Breaking News

သီအိုဇော် - နေတိုးအုပ်စုသို့ ဝင်ရောက်ရန်စဉ်းစားခဲ့သော မထင်မှတ်သည့်နိုင်ငံနှင့် နေတိုး-ရုရှားအကြားက သမိုင်းဖြစ်ရပ်မှန်တခု


သီအိုဇော် - နေတိုးအုပ်စုသို့ ဝင်ရောက်ရန်စဉ်းစားခဲ့သော မထင်မှတ်သည့်နိုင်ငံနှင့် နေတိုး-ရုရှားအကြားက သမိုင်းဖြစ်ရပ်မှန်တခု 
(မိုးမခ) ဧပြီ ၄၊ ၂၀၂၂

အရှေ့အုပ်စုနဲ့ အနောက်အုပ်စု အကြားပဲဖြစ်ဖြစ်၊ မတူညီတဲ့ အယူဝါဒနှစ်ခု ကြားမှာပဲဆိုဆို၊ ထိပ်တိုက်ရင်ဆိုင် တွေ့ရတတ်တဲ့ အားပြိုင်မှုတွေ ရှိစမြဲမို့၊ ရန်စွယ်ရန်ပွားလေးတွေက မသိမသာ ရှိနေတတ်ကြတာက ဓမ္မတာပါပဲ။ ကွဲပြားတဲ့အုပ်စုများ ဖြစ်နေခြင်းကြောင့် တဖက်နဲ့တဖက် အစဥ်မပြတ်စောင့်ကြည့်ရင်း၊ နယ်ပယ်အသီးသီးမှာ ပြိုင်ဆိုင်မှုတွေ ဖြစ်လာကြပါတယ်။ ကိုယ်ကအသာစီးရဖို့ အပြိုင်ကြိုးစားကြရာကနေ ပြိုင်ဘက်တွေ အကြား ပွတ်တိုက်မှုတွေ ပိုများလာပြီး ကမ္ဘာ့ငြိမ်းချမ်းရေးကို ခြိမ်းခြောက်တဲ့အထိလည်း ဖြစ်သွားတတ် ကြပါတယ်။ 

ရုရှားရဲ့ ယူကရိန်းကျူးကျော်မှုနောက်ပိုင်းမှာ တတိယကမ္ဘာစစ်ဆိုတဲ့ စကားလုံးကို အရင်ထက်ပိုပြီး ခပ်စိပ်စိပ် ပိုတွေ့လာကြရပါတယ်။ နေတိုးအုပ်စုဘက်ကလည်း နေတိုးပိုင်နက်ကို တစ်လက်မမျှ အထိမခံလို့ ဆိုထားလေ တော့ အထိအရှမခံ အလွန်အကဲဆတ်တဲ့ အခင်းအကျင်းလို့ ဆိုရပါလိမ့်မယ်။

ရုရှားနိုင်ငံဟာ ကြီးမားကျယ်ပြန့်တဲ့ ပထဝီနယ်နိမိတ်ကို ပိုင်ဆိုင်ထားပါတယ်။ အိမ်နီးချင်း တရားဝင်နိုင်ငံ (၁၄) ခုထဲမှာ ရုရှားအနောက်ဘက် ကုန်းနယ်နိမိတ်ချင်းထိစပ်နေတဲ့ နော်ဝေး၊ အက်စ်တိုးနီးယား၊ လတ်ဗီးယား၊ ပိုလန် လစ်သူ‌အေးနီးယားတို့က နေတိုးအဖွဲ့ဝင်နိုင်ငံတွေပါ။

ရေပိုင်နက်ကိုကြည့်ပြန်ရင်လည်း ထိစပ်နေတာက အမေရိကန်ပြည်ထောင်စု၊ နေတိုးအဖွဲ့ဝင် တူရကီ၊ အမေရိ ကန်ရဲ့ လုံခြုံရေးထီးရိပ်အောက်မှာရှိတဲ့ ဂျပန်နိုင်ငံ၊ အီးယူနိုင်ငံတခုဖြစ်ပြီး နေတိုးနဲ့လည်း နီးကပ်တဲ့ဆက်ဆံမှုတွေလည်းရှိ၊ ယူကရိန်းကိုလည်း စစ်ရေးအကူအညီတွေပေးနေတဲ့ ဆွီဒင်တို့ဖြစ်ပါတယ်။

ဒီလိုပြဿနာ အစပျိုးဖို့ အင်မတန်လွယ်ကူတဲ့ ပထဝီဝင်အသွင်အပြင်ဖြစ်လို့၊ တတိယကမ္ဘာစစ် မီးပွားဟာ ရု ရှားနဲ့ အနီးပတ်ဝန်းကျင်က မစတင်နိုင်ပါဘူးလို့ ဘယ်သူကမှ ကံသေကံမ အာမမခံနိုင်တဲ့အနေအထားလို့ လည်း ပြောရပါမယ်။

အိမ်နီးချင်းကောင်း မပီသတဲ့နိုင်ငံ၊ အထူးသဖြင့် ထိုနိုင်ငံဟာ စစ်အင်အားကြီးသူဖြစ်ခဲ့ရင် အနီးပတ်ဝန်းကျင်က နိုင်ငံများအတွက်တော့ ကံမကောင်းအကြောင်းမလှလို့ပဲ ဆိုရပါမယ်။ ၂၀၂၂ ခုနှစ် ရုရှားရဲ့ ယူကရိန်းကျူးကျော် စစ်ပွဲ မတိုင်မီကတည်းက ‌ရုရှား-ဂျော်ဂျီယာ (၂၀၀၈)၊‌ ရုရှား-ယူကရိန်း (ခရိုင်းမီးယားသိမ်းယူမှု-၂၀၁၄) တို့ကို ရုရှားက စစ်မီးမွှေးခဲ့ပြီးသားပါ။

ယူကရိန်းအရှေ့ပိုင်းမှာရှိတဲ့ ရုရှားလိုလားတဲ့ ခွဲထွက်ရေးသမားတွေကို အားပေးအားမြှောက်ပြီး လက်နက် ထောက်ပံ့ပေးလို့ ပြဿနာများက ဆက်လက်ရှိနေဆဲဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ် ဇူလိုင် (၁၄) ရက်နေ့မှာတော့ မလေးရှားလေကြောင်းပိုင် MH17 (Boeing 777) လေယာဥ်ဟာ ခွဲထွက်ရေးသမားတို့ရဲ့  ဒွန်းညက်စ် (Donetsk) ဒေသမှာ ဒုံးကျည်နဲ့ပစ်ချခံခဲ့ရလို့ လေယာဥ်ပေါ်ပါရှိတဲ့ ခရီးသည်၊ လေယာဥ်အမှုထမ်းစုစုပေါင်း (၂၉၈) ဦး အ သက် ဆုံးရှုံးခဲ့ကြရပါတယ်။ ‘ဒွန်းညက်စ်’ဒေသဟာ အခုယူကရိန်း ကျူးကျော်စစ်မှာ ရုရှားဘက်က ဆင်ခြေ ပေး အကြောင်းပြနေတဲ့ အဖိနှိပ်ခံ ‘ဒွန်ဘက်စ်’(Donbas) ဒေသထဲက ပြည်နယ်တစ်ခုဖြစ်ပါတယ်။

စုံစမ်းစစ်ဆေးရေးအဖွဲ့က ရုရှားလုပ် Buk ဒုံးကျည်၊ ထိပ်ဖူးအမျိုးအစား၊ တာဝန်ရှိသူရုရှားစစ်အရာရှိများ၊ ရုရှား လိုလားတဲ့  ခွဲထွက်ရေးသမားများ၊ ထုတ်ယူခဲ့တဲ့ ရုရှားတပ်မ (၅၃) လေယာဥ်ပစ်ဒုံးကျည်တပ်ဖွဲ့ အမည်များက အစ စုံစမ်းဖေါ်ထုတ်နိုင်ခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်က ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ အပြည်ပြည်ဆိုင်ရာ ကြား နာစစ်ဆေးရေး ကော်မရှင်ဖွဲ့စည်းပြီး စစ်ဆေးဖို့ကြိုးစားမှုကို ရုရှားက ဗီတိုသုံးပြီး ပယ်ချခဲ့ပါတယ်။ ယနေ့ ထက်ထိတိုင်လည်း တရားရုံးရဲ့ တွေ့ရှိဆုံးဖြတ်ချက်များကို ငြင်းဆိုနေဆဲပါ။ 

ဒါတွေဟာ ရုရှားဖက်ဒရေးလက်ထက်အဖြစ်အပျက်များကိုသာ အနည်းငယ်ကောက်နှုတ်ပြခြင်းသာ ဖြစ်ပါ တယ်။ ဆိုဗီယက်ယူနီယံကာလ ဥရောပတိုက်တွင်း ကျူးကျော်စွက်ဖက်မှုများဖြစ်တဲ့ ပိုလန် (၁၉၃၉)၊ ဖင်လန် (၁၉၃၉)၊ ဟန်ဂေရီ (၁၉၅၆)၊ ချက်ကိုစလိုဗားကီးယား (၁၉၆၈) အစရှိတာတွေကို ချန်ထားရစ်ခဲ့ပါသေးတယ်။  

နေရာဒေသ၊ အချိန်ကာလတွေသာ ကွဲပြားကောင်း ကွဲပြားခဲ့ပေမယ့် ကျူးကျော်စစ်တိုင်းရဲ့ တူညီချက်ကတော့ လူ့အခွင့်အရေးကြေညာစာတမ်းကို မထီမဲ့မြင်ပြုကြခြင်း၊ ပြောင်ပြောင်တင်းတင်း ချိုးဖောက်ကြခြင်းပါ။ အ ချက်အားလုံးကို မဆိုထားနဲ့၊ အလွန်အခြေခံကျတဲ့ အပိုဒ်(၃) ’လူတိုင်းတွင် အသက်ရှင်ခွင့်၊ လွတ်လပ်ခွင့် နှင့် လူတစ်ဦးချင်းစီ၏ လုံခြုံခွင့်ရှိသည်’ ဆိုတဲ့အချက်ကိုတောင် မလိုက်နာခဲ့ကြတာ၊ လက်ရှိဖြစ်ပွားနေတဲ့ ယူက ရိန်း ကျူးကျော်စစ်မှာ မျက်ဝါးထင်ထင် တွေ့မြင်နိုင်ပါတယ်။
 
လေးစားလိုက်နာရမယ့် အပြည်ပြည်ဆိုင်ရာကျင့်ဝတ်ဥပဒေတွေကို ဂရုမပြု လျစ်လျူရှုတတ်ကြတဲ့ အိမ်နီး ချင်းနိုင်ငံကို ရရှိထားတဲ့ နိုင်ငံများကတော့၊ ကိုယ့်အကျိုးစီးပွားကိုသာ ရှေ့တန်းတင်ပြီး အပြောနဲ့အလုပ် ကိုက် ညီလေ့မရှိတဲ့ အိမ်နီးချင်းနိုင်ငံအပေါ်  သတိတချက်လေးတောင် လွတ်လို့မရတဲ့ အခြေအနေပါ။ ဖေါ်ပြခဲ့သလို ရုရှားရဲ့အိမ်နီးချင်း (၅) နိုင်ငံဟာ နေတိုးအဖွဲ့ဝင်ဖြစ်ကြပြီး အခုတော့ဒေသတွင်းက အခြားနိုင်ငံများကလည်း မိမိတို့လုံခြုံရေးအတွက် နေတိုးအဖွဲ့နဲ့ပိုပြီးနီးနီးကပ်ကပ် ဆက်ဆံလိုလာကြပါတယ်။ ဒါကိုလည်း ရုရှားက သ ဘောမတွေ့မှာတော့ သေချာပါတယ်။

ဒီတော့ စိတ်ပေါက်ပေါက်နဲ့ ခပ်ရွဲ့ရွဲ့ ခပ်ရွတ်ရွတ် ဆက်စဥ်းစားမိလိုက်တာက၊ ရုရှားနိုင်ငံ နေတိုးအုပ်စုဝင် ဖြစ် လေခါမှပဲ ဒီပြဿနာအေးဖို့ လမ်းစရှိတော့မယ် ဆိုပြီးပါ။ အကယ်၍သာ ယခင်ဆိုဗီယက် ပြည်ထောင်စုနဲ့ နေ တိုး၊ ဒါမှမဟုတ် အခုရုရှားနဲ့နေတိုး တဘက်တည်း၊ တဖွဲ့တည်းများ ဖြစ်ခဲ့ကြရင် စစ်မက်ပြဿနာတွေ နည်း မသွားနိုင်ပေဘူးလားလို့  သမားရိုးကျပုံစံခွက်ကနေ သွေဖီစဥ်းစားမိရင်း၊ ဒီကာလအတွင်း ပြောစရာဖြစ် နေတဲ့ ရုရှားနဲ့ အနောက်အုပ်စု အကြားဆက်ဆံရေး၊ ဒီရက်ပိုင်းအတွင်းမှာပဲ ကွယ်လွန်သွားခဲ့တဲ့ အမေရိကန်ပြည် ထောင်စုရဲ့ ပထမဆုံးအမျိုးသမီး နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ ‘မက်ဒလင်း အောဘရိုက်’ (Madeleine Albright) တို့အကြောင်းတွေနဲ့ ဆက်စပ်ပြီး အတိတ်က နေတိုး-ရုရှား အကြောင်းကို ပြန်တူးဆွမိပါတယ်။

ဒီနေရာမှာ ‘မက်ဒလင်း အောဘရိုက်’ အကြောင်း အနည်းငယ်ဖြည့်စွက်ပြောလိုပါတယ်။ ဒီဆောင်းပါး နောက် ပိုင်းမှာ ရည်ညွှန်းကိုးကားခံရတဲ့ ချက်ကိုစလိုဗားကီးယားဖွား သူမဟာ နာဇီဂျာမနီရဲ့ ကျူးကျော်မှုကြောင့် ထွက်ပြေးခဲ့ရတဲ့ ကလေးစစ်ပြေးဒုက္ခသည်အဖြစ်နဲ့ ငယ်စဥ်ဘဝကို ဖြတ်သန်းခဲ့ရသူ ဖြစ်ပါတယ်။

’ကိုလံဘီယာ’ တက္ကသိုလ်က ယခင် Russian Institute (ယခု Harriman Institute)မှာ သင်ကြားခဲ့ဖူးသူ၊ နောက် ပိုင်းမှာ ’ကိုလံဘီယာ’ တက္ကသိုလ်က ပါရဂူဘွဲ့ရခဲ့သူ၊ သူမဟာ နေတိုးအုပ်စု အင်အားတိုးချဲ့မှု ဖြစ်စဥ်မှာလည်း အရေးပါခဲ့သူပါ။ ချက်သမ္မတနိုင်ငံ၊ ဟန်ဂေရီနိုင်ငံနဲ့ ပိုလန်နိုင်ငံတို့ဟာ သူမနိုင်ငံခြားရေးဝန်ကြီး တာဝန်ထမ်း ဆောင်စဥ် ကာလမှာ နေတိုးအဖွဲ့ဝင်များ ဖြစ်လာခဲ့ပါတယ်။ ထူးခြားချက်က ဒီ (၃) နိုင်ငံလုံးဟာ ဆိုဗီယက်ယူနီ ဦးဆောင်ခဲ့တဲ့ ယခင်ဝါဆော စစ်အုပ်စုအဖွဲ့ဝင်  နိုင်ငံတွေဖြစ်ပါတယ်။

ကုလသမဂ္ဂဆိုင်ရာ အမေရိကန်နိုင်ငံ သံအမတ်ကြီး အဖြစ်တာဝန်ထမ်းဆောင်စဥ်က မြန်မာနိုင်ငံကိုပထမဆုံး အကြိမ် ရောက်ရှိခဲ့ဖူးပါတယ်။ ၁၉၉၅ ခုနှစ် ဇူလိုင်လ (၁၀) ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည် (၆) နှစ်ပြည့် လု နီးပါး အကျယ်ချုပ်ကျခံ နေရာကနေ လွတ်မြောက်ခဲ့ပြီးနောက်၊ စက်တင်ဘာလ (၉) ရက်နေ့မှာ ‘မက်ဒလင်း အောဘရိုက်’နဲ့ တွေ့ဆုံခဲ့ကြဖူးပါတယ်။

◾️နေတိုးနှင့်ရုရှား၊ သတင်းလား ဂျင်းလား
အသေအချာ ပြန်စဥ်းစားကြည့်ရင် ရုရှားနိုင်ငံက နေတိုးအဖွဲ့ကိုဝင်ရောက်ဖို့ စဥ်းစားခဲ့တယ်ဆိုတာကို အလွယ် တကူလက်ခံဖို့ ခက်ခဲကြမှာပါ။ ဖြစ်ရပ်မှန်လို့လည်း ဆိုထားတဲ့အတွက် ယုံကြည်စိတ်ချလောက်တဲ့ သတင်း အရင်းအမြစ်၊ အချက်အလက် အထောက်အထားများကို ရည်ညွှန်းကိုးကားပြဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

၂၀၀၁ခုနှစ် ဇွန်လ (၁၆) ရက်နေ့မှာ ‘ဆလိုဗီးနီးယား ထိပ်သီးဆွေးနွေးပွဲ ’(Slovenia Summit-2001)ကို ဆလိုဗီးနီး ယားနိုင်ငံမှာကျင်းပခဲ့လို့ အမေရိကန်သမ္မတ’ဘုရှ်’ နဲ့ ရုရှားသမ္မတ’ပူတင်’တို့ တွေ့ဆုံဆွေးနွေးခဲ့ကြအပြီး သ တင်းမီဒီယာများနဲ့ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ ဂျာနယ်လစ်များနဲ့ အမေးအဖြေများကို အိမ်ဖြူတော် သတင်းပြန်ကြားရေးအရာရှိရုံးက ထုတ်ပြန်ခဲ့တာကို ကိုးကားသွားမှာဖြစ်ပါတယ်။ ဒါ့ကြောင့် ပြင်ပသတင်း ဒီ ယာတွေရဲ့  မှန်းဆရေးသားထားချက်တွေ မဟုတ်ပဲ၊ ခိုင်လုံတဲ့ သတင်းရပ်ကွက်ကလို့ ယုံယုံကြည်ကြည် ပြောဆိုနိုင်တဲ့ အနေအထားပါ။

ဂျာနယ်လစ်တစ်ယောက်က ’ဘုရှ်’ နဲ့ ’ပူတင်’ တို့ နှစ်ယောက်လုံးကို နေတိုးအဖွဲ့တိုးချဲ့ရေးနဲ့ ပတ်သက်ပြီး ဘာ တွေဆွေးနွေးခဲ့ကြလဲ ဆိုတဲ့မေးခွန်းကို မေးခဲ့ပါတယ်။ ဒီကိစ္စအပေါ် ရုရှားက သဘောကျပုံမပေါ်ကြောင်း သိ ထားကြတော့ မီဒီယာက ရှင်းရှင်းလင်းလင်း ပိုသိချင်ကြပါတယ်။ ‘ပူတင်’ ဖြေဆိုတဲ့အလှည့်မှာ သူက ဒီလို ပြောခဲ့ပါတယ်။

‘ဟုတ်ပြီ၊ ခင်ဗျားကို ရှင်းပြမယ်၊ ဒီမှာကြည့်ပါ။ မကြာသေးမီကပဲ လျှို့ဝှက်စာရွက်စာတမ်းအဆင့်ကနေ ပယ် ဖျက်ခဲ့တဲ့အကြောင်းအရာတခုကို ပြောပြမယ်’ ဆိုကာ ၁၉၅၄ ခုနှစ်တုန်းက ဆိုဗီယက်အစိုးရက နေတိုးအဖွဲ့ ဝင်များကို ပေးပို့ခဲ့တဲ့ ထိပ်တန်းလှို့ဝှက် မှတ်တမ်းဟောင်းတခုကို ဖတ်ပြခဲ့ပါတယ်။ ဆိုဗီယက်အစိုးရအနေ နဲ့ ‌နေတိုးအဖွဲ့မှာ ပါဝင်နိုင်ဖို့အရေး နေတိုးအဖွဲ့ဝင်နိုင်ငံများနဲ့ဆွေးနွေးဖို့ ဆန္ဒရှိတဲ့အကြောင်း အသိပေးအကြောင်း ကြားတဲ့ မှတ်တမ်းပါ။ ပြီးတော့ သူက ဒီအဆိုပြုချက်ဟာ လုံးဝလက်တွေ့မကျဘူးဆိုပြီး နေတိုးအဖွဲ့ က အကြောင်းပြန် ငြင်းပယ်ခဲ့တာကိုလည်း ဆက်ဖတ်ပြပါတယ်။

ဒါနဲ့တင်မပြီးသေးပါဘူး၊လွန်ခဲ့တဲ့တစ်နှစ်လောက်က ရုရှားအနေနဲ့ နေတိုးအဖွဲ့ကိုဝင်ဖို့ ဖြစ်နိုင်၊ မဖြစ်နိုင်ဆိုပြီး သူ့ကို အမေးခံရစဥ်ကလည်း ‘ဘာ့ကြောင့်မဖြစ်နိုင်ရမှာလဲဆိုပြီး သူက ပြန်ဖြေခဲ့ကြောင်း ပြောခဲ့ပါသေးတယ်။ဒါပေမယ့် အဲဒီအချိန်က ဥရောပမှာရောက်နေတဲ့ အရင်နိုင်ငံခြားရေးဝန်ကြီး ‘မစ္စစ် အောဘရိုက်’ က ချက်ချင်းပဲ ‘အခုအချိန်မှာ အဲဒီကိစ္စကို ပြောမှာမဟုတ်ဘူး’ လို့  ဆိုခဲ့ကြောင်းကို ဆက်ပြောပြခဲ့ပါတယ်။

ပူတင်က နေတိုးကို ရုရှားက ရန်သူလိုသဘောမထားတဲ့အကြောင်း ပြောပြပြီး၊ နေတိုးက အဖွဲ့ဝင်အဖြစ် လက် မခံလိုတာကို အသာထားလိုက်၊ ဘာ့ကြောင့် ရုရှားနယ်စပ်နဲ့ နီးရာဆီ အင်အားချဲ့ ရွှေ့ပြောင်းလာချင်ရတာလဲ ဆိုပြီး ပြန်မေးခွန်းထုတ်ခဲ့ပါတယ်။

သတင်းစာ ရှင်းလင်းပွဲမှာ တခြားအမေးအဖြေတွေလည်း ရှိပါသေးတယ်၊ ဒါပေမယ့် ဆိုဗီယက်/ရုရှားအနေနဲ့ နေတိုးကို ဝင်မယ့်အရေး အကြိတ်အနယ်ဆွေးနွေးကြတဲ့ အဆင့်မရောက်ခဲ့ပေမယ့်၊ ကနဦး စဥ်းစားကြတဲ့ အ ဆင့် ရှိခဲ့ဘူးတယ်ဆိုတာကို မီးမောင်းထိုးပြချင်တာပါ။

အလွတ်တမ်းပြောခဲ့တာမဟုတ်ပဲ အမေရိကန်သမ္မတနဲ့ ဘေးချင်းကပ်ရပ်ပြီး ရှင်းလင်းပွဲလုပ်စဥ်မှာ တရား ဝင်ပြောကြားတာ၊ အိမ်ဖြူတော် သတင်းပြန်ကြားရေးကလည်း မှတ်တမ်းတင်ခဲ့တာ၊နေတိုးအဖွဲ့ဝင်နိုင်ငံ တွေနဲ့  ‘မက်ဒလင်း အောဘရိုက်’ကလည်း သက်သေအဖြစ် ရှိကြတာဆိုတော့ အဆိုပြုချက်က တကယ်ရှိခဲ့ ဖူးတယ်လို့ပဲ သတ်မှတ်ရပါမယ်။

ရုရှားသမ္မတ ‘ဘောရစ်ယဲလ်ဆင်’ (Boris Yeltsin) ကိုယ်တိုင်လည်း ၁၉၉၁ခုနှစ်တုန်းက နေတိုးအဖွဲ့ကို စာရေး အကြောင်းကြားတဲ့အထဲမှာ ယခင် ဆိုဗီယက်သမ္မတ ဂေါ်ဘာချော့ဗ် (Gorbachev) အဆိုပြုခဲ့သလို၊ ရုရှားနိုင်ငံ နေတိုးအဖွဲ့သို့ ဝင်ရောက်ရေးဟာ ရုရှားရဲ့ရည်ရှည် နိုင်ငံရေးရည်မှန်းချက် ဖြစ်တယ်လို့ ရေးခဲ့ဖူးပါတယ်။ ’ဘောရစ်ယဲလ်ဆင်’ လက်ထက်မှာပဲ ဗြိတိန်နိုင်ငံကာကွယ်ရေးဝန်ကြီးဖြစ်သူ ‘မဲလ်ကွန်ရစ် (ဖ်)ကင်’ (Malcolm Rifkind) က ရုရှားနိုင်ငံကို နေတိုးအဖွဲ့ရဲ့ အမြဲတမ်းအဖွဲ့ဝင်အဆင့် မဟုတ်ပဲ၊ တွဲဖက်အဖွဲ့ဝင် အဖြစ်ထားရှိကြမ လား ဆိုပြီး အကြံပြုခဲ့သေးတယ်လို့လည်း သိရပါတယ်။

တကယ်လို့များ ဆိုဗီယက်/ရုရှားသာ နေတိုးအဖွဲ့ထဲ ရှိနေခဲ့ရင် ဒီနေ့ကမ္ဘာကြီးရဲ့ အခင်းအကျင်း တမျိုးတမည် ပြောင်းသွားလေမလား၊ နေတိုးက အကောင်းထက်အဆိုး၊ အကျိုးထက်အပြစ် ပိုများနိုင်တယ်လို့ ယူဆခဲ့လေ သလား၊ပါဝင်ပတ်သက်သူကြများကသာ အဖြေအတိအကျ ပေးနိုင်ပါလိမ့်မယ်။

သေချာတာတစ်ခုကတော့ နေတိုးအနေနဲ့ တဖက်ရဲ့ စိတ်ရင်းစေတနာ ဆန္ဒကို သံသယရှိခဲ့သလို၊ ကွယ်ဝှက်ထိန် ချန်မှုများစွာရှိပြီး ပွင့်လင်းမြင်သာမှုနည်းပါးတယ်လို့လည်း တွက်ဆခဲ့ပုံရပါတယ်။ ဒီလိုအနေအထားမျိုးကနေ တိကျခိုင်မာတဲ့ ရလဒ်ထွက်ပေါ်လာနိုင်ဖို့၊ သဘောတူ အကောင်အထည်ဖေါ်နိုင်မယ့် ဆွေးနွေးညှိနှိုင်းမှုများ ဖြစ်မလာခဲ့တာကလည်း ဖြစ်လေ့ရှိတဲ့ သဘောသဘာဝလို့ပဲ ဆိုရပါလိမ့်မယ်။ 

နေတိုးအဖွဲ့ရဲ့ အထွေထွေအတွင်းရေးမှူးချုပ်ရာထူးနဲ့ ဒိန်းမတ်နိုင်ငံ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူး သူ ‘အန်းဒါးဖို့ခ်ဟာမူဆင်’ (Anders Fogh Rasmussen) က ‘ရုရှားအနေနဲ့ ဒီမိုကရေစီနဲ့လူ့အခွင့်အရေးကို လက် ကိုင်ပြုလာတဲ့တနေ့၊  ရုရှားရဲ့ အဖွဲ့ဝင်ဖြစ်လိုမှုအပေါ်  နေတိုးက အလေးအနက်ထား စဥ်းစားလာနိုင်တယ်’ လို့ ပြောခဲ့ဖူးပါတယ်။ 

အခုအချိန်အခါမှာတော့ ဒါတွေကို ရုရှားဘက်က တခုတ်တရ ပြန်ပြောတော့မှာ မဟုတ်သလို၊ နေတိုး ဘက် ကလည်း နားထောင်လိုစိတ် မရှိတော့မှာ သေချာပါတယ်။ စစ်မှန်မှုမရှိတဲ့ အယောင်ပြ ရွှေ့ကွက်များသာဖြစ်လို့ သင်ခန်းစာ ကြီးကြီးမားမား ယူစရာမရှိ၊ သမိုင်းဖြစ်ရပ်တခု အနေနဲ့တော့ ကျန်ရစ်ခဲ့မှာပါ။ လမ်းချင်းမတူလို့ လူချင်းမတွေ့ကြတဲ့နောက်မှာ၊ တံတားအောက်ကရေလိုပဲ တချိန်ကျရင် မေ့မေ့ပျောက်ပျောက် ဖြစ်သွားကြ မယ့် နေတိုး-ရုရှား တခန်းရပ် ဇာတ်လမ်းလေး တပုဒ်လို့သာ ဆိုရပါ‌တော့မယ်။

သီအိုဇော်

ကိုးကားစာရင်း
- Press Conference by President Bush and Russian Federation President Putin (Slovenia Summit-2001, Brdo Castle, Brdo Pri Kranju, Slovenia), Office of the Press Secretary – White House, June 16, 2001.
- Madeline Roache. Breaking Down the Complicated Relationship Between Russia and NATO. TIME. 4 April 2019.



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar