အောင်သစ် -နွေဉီးတော်လှန်ရေးလမ်းကြောင်း နဲ့ စု၊ ရွေး၊ လွှတ်လမ်းကြောင်း

NLD party congress 2018, Photo - Irrawaddy

အောင်သစ် - နွေဉီးတော်လှန်ရေးလမ်းကြောင်း နဲ့ စု၊ ရွေး၊ လွှတ်လမ်းကြောင်း
(မိုးမခ) မေ ၂၈၊ ၂၀၂၂နွေဉီးတော်လှန်ရေးလမ်းကြောင်း ဆိုတာကို ရှင်းရှင်းလင်းလင်း ဖေါ်ပြချင်ပါတယ်။
နွေဉီးတော်လှန်ရေး လမ်းကြောင်းဆိုတာ -
၁။ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းဖျက်သိမ်းရေး။
၂။ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ် တည်ထောင်ရေး။
အချုပ်ပြောရင် ဒီ (၂) ချက်ဟာ နွေဉီးတော်လှန်ရေးရဲ့ မဟာဗျူဟာမြောက်ရည်မှန်းချက်အချုပ်ဖြစ်ပါတယ်။ ဒီ(၂) ချက် အပေါ်မှာ အနုစိတ်တွေ၊ ထောင့်စေ့အောင်ဖြည့်တာတွေ ထပ်ဖြည့်လို့ရပါတယ်၊ အချုပ်ကိုသာ ဖေါ်ပြလိုရင်းမို့လို့ သီးခြား ထပ်မပြော တော့ပါ။
ဒီမဟာဗျူဟာရည်မှန်းချက်ကိုရောက်အောင်သွားနေတဲ့နည်းနာက -
စစ်ရေးတိုက်ပွဲ၊ နိုင်ငံရေးတိုက်ပွဲ၊ သံတမန်ရေးတိုက်ပွဲ စတဲ့ တိုက်ပွဲသဏ္ဍာန်မျိုးစုံ၊ ဘက်စုံက ပေါင်းစပ်တိုက်ပွဲဝင်နေတဲ့ နည်းနာပါ။ နိုင်ငံရေးတိုက်ပွဲဆိုရာမှာ ဒီနွေဉီးတော်လှန်ရေးထဲ အင်တိုက်အားတိုက် ဆင်းရဲဒုက္ခခံ ပါဝင်နေကြတဲ့ ဝန်ထမ်းများရဲ့ အာဏာဖီဆန်ရေး(CDM)လှုပ်ရှားမှုလည်း အပါအဝင်ဖြစ်ပါတယ်။
အချိန်တချိန်မှာ အဓိကပုံသဏ္ဍာန်နဲ့ တွဲဘက်ပုံသဏ္ဍာန်တွေဆိုတာ ရှိပါတယ်။ ဒီနေ့ တိုက်ပွဲသဏ္ဍာန်မျိုးစုံ ပေါင်းစပ် တိုက်ပွဲ ဝင်နေတဲ့နည်းနာမှာ စစ်ရေးတိုက်ပွဲ အဓိက၊ ကျန်တိုက်ပွဲပုံသဏ္ဍာန်တွေနဲ့ တွဲဘက်လှုပ်ရှား ဆောင်ရွက်နေကြတာပါ။
ဒီနည်းနာမှာ ရန်သူကို ဘက်ပေါင်းစုံက အသာစီးရယူလှုပ်ရှားနိုင်ဖို့ ကြိုးစားနေကြတယ်ဆိုတာ သိသာမြင်သာပါတယ်။ ဘက်ပေါင်းစုံက အသာစီးရအောင် မဆောင်ရွက်နိုင်သေးရင် တော်လှန်ရေးအောင်ပွဲက နည်းနည်း ပိုရှည်ကြာမယ်ဆိုတာလည်း ငြင်းနေစရာမလိုပါဘူး။
ဒါပေမဲ့ … ဒီလမ်းကြောင်းက အောင်ပွဲဆီ ရောက်အောင်သွားမယ့်လမ်းကြောင်းအဖြစ် ပြည်သူအများစု ယုံကြည်ကြ ကြောင်းကို ပြည်သူများကိုယ်တိုင် နည်းမျိုးစုံနဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်မှုက ဖေါ်ပြနေပါတယ်။
နွေဉီးတော်လှန်ရေးထဲမှာ အခု ဖေါ်ပြခဲ့ပြီးတဲ့နည်းနာနဲ့မတူတဲ့ တခြားလမ်းကြောင်းတခု၊ နိုင်ငံရေးလမ်းကြောင်းတခုလည်း ရှိနေတာ တွေ့ရပါတယ်။ အဲဒီ့နည်းနာကတော့ စု၊ ရွေး၊ လွှတ် လမ်းကြောင်းနဲ့သွားတဲ့နည်းနာပါပဲ။
စု၊ ရွေး၊ လွှတ် လမ်းကြောင်းရဲ့အကျယ်ကို အရင်ဆုံး ပြောဖို့ လိုပါတယ်။
စု၊ ရွေး၊ လွှတ် လမ်းကြောင်းဆိုတာ
၁။ ဒေါ်အောင်ဆန်းစုကြည် နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်မြောက်ရေး။
၂။ ၂၀၂၀ ရွေးကောက်ပွဲရလာဒ် ကိုင်စွဲရပ်တည်ရေး။
၃။ လွှတ်တော်ပေါ်ပေါက်ရေး။
တို့ပဲဖြစ်ပါတယ်။ ဒီနေရာမှာလည်း စု၊ ရွေး၊ လွှတ် အတိုကောက်ကို အကျယ်အဓိပ္ပါယ် ဖော်ပြတာတွေမှာ ကွဲလွဲမှုတွေ ရှိပါသေးတယ်၊ အချိန်ကာလလိုက်လို့ အပြောင်းအလဲတွေ ရှိသလို၊ ဖွင့်ဆိုတဲ့လူကိုလိုက်လို့လည်း မတူတာတွေ ရှိပါတယ်။ စု၊ ရွေး၊ လွှတ်ရဲ့ အဓိကအနှစ်သာရ ဆိုလိုရင်းတွေကိုပဲ ယူပြီး ဆွေးနွေးပါ့မယ်။
စု၊ ရွေး၊ လွှတ် လမ်းကြောင်းက အခုမှ ပေါ်လာတာတော့ မဟုတ်ပါဘူး၊ နွေဉီးတော်လှန်ရေးအစပိုင်းမှာ ထွက်လာတဲ့အသံပါ။ နွေဉီးတော်လှန်ရေးအစပိုင်းနဲ့ အခု နွေဉီးတော်လှန်ရေးတနှစ်ကျော်ကာလအခြေအနေဟာ မတူတော့ပါဘူး။ ဘာတွေမတူတာလဲ ဆိုရင် -
စစ်အုပ်စုက ရွာတွေ၊ ဘုန်းကြီးကျောင်းတွေ၊ သက်ကြီးရွယ်အိုတွေ၊ အရွယ်မရောက်သေးတဲ့ ကလေးသူငယ်တွေပါမကျန် ဒီနေ့အထိ ရက်ရက်စက်စက်မီးရှို့သတ်ဖြတ်တာကို ပြည်သူတွေခံစားနေရတဲ့အခြေအနေ ဖြစ်နေပါပြီ။
တော်လှန်ရေးအင်အားစုတွေထဲမှာလည်း စစ်အာဏာရှင် စနစ်ဆန့်ကျင်ရေးသမိုင်းမှာ မရခဲ့ဘူးတဲ့ ညီညွတ်မှုနဲ့၊ မရှိခဲ့ဘူးတဲ့ ဖွဲ့စည်းမှုနဲ့၊ အများတကာအများစု သဘောတူ လက်ခံတဲ့နိုင်ငံရေးလမ်းကြောင်းနဲ့ လျှောက်လှမ်းနေကြတဲ့ အခြေအနေ ဖြစ် နေပါပြီ။
နွေဉီးတော်လှန်ရေးကလည်း အစပိုင်းကာလနဲ့မတူတော့ဘဲ စစ်ရေးတိုက်ပွဲ အဓိက၊ ကျန်တိုက်ပွဲပုံသဏ္ဍာန်တွေနဲ့ ပေါင်းစပ်တိုက်ပွဲဝင်တဲ့နိုင်ငံရေးလမ်းကြောင်း ဖြစ်နေပါပြီ။
အခုလို ပြောင်းလဲလာတဲ့အခြေအနေနဲ့နွေဉီးတော်လှန်ရေးကာလမှာ စု၊ ရွေး၊ လွှတ် လမ်းကြောင်းနဲ့ပတ်သက်လို့ နံပတ်(၃)အချက် “လွှတ်” ကို အဓိကဆန်းစစ်ပါမယ်၊ ဆန်းစစ်တဲ့အခါ အရေးကြီးတဲ့အချက်(၃)ချက် တွေ့ရပါတယ်။
၁။ စု၊ ရွေး၊ လွှတ် ထဲက လွှတ်တော်ပေါ်ပေါက်ရေးဆိုတာ စစ်အုပ်စုက ခေါ်ပေးမှရမယ့် လွှတ်တော် ဖြစ်နေပါတယ်။
စစ်အုပ်စုဟာ တောင်းဆိုလို့မရ၊ တိုက်ယူမှရမယ်ဆိုတာ စစ်အာဏာရှင်ခေတ် တလျှောက်လုံးလည်း သိခဲ့ ပြီးတဲ့ အပြင်၊ ဒီနေ့ နွေဉီးတော်လှန်ရေးကလည်း သဘောတရားအရ ငြင်းခုန်စရာ မလိုလောက်အောင်ထင်ရှားနေပါပြီ။ အဲဒါ ကြောင့် လွှတ်တော်ဆိုတာ တော်လှန်ရေးမအောင်ဘဲနဲ့ မဖြစ်နိုင်ပါဘူး၊ တော်လှန်ရေးဆိုတာလည်း လွှတ်တော်ခေါ် ပေးဖို့ လုပ်နေတဲ့တော်လှန်ရေးမဟုတ်ပါဘူး၊ ဘာရည်ရွယ်ချက်နဲ့လုပ်နေတဲ့တော်လှန်ရေးလဲဆိုတာ အပေါ်မှာ ဖေါ်ပြခဲ့ပြီးပါပြီ။
၂။ စစ်အာဏာရှင်က လွှတ်တော်ခေါ်ပေးရင်လည်း ဘယ်လိုလွှတ်တော်အမျိုးအစားဖြစ်မလဲ။
စစ်အာဏာရှင်စနစ်လက်အောက်က လွှတ်တော်နိုင်ငံရေးနဲ့ စစ်အာဏာရှင်စနစ်ဖျက်သိမ်းရေး နဲ့ ဖက်ဒရယ်ဒီမို ကရေစီနိုင်ငံ တည်ထောင်ရေးဆိုတာကို ဘယ်လိုမှ သွားလို့မရဘူးဆိုတာ ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီ ၁ ရက် စစ်အာဏာသိမ်း မှုက လက်တွေ့သက်သေပြခဲ့ပြီးပါပြီ။ တော်လှန်ရေးမအောင်သေးဘဲ စစ်အုပ်စုက ခေါ်ပေးတဲ့ လွှတ်တော်ဟာ ၂၀၂၀ မ တိုင် ခင် အစိတ်သားလွှတ်တော်ထက်ပိုဆိုးတဲ့ စစ်လွှတ်တော်ပဲဖြစ်မယ်ဆိုတာ စဉ်းစားကြည့်နေစရာမလိုအောင် ရှင်းပါတယ်။
၃။ လွှတ်တော်နဲ့ပတ်သက်လို့ လွှတ်တော် ခေါ်ပေးစရာ ဉပဒေ မရှိဖြစ်နေပါတယ်။
၂၀၂၁ ခုနှစ်၊ မတ်လ(၃၁)ရက်နေ့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အမတ်တွေ အများစုပါဝင်တဲ့ ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)က ကြေညာချက်အမှတ်(၂၀/၂၀၂၁)နဲ့ ဖွဲ့စည်းပုံအခြေခံဉပဒေ(၂၀၀၈)ခုနှစ်ကို အပြီးသတ် ဖျက်သိမ်းကြောင်း ကြေညာခြင်းဆိုပြီး ထုတ်ပြန်ခဲ့ပြီးပါပြီ။ ကြေညာချက် နောက်ဆုံးပိုဒ်မှာ “၅။ သို့ပါ၍ ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီသည် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) အား ယနေ့ ၂၀၂၁ ခုနှစ် မတ်လ ၃၁ ရက် တွင် အပြီးသတ် ဖျက်သိမ်းကြောင်း ကြေညာလိုက်သည်။” လို့ အတိအကျ ရေးသားဖေါ်ပြထားပါတယ်။ စု၊ ရွေး၊ လွှတ်ဆိုတဲ့ နိုင်ငံ ရေးလမ်းစဉ် ကိုင်စွဲသူတွေဟာ ဘယ်ဖွဲ့စည်းပုံအခြေခံဉပဒေနဲ့ လွှတ်တော်ခေါ်ပေးတာကို လက်ခံမှာလဲလို့ မေးစရာရှိသွားပါပြီ။
ဒီအချက်တွေနဲ့ ဆန်းစစ်ကြည့်ရင် စု၊ ရွေး၊ လွှတ် နိုင်ငံရေးလမ်းစဉ်ဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဉပဒေအောက်က ဖောက်မထွက်နိုင်တဲ့နိုင်ငံရေးလမ်းစဉ်ဖြစ်နေပြီး၊ CRPH က ဖျက်သိမ်းပြီးသား ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဉပဒေကို ပြန်အသက်သွင်း ရာလည်း ရောက်နေပါတယ်။ တနည်းအားဖြင့် နွေဉီးတော်လှန်ရေးနဲ့ ပြဒါးတလမ်း၊ သံတလမ်းဖြစ်နေတဲ့ နိုင်ငံရေးလမ်းစဉ် ဖြစ် နေပါတယ်။
စု၊ ရွေး၊ လွှတ် လမ်းစဉ်မှာ “စု” ဆိုတဲ့အချက်က ရန်သူစစ်အုပ်စုက မတရားဖမ်းဆီးထားတာဖြစ်လို့ သူတို့ ပြန်လွှတ်ပေးမှ ရမှာမို့ လွှတ်ပေးရေးကို တောင်းဆိုတဲ့အချက်အဖြစ် ထည့်တာနဲ့ပတ်သက်လို့ တိုက်ယူရမယ်၊ တောင်းယူမယ်ဆိုတာတွေ မငြင်းခုန် တော့ဘဲ၊ နည်းနာ မတူတာပဲလေ … ဆိုပြီး နားလည် ပေးလိုက်လို့ရပါတယ်။
ရွေးကောက်ပွဲရလာဒ်ဆက်လက်စွဲကိုင်ရေးဆိုတာကတော့ လွတ်လပ်စွာစွဲကိုင်လို့ ရပါတယ်။ စွဲကိုင်ပြီး အောင်ပွဲကို ဘယ်လိုနည်းနာနဲ့သွားမလဲဆိုတာပဲ စောင့်ကြည့်စရာဖြစ်မှာပါ။
အဲဒီ့မှာ အဆိုးဆုံးလည်းဖြစ်၊ ဉပဒေကြောင်းအရလည်း လွဲချော်၊ နိုင်ငံရေးအတွေးအခေါ် အသိအမြင်အရလည်း ဝေဖန်ထောက်ပြစရာဖြစ်နေတဲ့အချက်ကတော့ စု၊ ရွေး၊ လွှတ်ထဲက လွှတ်တော်ပေါ်ပေါက်ရေး ဆိုတာပါဘဲ။ စု၊ ရွေး၊ လွှတ်အစား စု၊ ရွေး၊ လွှဲ ဆိုရင်တောင် ကိုယ်နဲ့မတူပေမဲ့ နည်းနာမတူတာပဲ၊ ၂၀၀၈ ဖွဲ့စည်းပုံအောက်ကမဟုတ်တဲ့နောက်လမ်းကြောင်းတခုပဲ ဆိုပြီး လေ့လာ စဉ်းစားတာ လုပ်ဖို့လိုပါလိမ့်ဉီးမယ်။ (လွှဲ ဆိုတာ အာဏာလွှဲပေးရေးကို ဆိုလိုတာပါ။)
အခုတော့ … စု၊ ရွေး၊ လွှတ် နိုင်ငံလမ်းစဉ်နဲ့ပတ်သက်ပြီး ပြောရမှာက -
စု၊ ရွေး၊ လွှတ် နိုင်ငံရေးလမ်းစဉ်ကို ကိုင်စွဲသူများခင်ဗျား -
၁။ ဘယ်ဖွဲ့စည်းပုံအခြေခံဉပဒေနဲ့ လွှတ်တော် ခေါ်ပေးတာကို လက်ခံမှာလဲလို့ မေးခွန်း ထုတ်ပါတယ်။
၂။ စု၊ ရွေး၊ လွှတ် နိုင်ငံရေးလမ်းစဉ်ကို ပြန်လည်သုံးသပ်ပါလို့ အကြံပြုပါတယ်။
၃။ နွေဉီးတော်လှန်ရေးလမ်းကြောင်းနဲ့ ဟန်ချက်ညီ ဆောင်ရွက်ကြပါလို့ တိုက်တွန်းပါတယ်။ ။
(အခု ဆွေးနွေးချက်တွေနဲ့ပတ်သက်ပြီး အဓိကဖြစ်တဲ့ စု၊ ရွေး၊ လွှတ် ဆိုတာ စစ်အာဏာရှင်စနစ်အောက်မှာ လုပ်မှာမဟုတ်ဘူး ….. ဆိုရင်တော့ အချက်အလက်နဲ့ ပြန်လည်ဆွေးနွေးတာ သိချင်ပါတယ်။)
အောင်သစ်
၂၇.၅.၂၀၂၂
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar