လင်းလက်နွေဦး - တကယ်သာ စိတ်ရှိကြည့်
(မိုးမခ) ဧပြီ ၁၇၊ ၂၀၂၂
တနေ့က ကလစ်ရင်း တွေ့လိုက်တဲ့ စာသားလေး၊ သဘောကျလိုက်တာ… ‘WHEN THERE’S A WILL, THERE’S A WAY.’ တဲ့။ ပြောတာတော့ Star Wars ရဲ့ Clone Wars စီးရီး (၀၃), အပိုင်း (၀၃) ရဲ့ အဖွင့် စကားလေးပါတဲ့။ ကြည့်နော်၊ ယူတတ်တော့ ရလိုက်တာပဲ မဟုတ်လား။ ဒါကြောင့် ထင်ပါရဲ့၊ မကြည့်တတ်တော့ တဏှာ၊ ကြည့်တတ်တော့ ဘာဝနာတဲ့၊ ရှေးရှေးကတည်းက ပြောတတ်ကြပါတယ်။ ကွန့်တဲ့သူတွေကတော့ ‘အလကားပြောတာရယ်၊ ဘယ်မှ ဘာဝနာမဖြစ်ဘူး၊ နှာခေါင်း မီးထတောက်မှာပဲ’တဲ့။ ငယ်ငယ်က ဗီဒီယိုခေတ်ဆိုတော့၊ အရှင်မောက္ကလန် ထေရုပ္ပတ္တိ ထင်တာပါပဲ၊ ကြည့်ခဲ့ဖူးတယ်။ အဲထဲမှာ လက်ဝဲ လက်ယာရံလောင်းလျာ သူဋ္ဌေးသား သူငယ်ချင်းနှစ်ယောက်၊ ဇာတ်ပွဲကြည့်ရင်း သံဝေဂရကြသတဲ့။ မိဘတွေထံ ခွင့်တောင်း၊ တောထွက်၊ ဆရာရှာ၊ ဗုဒ္ဓပွင့်တော်မူကြောင်း သိ၊ ရဟန်းပြု ဆိုတော့ကား၊ ဒီဇာတ်ထုပ်ကိုကြည့်ပြီး ‘ကြည့်တတ်တော့ ဘာဝနာ’ လို့ ပြောဟန်တူပါရဲ့။
ကျနော်တော့ ဒီ Star Wars ဆိုတာလည်း မကြည့်ဖူးပါဘူး။ စာတန်းလေးတွေက ဘယ်အချိန်ထိုးမှန်းလည်း မသိလိုက်ပါဘူး။ ကြည့်ဖူးအောင်၊ YouTube မှာ လိုက်ရှာကြည့်တော့၊ တရွှီးရွှီး ချနေကြတာပါပဲ။ သူတို့က ခေတ်မီတယ်၊ တဒိုင်းဒိုင်း တအုံးအုံး မဟုတ်ဘူး။ လေဆာတွေ ဘာတွေ ထင်ပါရဲ့။ ရွှီးကနဲ ရွှီးကနဲ။ PDF Hero 2 ထဲက နောက်ဆုံးပေါ် သေနတ်တွေလိုပဲ။ (၁၂၀) တန်ကြီး။ ကိုယ့်လူတွေလည်း ငှက်ကင် လေးခွတွေ လောက်စာတွေ ရတော့မယ်နော်။ ဇာတ်လမ်းထဲက အရုပ်ကလေးတွေကလည်း Java ဖုန်းဂိမ်းထဲက အရုပ်ကလေးတွေလိုလို။ ဒါပေမယ့် ဝတ်စုံတွေ လက်နက်တွေက အလန်းဇယား။ ဒါကြောင့် တစ်ဘက်ရန်သူတွေကို အပြတ်အသတ် ချေမှုန်းနိုင်တာပေါ့။
ဒါပေမယ့် ရန်သူတွေက တခြားဂြိုလ်တွေက ဂြိုလ်သားတွေ။ သူတို့ကလည်း အဖျက်စွမ်းအားကြီးတယ်ထင်ပါ့။ ကျနော်တို့က လူသားတွေလေ၊ လူသားလောက်ပဲ ခွန်အားရှိပေမပေါ့။ ဒါပေမယ့် ဆရာကြီးဦးအောင်သင်း ပြောခဲ့သလို ‘ပညာဉာဏ်ကြောင့်သာ လူသားနဲ့တိရစ္ဆာန် ခြားနားသွားတာ မဟုတ်ပါလား’။ ကျနော်တို့ ငါးတွေလို ရေကူးမကျွမ်းဘူး။ မြင်းတွေလို အပြေးမသန်ဘူး။ ဆင်တွေလောက် ခွန်အားမကြီးဘူး။ ဒါပေမယ့် ရေထဲက အကူးမြန်တဲ့ငါးကို ဖမ်းနိုင်တယ်။ အပြေးသန်ပေ့ဆိုတဲ့ မြင်းတွေကို ပါးချပ်တပ် စီးနိုင်တယ်။ ဆင်တွေကို လိုရာခိုင်းနိုင်တယ်။ ဒါကြောင့် Clone Wars ထဲမှာ ‘တကယ်သာ စိတ်ရှိကြည့်၊ နည်းလမ်းဆိုတာ ရှိပြီးသားပဲ။’ လို့ ရေးထားတာ နေမှာပါ။
ဒီစာသားလေးကို ဖတ်မိပြီး၊ လူတစ်ယောက်နဲ့ သီချင်းတစ်ပုဒ်ကို သတိရမိလာတယ်။ လူကတော့ ကျနော့်ဖေးဘရိတ် စာရေးဆရာကြီး မင်းသိင်္ခပဲ ဖြစ်ပါတယ်။ ကျနော်ငယ်ငယ်ကတည်းက ‘ဆားပုလင်းနှင်းမောင်’ တွေကို ကြိုက်ခဲ့တယ်။ ‘အိုင်ဆေး ကိုနှင်းမောင်’အရင်ကတော့ ဆရာကြီး ရွှေဥဒေါင်းရဲ့ စုံထောက်ကြီး ဦးစံရှားပေါ့လေ။ ဦးစံရှားတွေ လက်လှမ်းမီသမျှကုန်တော့၊ ဆားပုလင်းနှင်းမောင်တို့၊ စဝ်ရန်နိုင်တို့ဆီ ရောက်သွားတယ်။ ဗေဒင်ဆရာကြီး ဦးအောင်ထွန်းက ဆွဲခေါ်သွားလိုက်တာ ‘ပုဏ္ဏားဘကွန်း၊ ပေတလူ၊ ဖြစ်ချင်ရာဖြစ် မောင်ဘချစ်၊ မတတ်ပါ့၊ သူတော်စင်မလေး ပုဏ္ဏရိက’ တို့ ဘာတို့အထိ ရောက်သွားပါတယ်။ အဲဆရာကြီးက အမှန်နဲ့ စိတ်ကူးယဉ်ကို မျှထည့်ထားတော့၊ တကယ်ဖြစ်နေသလိုကို ခံစားရတာကိုး။ ကျနော့်အမေဆို ရွှေတိဂုံဘုရား မြောက်ဘက်မုခ်က ရေတွင်းကြီးကို သွားကြည့်ချင်နေတာ အတန်ကြာတဲ့အထိပဲ။ ဆရာကြီးက အဲဒီမှာ ရေတွင်းကြီး ခုထိရှိသေးတယ်၊ တစ်ခြမ်းက ရေငန်၊ တစ်ခြမ်းက ရေချိုထွက်သတဲ့လေ။
ဘယ်ထဲမှာလဲတော့ မမှတ်မိတော့ပါဘူး။ ဆရာကြီးက ‘Auto Suggestion’ အကြောင်း ထည့်ရေးထားတယ်။ ကျနော်နားလည်သလို ပြောပြရရင်၊ ကျနော်တို့မှာ စိတ်စွမ်းအင်တွေရှိတယ်ပေါ့။ အဲထဲက ‘အော်တိုဆာဂျက်ရှင်း’ ဆိုတာ စိတ်ထဲက လိုချင်ဆန္ဒပြင်းပြနေရင် အဲဒီလိုချင်နေတဲ့အရာကို လက်ဝယ်ပိုင်ပိုင် ရနိုင်တယ်လို့ ဆိုပါတယ်။ ကျနော်တို့ ဗုဒ္ဓမြတ်စွာကလည်း ‘ဝတော’ လေးပါး ဟောထားတယ်နော်။ ‘ဆန္ဒဝတော/ စိတ္တဝတော/ ကမ္မဝတော/ ဝီရိယဝတော ကိံနာမော ကမ္မံ နသိဇ္ဈတိ’ ဆိုတာလေ။ ဆန္ဒပြင်းပြနေရင်၊ စိတ်ဓာတ် ပြင်းပြနေရင်၊ ပြင်းပြင်းထန်ထန် လုပ်နေရင်၊ ဝီရိယကောင်းနေရင် မရနိုင်တာ၊ မဖြစ်နိုင်တာ မရှိဘူး။ သကြားမင်း နားကင်းကြီးနဲ့ ဆင်းတားလို့တောင် မရဘူးတဲ့။
ဆရာကြီးက သီချင်းလေးတစ်ပုဒ်နဲ့လည်း မိတ်ဆက်ပေးခဲ့ပါတယ်။ အဲဒီသီချင်းလေးကိုပဲ စာရေး ဆရာကြီးတွေ စင်ပေါ်ကနေ ဆိုပြ ရှင်းပြကြတာလည်း နားထောင်ခဲ့ရပါတယ်။ ‘စိန်လိုချင်ရင် စိန် ဖြစ်ရမယ်… အိမ်လိုချင်ရင် အိမ် ဖြစ်ရမယ်… ကွယ်…. လူစိတ်ဓာတ်ဟာ လောကအမြတ်ဆုံးတကယ်…’ ကြားဖူးပါတယ် နော်။ ‘ဪ ချစ်သူရည်းစား စွဲလန်းကြတော့ မကြာဧကန် ရတတ်တယ်… ဤပမာလို မှတ်ကြကွယ်…’။ ‘မောင် လိုချင်တာ ရစေ့မယ်’လို့တောင် အာမခံထားပါတယ်။ စိတ်ထဲ အတွေးထဲ ဦးနှောက်ထဲ နှလုံးသားထဲက နေ ပြင်းပြင်းပြပြ လိုချင်နေတော့ နောက်ဆုံးရလာရမှာပဲမဟုတ်လား။
ကုသမင်းကိုပဲ ကြည့်ပေါ့။ သူ့ကောင်မလေးက ရုပ်ဆိုးတဲ့ ဘဲကြီးဆိုပြီး ပစ်ပြေးသွားတယ် မဟုတ်လား။ အဲဒီမှာ ကိုယ့်ကောင်က နည်းလမ်းပေါင်းစုံ ပညာကုန် သုံးတော့တာပဲ။ မြင်းချီး ဆင်ချီးလည်း ကြုံးတာ ပဲ။ ဒါကို မယ်ပပက သိသွားတော့ အကွက်ရွေ့ရပြန်တယ်။ အိုးထိန်းသည်လုပ်၊ အိုးပေါ်မှာ သူတို့ နှစ်ယောက် ဇာတ်လမ်းတွေ ခတ်နှိပ်၊ မင်းသမီးထံ ဆက်သ၊ တပ်ခေါက်ပြန်ရ။ ဖျာယက်တော့ အကွက်ဆန်းတွေနဲ့ ဇာတ်လမ်းအရုပ်တွေ ယက်၊ မင်းသမီးထံ ဆက်သ၊ အကြောင်းအရင်းသိပြန်တော့ နောက်တစ်မျိုး ပြောင်းရ။ စားဖိုမှူးလုပ်လိုက် ဘာလုပ်လိုက်နဲ့လေ။ ကြိုးစားရရှာတယ်။ ကျနော်တို့များ အဲလောက် ပိုးပန်းခဲ့ဖူးလို့လား။ ခုနှစ်ပြည်ထောင်မင်းတွေက တပြိုင်နက်တောင်းဆိုတော့၊ ပပဝတီကို ခုနှစ်ပိုင်း ပိုင်းရမလို ဖြစ်တော့မှ၊ ‘မောင်မောင် ကယ်တော်မူပါ ဘုရား’နဲ့ လုပ်လာတာပေါ့။ ကိုယ့်ကောင်ကြီးကလည်း သတ္တိ ဗျတ္တိ သိပ်ကောင်း တာကိုး၊ လူဗလံဘုရင်လေးတွေ ထွက်ပြေးရတာပေါ့။ အဲအချိန် နိုင်ငံရေးကျွမ်းကျင်တဲ့ သိကြားမင်းက ‘ပတ္တမြား’တစ်လုံး လာဆက်သတယ်။ ပတ္တမြားအစွမ်းနဲ့ ကုသမင်းမျက်နှာ ကြည့်ပျော်ရှုပျော် ဖြစ်သွားသတဲ့လေ။ တကယ်က ချစ်သူရည်စား စွဲလန်းထားလို့ မဟုတ်ပါလား။ သိကြားမင်းက ဘေးတီးပေါ့လေ။ လာပါလိမ့်မယ် နိုင်ငံခြားအကူအညီတွေ။
ကျနော်တို့တတွေလည်း မကြာမတင် ‘အောင်ပွဲဆင်’တော့မှာပါ။ နိုင်ငံတဝှန်းလုံးသာမက ကမ္ဘာအရပ်ရပ် ရောက်နေတဲ့ မြန်မာတိုင်းရင်းသားတွေကလည်း နွေဦးတော်လှန်ရေးကို ပါဝင်ဆင်နွှဲနေကြပါတယ်။ ဒီရက်ပိုင်းတွေဆိုတာ မြန်မာ့ရိုးရာသင်္ကြန် အခါသမယ။ ဘုရားသွားကျောင်းတက်တဲ့သူတွေသာ ရှိတယ်၊ ရခဲပေစွ ဒုလ္လဘ ဝတ်ကြတဲ့သူတွေသာ ရှိတယ်၊ ရေကစားကြတဲ့လူ ဘယ်မှာရှိလို့တုန်း။ စကစ မအလတို့ရဲ့ ရေကစားမဏ္ဌာပ်တွေဟာ ခြောက်လွန်းလို့ ပက်ကြားအပ်နေတယ်တဲ့လေ။ အဲတော့ မီးထလောင်မှာပေါ့။ ဒလန်ဝတီရဲ့ မြို့ရွာတချို့တလေမှာသာ စည်ကားသယောင် ရှိပါတယ်။ ဒါပေမယ့် နိုင်ငံဧရိယာနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် မပြောပလောက်ပါဘူး။ ဒါဟာ လွတ်လပ်ရေး၊ ဒီမိုကရေစီရရှိရေးကိုပဲ စိတ်စိုက်ထားကြလို့ မဟုတ်ပါလား။
နိုင်ငံရပ်ခြား ရောက်နေတဲ့ ရွှေမြန်မာတွေကလည်း ‘ရွှေ’တပ်ခေါ်ထိုက်ပါပေတယ်။ ဘာလာလာ ဒေါင်း တာများ၊ ဆယ့်နှစ်လုံးပိတ်အပြင် ဂျော်တွေနဲ့ကိုးဗျ။ ကလစ်ကြပါဆိုလည်း ကလစ်ကြ၊ လှူကြပါဆိုလည်း လှူကြ၊ ဘွန်းတွေ ဝယ်ကြ၊ ထီတွေ ထိုးကြ….။ ပြည်တွင်းက ရဲဘော်တွေကရော၊ ရရာလက်နက်နဲ့ တော်လှန် ကြ၊ ဘဝတွေပေး အသက်တွေ ပုံပေးထားကြတာတွေ။ ပြည်သူတွေကလည်း ညီလိုက်ကြတာ၊ ပါဝင်ဆင်နွှဲကြတဲ့ သပိတ်တွေ၊ လူမှုရေး ပိတ်ဆို့ဒဏ်ခတ်တာတွေ၊ နည်းလမ်းရှာပြီး ကူညီထောက်ပံ့တာတွေ၊ လှူကြတန်းကြတာတွေ၊ ကလစ်ကြတာတွေ….။ စီဒီအမ်ဝန်ထမ်းတွေကလည်း အခက်အခဲကြားတွေကနေ ပြိုလှဲမသွား အောင် တောင့်ခံနေကြဆဲ။ ဘက်ပေါင်းစုံကနေ ပါဝင်တော်လှန်ကြတာဟာ ကြက်သီးထဖွယ်ကောင်းပါတယ်။
အိုလံပစ် မီးရှူးတိုင်ကြီးဟာ အားကစားသမားတစ်ယောက်လက်ကနေ နောက်တစ်ယောက်လက်ထဲ လွှဲပြောင်းသယ်ဆောင်လာရင်း နောက်ဆုံးမှာ ကျင်းပမယ့်အားကစားကွင်းထဲက ပင်မမီးရှူးတိုင်ကြီးကို ထွန်းညှိလိုက်ပါတယ်။ လမ်းတလျှောက် မနားတမ်း ပြေးနိုင်တဲ့သူတွေ၊ မီးမငြိမ်းအောင် ဂရုတစိုက်နဲ့ တစ်ယောက်နဲ့ တစ်ယောက် ဟန်ချက်ညီညီ လှုပ်ရှားနိုင်ရပါမယ်။ ကျနော့်အနေနဲ့ တစ်ယောက်နဲ့ တစ်ယောက် လက်ဆင့်ကမ်းတဲ့နေရာမှာ အရေးကြီးတယ်လို့ ယူဆပါတယ်။ ပေးသင့်တဲ့အချိန် မပေးကမ်းဘဲ ဆုပ်ကိုင်ထားတဲ့သူ၊ ပေးခါနီးမှ နောက်တစ်ယောက်ဆီမရောက်ခင် ဟပ်ထိုးလဲကျသွားတဲ့သူ၊ ပြေးရင်း ကြွက်တက်တဲ့သူ၊ လမ်းဘေးက ပရိတ်သတ်နဲ့ ဆဲလ်ဖီဆွဲ/ စကားများနေတဲ့သူ၊ လမ်းကြောင်းအတိုင်း မလိုက်ဘဲ လမ်းမှားလိုက်တဲ့သူ… အမျိုးမျိုး ရှိနိုင်တယ်နော်။ မိုးလေဝသကြောင့် မီးငြိမ်းသွားရင်ကော ဘွာတေးလုပ်ပြီး မီးပြန်ညှိလို့ ရပါသလား။ အနော်ရထာမင်းတောင် ကျွဲခတ်လို့ နတ်ရွာစံရသေးတာပဲ။
ဘာပဲဖြစ်ဖြစ်၊ ကျနော်တို့မှာ ကျနော်တို့ ရှိတယ်။ သေချာတယ်။ ဆန္ဒတွေကလည်း ပြင်းပြနေတယ်။ အထက်ပါအခြေအနေအရပ်ရပ်တွေကို အဆီလျော်ဆုံး သုံးသပ်ပြီး၊ အကောင်းဆုံး လေ့ကျင့်ပျိုးထောင်ပေးမယ့် NUG အစိုးရတစ်ရပ်လည်း ရှိနေပြီ မဟုတ်ပါလား။
‘တကယ်သာ စိတ်ရှိကြည့်၊ နည်းလမ်းဆိုတာ ရှိပြီးသားပဲ။’
လင်းလက်နွေဦး
၁၆.၄.၂၀၂၂ နေ့လည် (၁) နာရီ (၂၁) မိနစ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar