယ်။ ညောင်ပင်ပေါ်ကို သူပါတက်လာတယ်။ နောက်ထပ်ညောင်ပင်နားကနေဖြတ်လျှောက်သွားတဲ့ သူငယ်ချင်းတွေကို အရင်ဆုံးညောင်ပင်ပေါ်ကိုတက်လာတဲ့သူငယ်ချင်းကို စနောက်သလိုပဲ စနောက်ရင်းနဲ့ ညောင်ပင်ပေါ်မှာ ကျွန်တော်တို့တွေ များများလာတယ်။ ညောင်ပင်ပေါ်မှာ ကျွန်တော်တို့ ဆော့ကစားကြတယ်။ ညောင်ရွက်တွေနဲ့ ပီပီတွေမှုတ်ကြတယ်။ ညနေ နေအေးမှ ကျွန်တော်တို့ညောင်ပင်ပေါ်ကဆင်းပြီး အိမ်ပြန်ကြတယ်။
နွေရောက်ပြီ။ အခုကျွန်တော်ဘာလုပ်နေလဲ။ ကျွန်တော်ဟာ ၂၀၀၀ ခုနှစ်ကျော်တဝိုက်က ကျွန်တော်ဖြတ်သန်းခဲ့တဲ့နွေရက်တွေကို လွမ်းလို့နေတယ်။ နွေရောက်ပြီကွယ်။ ကျွန်တော့်ရင်ဘတ်ထဲမှာ အလွမ်းတွေ တဖန်ပြန်လည်နိုးထလို့လာပါပြီ။
ငြိမ်း(ပဲခူး)
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar