Breaking News

မြန်မာနွေဦး ခရိုနီကယ် - ဇွန် ၂၀ မြင်ကွင်း

မြန်မာနွေဦး ခရိုနီကယ် - ဇွန် ၂၀ မြင်ကွင်း

(မိုးမခ) ဇွန် ၂၁၊ ၂၀၂၂

 

မီးရှို့ခံနေရဆဲ စစ်ကိုင်းတိုင်းက ကျေးရွာတွေ၊ လူသားချင်းစာနာမှု အကူအညီပေးနိုင်ဖို့ အကျပ်အတည်း  

 ခုရက်ပိုင်းမှာ မီးရှို့ခံနေရတဲ့ စစ်ကိုင်းတိုင်းထဲက ဒေသတွေကတော့ ရွှေဘိုမြို့နယ်ထဲက ကျေးရွာတွေ ဖြစ်ပါတယ်။ ၅ ရက်အတွင်း လူနေအိမ် ၃၀၀ နီးပါး မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ သတင်းတွေထဲမှာ ဖေါ်ပြကြပါတယ်။ PDF တွေကို အခြေစိုက်တာ သို့မဟုတ် ကျေးရွာတွေက ထောက်ခံအားပေးတယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီဘက်က  ကျေးရွာတွေက လူနေအိမ်တွေကို မီးရှို့နေကြတာ နှစ်ပေါက်တော့မယ်လို့ ဆိုရပါမယ်။  

စိုက်ပျိုးရေးနဲ့ အသက်မွေးကြတဲ့ ကျေးလက်နေ တောင်သူ လယ်သမားတွေ အနေနဲ့ နေအိမ်တလုံးရဖို့ အချို့ဆို နှစ်ပေါင်း ၂၀ လောက် လုပ်ကိုင်စုဆောင်းခဲ့ကြတာ ဖြစ်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။ စစ်ကိုင်းတိုင်း ထဲက သူတို့ဇာတိရွာက သူတို့နေအိမ်လည်း ပြီးခဲ့တဲ့ လက စစ်တပ်က မီးရှို့စဥ် လောင်ကျွမ်းသွားခဲ့ပြီဖြစ်ပါတယ်။ ရိက္ခာတွေ၊ ဆီပုံးတွေ၊ ဆန်စပါးတွေ၊ သွားရေးလာရေး အတွက် ဆိုင်ကယ် ၊ အဝတ်အစား မီးဖိုချောင် အသုံးအဆောင်တွေ အားလုံးမီးထဲပါသွားခဲ့တယ်လို့ ဆိုပါတယ်။ သူ့အစ်ကိုဖြစ်သူရဲ့ အိမ်ဆို သိန်း ၄/၅/၆ ရာလောက် ကုန်ကျခံ ဆောက်လုပ်ထားတာ ဖြစ်လို့ ပြီးခဲ့တဲ့ နှစ်လယ်လောက်နဲ့ နှစ်ကုန်ပိုင်းလောက်ကတည်းက စစ်ကိုင်း တိုင်းထဲက ရွာတွေ မကွေးတိုင်းထဲက ရွာတွေမှာ နေအိမ်မီးရှို့ခံနေရတဲ့ သတင်းတွေကြားကတည်းက စိုးရိမ်တာကြောင့် တခြားသူတွေ ကျေးရွာကနေ တိမ်းရှောင်သည့်တိုင် နေအိမ်ကို နှမြောတာကြောင့် နေအိမ် သံယောဇဥ်နဲ့ သူ့ ရွာမှာပဲ တွယ်ကပ် နေထိုင်ခဲ့ပြီး နေအိမ် မဆုံးရှုံးရဖို့ မျှော်လင့်နေခဲ့တာ ဖြစ်ပေမယ့် ဆန္ဒမပြည့်ဝရှာပဲ ပြီးခဲ့တဲ့ လကုန်ပိုင်းက သူတို့ရွာ မီးတင်ရှို့ခံရချိန်မှာတော့ သူ့နေအိမ်လည်း ပါသွားခဲ့တာ ဖြစ်ပါတယ်။  

သူတို့နေထိုင်တဲ့ ကျေးရွာကို စစ်တပ်တွေ ဝင်လာပြီဆိုကတည်းက အလျင်အမြန် တိမ်းရှောင်ကြရကာ ဝေးဝေးက လှမ်းမြင်ရတဲ့ အနီးအနား ကျေးရွာတွေ တောစပ် ယာစပ်ကနေ စောင့်ကြည့်နေကြပြီး သူတို့နေထိုင်ရာ ကျေးရွာက မီးခိုးတွေ ထွက်လာတဲ့အခါ ကိုယ့်အိမ်များ ကျန်မလားဆိုတဲ့ မျှော်လင့်ချက်နဲ့ စစ်တပ်ပြန်ထွက်သွားတဲ့အချိန်အထိ စောင့်ကြည့်နေကြရတာ မျိုးဖြစ်ပါတယ်။ နာရီနဲ့ ဒါမှမဟုတ် နောက်တရက်ကျော် ၂ ရက်မှ ပြန်ထွက်သွားတဲ့အခါ ကိုယ့်ရွာကို ပြန်ပြီး အပျက်အစီးတွေကို ကြည့်ခဲ့ကြတဲ့အခါ နေအိမ်လည်း မီးထဲပါသွားတဲ့ အဖြစ်မျိုးကြုံကြရတာလို့ ဆိုပါတယ်။  

စိုက်ပျိုးရေး နဲ့ အသက်မွေးတဲ့ သူတွေအဖို့ ဘဝတသက်တာမှာ နေအိမ်ဆောက်ဖို့ တကြိမ်ထက်ပိုပြီး တတ်နိုင်တာမျိုးမဟုတ်ပါဘူး။ ပဲ၊ နှမ်း၊ စပါး၊ ဖရဲ ၊ သခွားစတဲ သီးနှံတွေ စိုက်ပျိုးပြီး အသက်မွေးကြတဲ့ စစ်ကိုင်းတိုင်း ပုလဲ၊ ယင်းမာပင်၊ ကနီ၊ ရွှေဘို၊ တန့်ဆည်၊ မြင်းမူ၊ ဘုတလင်၊ ကန့်ဘလူ၊ ကျွန်းလှစတဲ့ ဒေသတွေက လူပေါင်း သိန်းချီတဲ့ ဘဝတွေကို အခုလို မီးရှို့ဖျက်ဆီးခံရမှုတွေ အသက်ဆုံးရှုံးမှုတွေက တိုက်စားဖျက်ဆီးနေတာမျိုး ဖြစ်ပါတယ်။  

မြန်မာစစ်တပ်အနေနဲ့ အခုလို ကျေးရွာတွေ ဖျက်ဆီး အသိုက်အမြုံဖျက်ဆီးတဲ့ မြေလှန်တဲ့ စနစ်နဲ့ လက်နက်ကိုင် တိုက်ခိုက်မှုကို ချေမှုန်းတာဟာ အခုမှ အသစ်မဟုတ်ပေမယ့် စစ်ကိုင်းတိုင်းလို ဒေသမျိုးအဖို့တော့ အခုတကြိမ်ဟာ ပထမဆုံးဖြစ်ပါတယ်၊ မကွေးတိုင်းလည်း အလားတူဖြစ်ပါတယ်။  

နေအိမ်တွေမီးရှို့မခံရအောင် နည်းလမ်းရှာကြဖို့ NUG ရဲ့ ဝန်ကြီးချုပ်ဖြစ်သူက မကြာခင်က ကာကွယ်ရေး ဝန်ကြီးဌာနကို တိုက်တွန်းခဲ့တာလည်း သတင်းထဲ ဖတ်လိုက်ရပါတယ်။ ဒီအချက်က အရေးတကြီးထား စဥ်းစား လုပ်ဆောင်ကြဖို့ အစောကြီးကတည်းက လိုအပ်တယ်လို့ ထင်ပါတယ်။ ကျေးရွာတွေမှာ အခြေစိုက်ပြီး လက်နက်ကိုင် တိိုက်ခိုက်ကြမလား၊ သီးခြားနယ်မြေ တော, တောင် ကို အခြေခံပြီး တိုက်ခိုက်တာမျိုးလုပ်မလား ဆိုတဲ့ ရွေးစရာနည််းလမ်း သို့မဟုတ်ရင် ကျေးရွာတွေမှာ အခြေစိုက်မယ် ဆုံးဖြတ်ရင်လည်း ကျေးရွာတွေကို မီးရှို့မခံရအောင် ဘယ်လို ကာကွယ်မလဲဆိုတာမျိုး နည်းဗျူဟာအရ စစ်ရေးအရ စဥ်းစားလုပ်ဆောင်ကြဖို့ လိုအပ်ကောင်း လိုအပ်လိမ့်မယ် ထင်ပါတယ်ေ

ပြောက်ကျားစစ် နည်းဗျူဟာ ၊ အခြေစိုက် စိုးမိုးနယ်မြေထူထောင်တဲ့ နည်းဗျူဟာ တွေထဲက အခြေအနေနဲ့ ကိုက်ညီတဲ့ တခုခု ကိုရွေးချယ်ကြဖို့ လိုအပ်မယ် လို့ထင်မြင်မိပါတယ်။ နို့မဟုတ်ခဲ့ရင် မြေလှန်စနစ်နဲ့ ရေနဲ့ ငါးကို ခွဲဖို့ ရေတွေအကုန်ခပ်ထုတ်ပြီးငါးမနေနိုင်အောင် လုပ်တာမျိုး ကို ရင်ဆိုင်နေကြရတဲ့ အခြေအနေမျိုးနဲ့ အလားသဏ္ဌာန်တူနေပါတယ်။  

တဆက်တည်း နောက်ပြဿနာတခုက တော့ အခုလို စစ်ဖြစ်နေတဲ့ ဒေသတွေက စစ်ဘေးရှောင် ဒုက္ခသည်တွေလို အပ်တဲ့ လူသားချင်းစာနာမှု အကူအညီပဲ ဖြစ်ပါတယ်။ မကြာသေးခင်က ထုတ်ပြန်တဲ့ စာရင်းအရ မြန်မာတနိုင်ငံလုံးမှာ ဒုက္ခသည် ၁.၂ သန်းလို့ ဆိုခဲ့ပြီး အခု ရက်ပိုင်း နောက်ဆုံး ကိန်းဂဏန်းက ၁.၄ သန်း အထိ ရောက်ရှိနေပြီဖြစ်ပါတယ်။ ဒါက ပြည်တွင်းက ဒုက္ခသည်အရေအတွက်သာ ဖြစ်ပြီး ပြည်ပရောက်နေတဲ့ အရေအတွက်ပါ ထည့်ပေါင်းရင် ၂ သန်းခွဲကျော် ရှိမှာဖြစ်ပါတယ်။  

ပြည်တွင်းမှာ ရှိနေတဲ့ ၁.၄ သန်းကို အကူအညီပေးနိုင်ဖို့ အတွက် အကူအညီပေးဝေခွင့် အခြေအနေရှိမနေတာက အဓိကပြဿနာ ဖြစ်နေပါတယ်။ စစ်ကောင်စီက နယ်မြေတွေကို ရိက္ခာဆေးဝါး မသယ်ယူနိုင်အောင် ပိတ်ဆို့ထားတာ၊ လူသားချင်းစာနာမှု အကူအညီပေးတဲ့ အဖွဲ့အစည်းတွေကို သွားခွင့်မပေးတာတွေက အဓိက အခက်အခဲတွေ ဖြစ်နေပါတယ်။  

ကုလသမဂ္ဂအနေနဲ့ လူသုံးသိန်းလောက်ကို ကူညီပြီးပြီလို့ အခုရက်ပိုင်းအတွင်း ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။ ကယားပြည်နယ်က ဒေသအချို့ကို ပြီးခဲ့တဲ့ လက အကူအညီပေးဝေခဲ့တဲ့ သတင်းတွေဖေါ်ပြခဲ့ပြီး လက်လှမ်းမမှီတဲ့ ဒေသတွေလည်း ရှိနေတာဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းလိုမျိုးမှာတော့ လက်ရှိ အနေအထားမှာ ကုလသမဂ္ဂ လို အဖွဲ့အစည်း အိုင်စီအာရ်စီလို အဖွဲ့အစည်းတို့က သွားရောက်ကူညီနိုင်တဲ့ အနေအထားမျိုးမတွေ့ရသေးပါဘူး။  

လူသားချင်းစာနာမှု အကူအညီက အခြေခံအခွင့်အရေး ပါဝင်ပတ်သက်နေတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတိုင်းက ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်တယ် ခွင့်ပြုသင့်တယ်လို့ဆိုပေမယ့် စစ်ရေးမှာ အသာစီးရလိုမှုအတွက် စစ်ကောင်စီကတော့ ဒေသတွေကို ဖြတ် ၄ ဖြတ်လို အကူအညီ ရိက္ခာ၊ ဆေးဝါး ၊ အဆက်အသွယ်တွေပါ ဖြတ်တောက်ပြီး လုပ်ဆောင်နေတာ ဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar