ကိုလူမိုဃ်း - ဆရာဦးဝင်းတင်သို့ ...
(မိုးမခ) ဧပြီ ၂၀၊ ၂၀၂၂
ဆရာဦးဝင်းတင် ဆုံးပါးကွယ်လွန်ခဲ့တာ ၂၀၁၄ ခုနှစ်၊ ဧပြီ ၂၁ ရက်နေ့ကဆိုတော့ အခု ၂၀၂၂ ခုနှစ် ဧပြီ ၂၁ ရက်မှာ ၈ နှစ်ပြည့်ခဲ့ပါပြီ။ ဆရာနဲ့ ကျနော်ဟာ လူချင်းမရင်းနှီးခဲ့ပါဘူး။ သို့ပေမဲ့ အကြောင်းတိုက်ဆိုင်စွာ ဆရာထောင်က လွတ်လာခါစ ၂၀၁၀ ခုနှစ်ကျမှ လူချင်းတွေ့ဖူးဆုံဖူးတာ ဖြစ်ပါတယ်။ သည်တုန်းက ဆရာက အင်းစိန်ထောင်ဗူးဝနဲ့ တည့်တည့်က ရပ်ကွက်မှာနေတဲ့ ဆရာသူငယ်ချင်း ရှေ့နေကြီး ဦးမောင်မောင်ခင်ရဲ့ နေအိမ်မှာ နေနေချိန်ဖြစ်ပါတယ်။ ကျနော့်ဆရာသမားတွေဖြစ်တဲ့ ဆရာကိုလေးမြတ်၊ ဆရာသန်းစိုးနိုင်တို့က ဆရာဦးဝင်းတင်နဲ့ ဆုံချင်ကြောင်း ပြောကြလို့ အင်းစိန်သားဖြစ်တဲ့ ကျနော်က လိုက်ပို့ပေးရင်းနဲ့မှ ဆရာ့ကို မိတ်ဆက်ရင်း တွေ့ဆုံခွင့်ရခဲ့တာပါ။ ဆရာ့ဆီကို ဆရာကိုလေးမြတ်နဲ့ တစ်ကြိမ်၊ ဆရာသန်းစိုးနိုင်နဲ့ တစ်ကြိမ် စုစုပေါင်း နှစ်ကြိမ်ရောက်ခဲ့တယ်။
ထောင်အတွေ့အကြုံအဖြစ် လူ့စိတ်ကို ချိုးနှိမ်ကြတဲ့ အာဏာပိုင်တွေရဲ့အကြောင်းကို သိခဲ့ရတယ်။ လွတ်မည်ဟုပြောပြီးမှ ထောင်ဗူးဝကနေ အကြိမ်ကြိမ် လှည့်ပြန်ခဲ့ရပုံအကြောင်း၊ အူကျရောဂါခံစားနေရတာကိုလည်း ဆေးကုသမှုမပေးခဲ့ဘဲ ရောဂါအခြေအနေဆိုးမှ ထောင်ဆေးရုံတက်ခွင့်ရတဲ့အကြောင်း စသဖြင့် ဆရာပြောပြသရွေ့ နားထောင်ခဲ့ရဖူးတယ်။ စာပေအကြောင်းနဲ့ ပတ်သက်လို့ ကျနော်က ကဗျာဆရာတစ်ယောက်ဖြစ်တဲ့အကြောင်း ပြောပြမိတ်ဆက်ထားတော့ ဆရာ့ငယ်ဘဝစာရေးခြင်းအမှုမှာ ကဗျာနဲ့ပဲ စတင်ခဲ့ကြောင်း ပြောပြတယ်။ ထောင်ထဲမှာ ကဗျာပြန်ရေးဖြစ်တဲ့အကြောင်းလည်း ပါတယ်။ ကျနော်ကတော့ အနည်းအပါး ကူထောက်ပြောရုံမျှပါပဲ။ ဆရာတွေပြောတာကိုပဲ နားထောင်ခဲ့တာပါ။
ကျနော် ဆရာစာတွေ စဖတ်ဖူးခဲ့တာတွေကို ပြန်တွေးမိတယ်။ ၁၉၈၅/၈၆ ဝန်းကျင်က စာတွေချည်း လှိမ့်ဖတ်ခဲ့ဖူးတဲ့ ကာလတွေမှာပဲ ဆရာရဲ့ နာမည်ကျော် ဘာသာပြန်ဝတ္ထု "ကွိ" ကို ဖတ်ခဲ့ဖူးတယ်။ ပါဝါမပါတဲ့ မျက်မှန်ကြီးတပ်ပြီး သတင်းစာဆရာဂိုက်ဖမ်းနေတဲ့ ကွိနဲ့ ရှာလီဝေလင် အတွဲကို မှတ်မှတ်ထင်ထင် ရှိခဲ့တယ်။ ဆရာမကြီး ဂျာနယ်ကျော်မမလေး ရေးပေးထားတဲ့ အမှာကလည်း အထူးကောင်းမွန်ပြီး မှတ်မှတ်သားသား ဖြစ်ခဲ့ရတယ်။ ဂျာနယ်ကျော်ဦးချစ်မောင်နဲ့ ဂျာနယ်ကျော်မမလေးတို့ ဇနီးမောင်နှံ မန္တလေးသို့ အသွား ရထားပေါ်မှာ ဦးချစ်မောင်က မူရင်းအင်္ဂလိပ်ဘာသာနဲဲ့ရေးထားတဲ့ ကွိစာအုပ်ကို ဖတ်ရင်း တိုက်ရိုက်ဘာသာပြန်ပြီး မြန်မာလို ဒေါ်မမလေးကို ဖတ်ပြခဲ့တာ အမှတ်ရမိဆုံးပဲ။ နောက် "ဥတ္တရအလင်း"ဘာသာပြန်၊ ပန်းချီအကြောင်းရေးထားတဲ့ "အလှရှာတော်ပုံ" တို့ကို ဖတ်ဖူးခဲ့တယ်။
နောက် ဆရာဦးဝင်းတင်နဲ့ပတ်သက်ပြီး ကျနော် အမှတ်ရမိနေတာတစ်ခု ရှိသေးတယ်။ ရှစ်လေးလုံးအရေးတော်ပုံပြီးခါစ ၁၉၈၉ ခုနှစ်လောက်က ဖြစ်မယ်။ ဆရာဦးဝင်းတင်နဲ့ ဆရာဦးထွန်းတင်တို့ နှစ်ယောက်အဖမ်းခံရတဲ့သတင်းကို သတင်းစာမှာ အကျယ်တဝင့်ဖော်ပြခဲ့တာကို ဖတ်လိုက်ရတယ်။ သိမ်းဆည်းခံရတဲ့ စာအုပ်များကိုလည်း ဓာတ်ပုံရိုက်ပြီး သေသေချာချာ ဖော်ပြထားတယ်။ စာအုပ်အများစုက လက်ဝဲဝါဒကို စောင်းပေးထားတာတွေ ဖြစ်နေတယ်။ ဥပမာ တောင်တွင်းကိုကိုကြီးဘာသာပြန်တဲ့ ဂေါ်ကီအတ္ထုပ္ပတ္တိလို၊ အမေလို စာအုပ်မျိုး၊ နောက် ဆရာဒဂုန်တာရာစာအုပ်တချို့ စသဖြင့်တွေ့ရတယ်။ ဂေါ်ကီစာအုပ် ၂ အုပ်က ကျနော့်ဆီမှာ ရှိနေတာကြောင့် အမှတ်ထင်ထင် ဖြစ်ခဲ့တာလည်း ပါမယ် ထင်ပါတယ်။
အဖမ်းခံရတဲ့ အချိန်ကတည်းကစပြီ ဆရာ့ပိုင် လမ်းသစ်ရိပ်သာက တိုက်ခန်းလေးလည်း အသိမ်းခံလိုက်ရပါတယ်။ ထောင်ကလွတ်လာတဲ့အချိန် ဆရာ့မှာ နေစရာအိမ် မရှိခဲ့ပါဘူး။ စစ်အာဏာရှင်တွေ ကြောက်ရွံ့ထိတ်လန့်ရတဲ့ နာမည်ကြီး ထိပ်တန်း စာရေးဆရာ၊ သတင်းစာဆရာတွေထဲမှာ ဆရာဦးဝင်းတင် ပါပါတယ်။ ထောင်တွင်းအကျဥ်းချခံရစဥ်မှာ နည်းအမျိုးမျိုးနဲ့ စိတ်ပိုင်း ရုပ်ပိုင်း ထိခိုက်စေအောင် စစ်အာဏာရှင်ရဲ့ လက်ပါးစေတွေက နှိပ်စက်ကလူပြုပါတယ်။
ဆရာဟာ မကွယ်လွန်ခင်အချိန်ထိ မြန်မာပြည်ဟာ "စစ်အာဏာယန္တရား ကိန်းပြတ်"မှ တိုင်းပြည် ဒီမိုကရေစီရပြီး တိုးတက်ဖွံ့ဖြိုးမှုရှိမှာ ဖြစ်ကြောင်း တစ်လျှောက်လုံးပြောခဲ့ပါတယ်။ "မြန်မာပြည်မှာ စစ်တပ်ပေးတဲ့ ကျေးဇူး မူးလို့တောင် ရှူစရာမရှိဘူး" လို့လည်း ပြောစမှတ်တွင်အောင်လည်း ပြောခဲ့သူ ဖြစ်ပါတယ်။ နောက်တစ်ခုက ဆရာဟာ ထောင်ကလွတ်ပေမဲ့ သူအပါအဝင်မြန်မာပြည်ကြီး အမှန်တကယ် မလွတ်မြောက်ကြသေးဘူးဆိုတာကို ထောင်ဝတ်စုံအပြာကို မချွတ်စတမ်းဝတ်ဆင်ပြပြီး သေသည်အထိ ဆန္ဒထုတ်ဖော်ခဲ့သူလို့ ဆိုချင်ပါတယ်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှာ မအလအာဏာသိမ်းလိုက်မှုကြောင့် စတင်လိုက်တဲ့ နွေဦးတော်လှန်ရေးကတော့ ဆရာ ဖြစ်စေချင်ပြီး မျှော်လင့်ခဲ့တဲ့ "စစ်အာဏာယန္တရား ကိန်းပြတ်" ဖို့ အကြောင်းဖန်ခဲ့ကာ ရုပ်လုံးပေါ်လုနီးနေပြီဆိုတာကို မြင့်မြတ်ရာဘုံကနေ ဆရာ ပြုံးပြုံးကြီး ကြည့်ရင်း ကျေနပ်နေမယ်လို့ ကျနော် ယုံကြည်မိပါတယ်။
ကိုလူမိုဃ်း
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar