မိုက်ခဲစိန် - အမေရိကန်၏ သေနတ်ပြဿနာ
မိုက်ခဲစိန် - အမေရိကန်၏ သေနတ်ပြဿနာ
(မိုးမခ) မေ ၂၇၊ ၂၀၂၂
အင်္ဂါနေ့က တက္ကဆတ်ပြည်နယ်၊ ယူဗဲဒီမြို့လေးက မူလတန်ကျောင်းထဲကို ၁၈ နှစ်အရွယ် သေနတ်သမားက ဝင်ရောက် ပစ်ခတ်ခဲ့တယ်။ အပြစ်မဲ့ ကလေး ၁၉ ဦး သေဆုံးပြီး၊ ကျောင်းဆရာ ဆရာမ ၂ ဦး လည်း ပစ်သတ်ခံရတယ်။ မိနစ် ၄၀ ကြာမှ ရဲတွေက ဝင်ရှင်းပြီး သေနတ်သမားကို အသေဖမ်းမိတယ်။ ဒါဟာ လွန်ခဲ့တဲ့ ၁၀နှစ်က ဆန်ဒီဟွတ်ကျောင်းဝင်း လုပ်ကြံမှုအပြီး အကြီးအကျယ်ဆုံး ကလေးတွေ အကြမ်းဖက် သတ်ဖြတ်ခံရမှု ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ တပတ်ကပဲ နယူးယောက်ပြည်နယ်၊ ဘတ်ဖဲလိုးမြို့ကလေးမှာ လူမည်းတွေကို လူဖြူအစွန်းရောက် ၁၈ သားက ပစ်သတ်လိုက်တယ်။ လူဖြူအစွန်းရောက်တွေ၊ အကြမ်းဖက်သမားတွေ၊ စိတ္တဇလူသတ်သမားတွေ လက်ထဲမှာ သေနတ်တွေ ရောက်နေတာ၊ သေနတ်တွေနဲ့ အပြစ်မဲ့ လက်နက်မဲ့တွေကို အကြမ်းဖက်သတ်ဖြတ်တာ၊ အဲသည်လူတွေလက်ထဲ သေနတ်တွေ မရောက်အောင် အမေရိကန်အစိုးရနဲ့ လွှတ်တော်က တားမြစ်ဖို့ ခုထိ မအောင်မြင်သေးပါဘူး။ နေ့စဉ် သေနတ်နဲ့ အကြမ်းဖက် သတ်ဖြတ်ခံနေရတာ အခြားကမ္ဘာမှာ စစ်ဖြစ်လို့ လူသေနေရသလိုမျိုး ဆိုးဝါးတယ်လို့ ဝေဖန်ကြပါတယ်။
ကမ္ဘာမှာ အစုလိုက်အပြုံလိုက် လူသတ်မှုကြီးတွေ အနှစ် ၂၀ အတွင်း အများဆုံးက အမေရိကားပဲ။ mass shooting ၁၀၁ ခု ဖြစ်ခဲ့တယ်။ ပြင်သစ်မှာ ၈ ခု ဒုတိယလိုက်ပါတယ်။ အနိမ့်ဆုံး ၁ ခုပဲ ဖြစ်ခဲ့တာ ယူကေ ရှိတယ်။ သေနတ်ကြောင့် လူသေနေရတာ အမျိုးသားရေးပြဿနာပါ။ သည်တော့ သေနတ်လုံခြုံရေးဥပဒေသာ ပြဋ္ဌာန်းနိုင်ရင် သက်သာနိုင်ပါတယ်။ သေနတ်ကုမ္ပဏီကြီးတွေက ရှေးရိုးစွဲတွေ၊ လူဖြူသက်ကြီးတွေ၊ ရီပတ်ဘလစ်ကန်ပါတီ ခေါင်းဆောင်တွေကို ခေါင်းမာမာနဲ့ စည်းရုံးထားတယ်။ သေနတ်ဥပဒေ မပြဋ္ဌာန်းနိုင်ပါဘူး။ သေနတ်ကုမ္ပဏီကြီးတွေက လူတွေလက်ထဲမှာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ခွင့် သေနတ်ကိုင်ဆောင်ခွင့် ဆုံးရှုံးသွားလိမ့်မယ်လို့ တဖက်သတ် ဝါဒဖြန့်ပြီး ကန့်ကွယ်နေကြပါတယ်။
ဥပဒေကလည်း ထူးထူးဆန်းဆန်း မဟုတ်ပါဘူး။ သေနတ်ဝယ်မယ့်သူကို နောက်ကြောင်းရာဇဝင် စစ်ဆေးခွင့်ကို အစိုးရက ပြဋ္ဌာန်းပေးဖို့ပါပဲ။ သေနတ်ကိုင်ဆောင်လိုသူ၏ နောက်ကြောင်းကို စစ်ဆေးခွင့်ရှိရင် အကြမ်းဖက်ကျူးလွန်မယ့် သေနတ်သမားတွေကို အနည်းနဲ့ အများ ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ နောက်တခုက သူများကို မိသားစုဝင်တွေကို အကြမ်းဖက်တာ ခြိမ်းခြောက်တာတွေ လုပ်လို့ တိုင်ကြားခံရသူတွေဆီက လက်နက်တွေကို ရဲတွေက ပြန်သိမ်းဆည်းထိန်းသိမ်းခွင့် ပေးဖို့ ဖြစ်ပါတယ်။ နောက်တချက်ကတော့ ပြည်တွင်းက လက်နက်တွေထဲမှာ စစ်ဘက်သုံးအားပြင်းထန်တဲ့ သေနတ်မျိုးကို ကိုင်ဆောင်ခွင့်မရှိအောင် တားမြစ်ထားဖို့ ဖြစ်ပါတယ်။ အကြမ်းဖက် လက်နက်သမားလက်ထဲက သေနတ်က သိပ်မပြင်းထန်ရင် ဥပဒေဘက်တော်သားတွေက အချိန်မီ တားဆီးနိုင်မယ့်အပြင် လူသတ်နိုင်နှုန်းကိုလည်း လျှော့ချနိုင်မယ် လို့ ယူဆကြပါတယ်။
နိုင်ငံရေးသမားတွေကတော့ သူတို့ အကျိုးစီးပွားနဲ့ အယူအဆတွေ အခြေခံပြီး သေနတ်ကိုင်ဆောင်ခွင့်ကို ကန့်သတ်ဖို့ ကို မလိုလားကြပါ။ အမေရိကန်၏ ဒုတိယမြောက် အခြေခံဥပဒေပြင်ဆင်ချက်အရ လူတိုင်းလက်နက်ကိုင်ပြီး ကာကွယ်ခွင့်ရှိသည်ဆိုတာကို အစွန်းအထင်း မခံချင်ကြပါ။ သူတို့က စိတ်ရောဂါသည်တွေကို ကုသပေးဖို့ လိုတယ်၊ ဆေးကုပေးရဖို့သာ လိုတယ်လို့ ဆင်ခြေပေးပါတယ်။ စိတ်ရောဂါသည်တွေ လက်ထဲ လက်နက်မရောက်အောင် ဘယ်လို တားဆီးမလဲဆိုတာ အမေရိကန်က ထိန်းလို့မရ ဖြစ်နေတဲ့ မူးယစ်ဆေးဝါးပြဿနာလိုပါပဲ။
ဆေးကုမ္ပဏီတွေက ဆေးတွေကို လူတွေက မူးယစ်ဆေးအဖြစ် အလွဲသုံးပြီး ဆေးစွဲကြ၊ လူတွေ ပျက်စီး၊ ရာဇဝတ်မှုတွေ ကျူးလွန်၊ အကြမ်းဖက်မှုတွေ ဖြစ်။ သို့သော် ဆေးကုမ္ပဏီတွေ၏ အကိုက်အခဲပျောက်ဆေး အလွဲသုံးမှုကို အစိုးရက တရားစွဲလို့ မရ၊ အရေးယူလို့ မရ။ ဒါ့အပြင် ဆေးစွဲသူတွေကို ကျန်းမာရေးစောင့်ရှောက်မှုပေးပြီး ပြန်လည် ထူထောင်ဖို့အတွက် ကျန်းမာရေးအာမခံချက်ပေးတဲ့ ဥပဒေတွေ ပြဋ္ဌာန်းချက်တွေလည်း နိုင်ငံရေးအကျိုးစီးပွား၊ စီးပွားရေးအကျိုးစီးပွားတွေကြောင့် ဆက်တိုးလို့မရ။ ခုလည်း သေနတ်ကိုင် လူသတ် အကြမ်းဖက်တာ စိတ်ရောဂါလို့ ဆင်ခြေပေးထားတာနဲ့ သေနတ်ကိုင်ဆောင်ခွင့် အလွဲသုံးစားမလုပ်ကြအောင် ကန့်သတ်ဖို့ ခက်နေကြပြန်ပါပြီ။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar