Breaking News

မြန်မာနွေဦး ခရိုနီကယ် - မေ ၆ မြင်ကွင်း


မြန်မာနွေဦး ခရိုနီကယ် - မေ ၆ မြင်ကွင်း

(မိုးမခ) မေ ၇၊ ၂၀၂၂


လူသားချင်း စာနာမှုအကူအညီနဲ့ အာဆီယံ၊ စစ်ကိုင်းတိုင်းက နေအိမ်မီးရှို့မှုနဲ့ သတ်ဖြတ်ခံရမှုတွေ  

မြန်မာနိုင်ငံမှာ လူသားချင်းစာနာမှု အကူအညီပေးရေးအတွက် အာဆီယံရဲ့ အစည်းအဝေးကို ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပနေတာ ဖြစ်ပါတယ်။ လက်နက်ကိုင် တိုက်ပွဲတွေ၊ ကိုဗစ်နဲ့ နိုင်ငံရေးမတည်ငြိမ်မှုကြောင့် ကျဆင်းလာတဲ့ စီးပွားရေးဒဏ်ကို ခံစားရမယ့် ဝင်ငွေအနိမ့်ဆုံးအလွှာက လိုအပ်တဲ့ လူသားချင်းစာနာမှုအကူအညီ စသဖြင့် မြန်မာနိုင်ငံမှာ လူသားချင်းစာနာမှု အကူအညီ လိုအပ်နေတဲ့ ကိန်းဂဏန်းက ကိုဗစ်၊ လက်နက်ကိုင် ပဋိပက္ခတွေနောက်မှာ ရုတ်တရက် မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။  

လစ်ဘရယ် ဒီမိုကရေစီနိုင်ငံတွေမှာ လူသားချင်းစာနာမှု အကူအညီဆိုတဲ့ အသုံးအနှုန်းသုံးနှုန်းလေ့ရှိကြပြီး ၊ အာဏာရှင်နိုင်ငံတွေမှာတော့ အစိုးရက နိုင်ငံသားတွေကို စေတနာရှိလို့ အကူအညီပေးတဲ့ အသွင်သဏ္ဍာန်နဲ့  ပုံဖော်လေ့ရှိကြတာ ဖြစ်ပါတယ်။  

အခုမြန်မာနိုင်ငံရဲ့ အနေအထားမှာ လူသားချင်းစာနာမှု အကူအညီပေးဖို့ရာ ဘာတွေ အခက်အခဲရင်ဆိုင်နေကြရတာလဲ၊ လက်နက်ကိုင် ပဋိပက္ခပေါ်မှာ မူတည်ပြီး ဖြစ်ပျက်တဲ့ လူသားချင်းစာနာမှု အကူအညီက အများစုဖြစ်ပြီး ကိုဗစ် စီးပွားရေးဆုတ်ယုတ်မှုကြောင့် ဖြစ်တဲ့ အကျိုးဆက်က လက်နက်ကိုင်ပဋိပက္ခနဲ့ နှိုင်းယှဥ်ရင် နည်းပါးတဲ့ အချိုးအစား ဖြစ်ပါတယ်။  

လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားနေတဲ့ဒေသတွေမှာ မိမိတို့ကိုယ်တိုင် ရိက္ခာကို စိုက်ပျိုးထုတ်လုပ်နိုင်ကြပေမယ့်လည်း ပဋိပက္ခဖြစ်ပွားမှုကြောင့် အရပ်သားစကားနဲ့ပြောရင် တိုက်ပွဲတွေကြောင့် သိမ်းဆည်းသိုမှီးထားတဲ့ ရိက္ခာတွေ ဆုံးရှုံးသွားရတာ ၊ လက်နက်ကိုင် အဖွဲ့တွေရဲ့ ဖျက်ဆီးမှုခံရတာ၊ သက်မွေးဝမ်းကျောင်း အလုပ်တွေ မလုပ်ကိုင်နိုင်တော့ဘဲ ဝင်ငွေဆုံးရှုံးပြီး ထောက်ပံ့မှုကို ရာနှုန်းပြည့် မှီခိုရတာ၊ စိုက်ပျိုးထုတ်လုပ်ဖို့ ဒေသအခြေအနေက မတည်ငြိမ် အသက်ထက်ဘာမှ တန်ဖိုးမရှိဘူးလို့ တွေးပြီး အသက်ရှင်ဖို့ အတွက် အားလုံးစွန့်ထားခဲ့ရ ထွက်ပြေးတိမ်းရှောင်ရတဲ့ အခြေအနေမျိုးတွေက မြန်မာနိုင်ငံရဲ့ ဒေသအတော်များများမှာ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။  

စစ်အာဏာရှင်တွေက လူသားချင်းစာနာမှု အကူအညီကို အကူအညီအနေနဲ့ သီးသန့် ရှုမြင်ကြတာမဟုတ်ဘဲ ရန်သူလို့သတ်မှတ်တဲ့ တိုင်းရင်းသားလက်နက်ကိုင်၊ PDF တွေကို ထောက်ခံအားပေးသူတွေကို ကူညီမယ့် အကူအညီလို့မြင်တာ၊ ဒီအကူအညီတွေဟာ လက်နက်ကိုင် တိုက်ခိုက်နေတဲ့ တဖက်ရန်သူကို အထောက်အပံ့ဖြစ်စေမယ့် ရိက္ခာ၊ အထောက်အကူပစ္စည်းလို့ ထင်မြင်ယူဆမှုလည်း ရှိနေတာကြောင့် လူသားချင်းစာနာမှု အကူအညီတွေ ဝေငှပေးခွင့်မရ ကြတာလည်း ဖြစ်ပါတယ်။  

ဆယ်စုနှစ်များစွာ ကြာရှည်တဲ့ ပြည်တွင်းစစ်ကာလတွေမှာ အစိုးရစစ်တပ်ဟာ ဖြတ်လေးဖြတ် လို ရိက္ခာ၊ ဘဏ္ဍာငွေ၊ သတင်းအချက်အလက်၊  လူထု စသည့် ၄ မျိုးနှင့် ရန်သူကို ဖြတ်တောက်ဖို့ ဆိုသည့်  နည်းဗျူဟာက ယခုအချိန်တိုင်အောင်လည်း ကျင့်သုံးနေဆဲဖြစ်သည်။ သတင်းဆက်သွယ်ရေး ဖြတ်ဖို့ဆိုသည့်အချက်က ခေတ်သစ် အိုင်တီနည်းပညာခေတ်မှာ ထင်သလောက်မလွယ်တော့၊ ငွေကြေးဖြတ်တောက်မှုလည်း အရင်ခေတ်တွေလောက်မလွယ်တော့ ဒစ်ဂျစ်တယ်စနစ်က အဆက်အသွယ် အကူအညီအထောက်အပံ့တွေကို ရယူနိုင်အောင် အထောက်အကူဖြစ်စေတာ ဖြစ်ပြီး လူထုနှင့် အဆက်အသွယ် ဖြတ်ဖို့ရာအတွက် ကျေးရွာတွေ မီးရှို့တာ နေစရာနေအိမ်တွေ အစုအဝေးတွေကို ဖျက်ဆီးလိုက်ပြီး နောက် ၄င်းတို့ လိုသလို ပုံသွင်းနေထိုင်စေမည့် နည်းလမ်းတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။  

ဒါကြောင့် လူသားချင်းစာနာမှု အကူအညီတွေကို စစ်ရေးအောင်မြင်မှုရဖို့အတွက် ပိတ်ဆို့တာတွေ ဝေငှခွင့်မပေးတာတွေ ကြားဖြတ်ယူဖို့ ကြိုးစားတာတွေကို စစ်အာဏာရှင်တွေက လုပ်ဆောင်လေ့ရှိတာလည်း ဖြစ်ပါတယ်။  

ဒီနေ့အဖို့ အခြားအကြောင်းအရာ တခုဖြစ်တဲ့ စစ်ကိုင်းတိုင်း နဲ့ မကွေးတိုင်း မြောက်ပိုင်းက နေအိမ်တွေ ကျေးရွာတွေ မီးရှို့မှု သတ်ဖြတ်မှုတွေက အရှိန်အဟုန်နဲ့ ဆက်လက်ဖြစ်ပွားနေတာ သတင်းတွေမှာ ဖတ်ရှုနေရတာ ဖြစ်ပါတယ်။ အများစုက စစ်ကောင်စီတပ်တွေက သတ်ဖြတ်တာတွေ ဖြစ်ပြီး အချို့သော လက်စားချေ သတ်ဖြတ်မှုတွေကတော့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ပျူစောထီး သို့မဟုတ် သတင်းပေးလို့ ယူဆသူတွေကို လက်စားချေ သတ်ဖြတ်ကြတဲ့ အဖြစ်အပျက်တွေ လည်းအနည်းအကျဥ်းရှိတာတွေ့ရပါတယ်။  

ပြီးခဲ့တဲ့ သီတင်းပတ်တွေမှာ မြင်းမူ၊ ချောင်းဦး၊ ရေဦး၊ ပေါက် စတဲ့မြို့နယ်တွေမှာ ကျေးရွာအများအပြား နေအိမ် မီးရှို့ ဖျက်ဆီးခံရတာတွေ အချို့သော အရပ်သားတွေ သတ်ဖြတ်ခံရတာတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့တာပါ။ မြင်းမူမြို့နယ်မှာ ဖြစ်တဲ့ အဖြစ်အပျက်တချို့မှာတော့ ပီဒီအက်ဖ်တွေက သတင်းပေးလို့ ဆိုတဲ့ အရပ်သား ၁၂ ဦးလောက်ကို  သတ်ဖြတ်ခဲ့တဲ့ အဖြစ်အပျက်လည်း ဖြစ်ပွားခဲ့ပြီး အဲဒီရက်ပိုင်းက အရပ်သားချည်း ၃၀ ကျော် စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ပီဒီအက်ဖ်တွေ လက်ချက်နဲ့ သေဆုံးခဲ့ကြတာ သတင်းတွေထဲ တွေ့ရပါတယ်။  

စစ်ကောင်စီတပ်တွေ သတ်ဖြတ်တာတွေ၊ နေအိမ်မီးရှို့တာတွေက ထူးဆန်းတဲ့ အဖြစ်အပျက်မဟုတ်ပေမယ့်လည်း ဒေသခံ ပီဒီအက်ဖ်တွေ လက်တုံ့ပြန် သတ်ဖြတ်တာမျိုးတွေက လူသတ်ပွဲတွေဆီ ဦးတည်စေနိုင်တဲ့ အလားအလာလည်း ရှိနေတာ ဖြစ်ပါတယ်။  

မြန်မာနိုင်ငံရဲ့ အလယ်ပိုင်း အနောက်ဘက်နယ်စပ်ကလာတဲ လမ်းဆုံ၊ အရှေ့မြောက်နယ်စပ်ဘက်က လာတဲ့ ကုန်သွယ်ရေး လမ်းဆုံ၊ မြောက်ဘက် ကချင်ပြည်နယ်ဘက်က လာတဲ့ ကုန်းလမ်းခရီးလမ်းကြောင်းတွေ ဖြတ်သန်းဆုံတဲ့ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း ရဲ့ဒေသအများအပြားဟာ အခုအခါ လက်နက်ကိုင် ပဋိပက္ခနဲ့ သတ်ဖြတ်မှု၊ ကျေးရွာတွေ မီးလောင်ဖျက်ဆီးခံနေရဆုံး ဒေသအဖြစ် သတင်းတွေထဲမှာ မြင်တွေ့နေရပါတော့တယ်။




Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar