Breaking News

မြန်မာနွေဦး ခရိုနီကယ် - ဇွန် ၁၉ မြင်ကွင်း

မြန်မာနွေဦး ခရိုနီကယ် - ဇွန် ၁၉ မြင်ကွင်း

(မိုးမခ) ဇွန် ၂၀၊ ၂၀၂၂

 

ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာ့နိုင်ငံရေး  

ဒီနေ့ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၇ နှစ်မြောက် မွေးနေ့ ဖြစ်ပါတယ်။ ၁၉၈၉ ခုနှစ် နောက်ပိုင်း နေအိမ် အကျယ်ချုပ်ကာလတွေနဲ့ ကြိုကြားကြိုကြား အပြင်မှာ နေရတဲ့ကာလတွေမှာလည်း ဒေါ်အောင်ဆန်းစုကြည် ကြုံတွေ့ခဲ့ရပြီး မွေးနေ့မှာ နေအိမ်အကျယ်ချုပ်ဘဝနဲ့ နေရတာ ထူးဆန်းတဲ့ အဖြစ်အပျက်တော့မဟုတ်ဘူးလို့ဆိုရမှာပါ။  

၁၉၈၉ ခုနှစ် ဇူလိုင် ၁၉ အာဇာနည်မတိုင်ခင် အကျယ်ချုပ်နဲ့ ထိန်းသိမ်းလိုက်တဲ့ဆီက စလို့ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲအပြီးကာလအကြား အကျယ်ချုပ်တလှည့် ပြန်လွတ်မြောက်တာတလှည့် တရားရုံးတင် စစ်ဆေးတာတကြိမ် ကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။  

အဲဒီကာလတွေမှာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ပါတီထဲက တက်ကြွသူ နော်အုန်းလှက အင်္ဂါနေ့တိုင်း ရွှေတိဂုံဘုရားမှာ ဆုတောင်းတဲ့ လှုပ်ရှားမှုကို ဦးဆောင် လှုပ်ရှားခဲ့တဲ့ အဖြစ်အပျက်တွေလည်း ရှိပါတယ်။ နော်အုန်းလှအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပုဂ္ဂိုလ်ရေး ကိုးကွယ်မှုထက်ကို ဒီမိုကရေစီ လှုပ်ရှားမှု နဲ့ ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးကို ချိတ်ဆက်ကာ လူအများလိုက်လုပ်နိုင်မယ့် နည်းလမ်း လူထုကို နှိုးဆော်မယ့်နည်းလမ်းကို သုံးခဲ့တာလို့ အခုနေပြန်သုံးသပ်ရပါတယ်။  

ဘာလို့ဆို ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်မြောက်လာတဲ့အခါမှာ သူ့ကို အန်အယ်လ်ဒီပါတီက ထုတ်ပယ်ထားနှင့်ပြီဖြစ်ပြီး နောက်ပိုင်းမှာလည်း နော်အုန်းလှအနေနဲ့ လုပ်သင့်တဲ့ ကိစ္စရပ်တွေကို ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အမြင်မတူတဲ့အခါမှာ ရဲရဲရင့်ရင့်ပဲ သူ့အမြင်နဲ့ သူ လှုပ်ရှားခဲ့ ပြောခဲ့တာကြောင့် နော်အုန်းလှအဖို့ ဖမ်းဆီးခံရတာ ပြစ်ဒဏ်ချမှတ်ခံရတာတွေ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း ကြုံခဲ့ရတာ ဖြစ်ပါတယ်။  

ဒီနေရာမှာ ၁၉၉၀ ကနေ ၂၀၁၀ ကုန်ထိ  စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးဆိုတဲ့ အချက်က အစဥ်အမြဲ ဦးစားပေး ၁-၂-၃ ထဲပါခဲ့တာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးနဲ့ မြန်မာ့ဒီမိုကရေစီအရေးက တွဲနေတဲ့သဖွယ် လူအများက နားလည်နေခဲ့ကြပါတယ်။ အဲဒီကာလတွေက စု-လွှတ်-တွေ့ ဆိုတဲ့ ကြွေးကြော်သံ စကားလုံးက နိုင်ငံရေးအကြောင်း ပြောကြ ဆွေးနွေးကြတိုင်း ပါလာတဲ့ စကားလုံးဖြစ်နေခဲ့ပါတယ်။  

ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထိန်းသိမ်းထားနိုင်ရင် မြန်မာ့ဒီမိုကရေစီ လှုပ်ရှားမှုကို အရှိန်သေအောင် လုပ်ထားနိုင်မယ်လို့ စစ်အာဏာရှင်တွေက ယူဆခဲ့ကြတာလည်း ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ သို့ပေမယ့် လက်တွေ့နိုင်ငံရေး အခြေအနေတွေက အဲဒီလို လွယ်ကူရှင်းလင်းတဲ့ ကောက်ချက်ဆွဲလို့ ရတဲ့ အခြေအနေမျိုးတော့မဟုတ်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ဟာ လူအများရဲ့ ယုံကြည်မှုထောက်ခံမှုကို ရတဲ့ နိုင်ငံရေးခေါင်းဆောင်ဖြစ်တယ်၊ လူအများကို နှိုးဆော်နိုင်တဲ့ ပုဂ္ဂိုလ်တယောက်ဖြစ်တယ်ဆိုတာ မှန်ပေမယ့်လည်း ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတာနဲ့ ဒီမိုကရေစီအရေး အောင်မြင်ပြီလို့ ယူဆမရကြောင်း သမိုင်းအဖြစ်အပျက်တွေက သက်သေပြခဲ့တာ ဖြစ်ပါတယ်။  

၂၀၁၀  ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့မှာ ပြန်လွတ်ပြီးနောက်မှာ ရွေးကောက်ပွဲလမ်းကြောင်း အမျိုးသားပြန်လည် ရင်ကြားစေ့ရေးလမ်းကြောင်းပေါ် လျှောက်လှမ်းခဲ့ပြီး ၂၀၁၂ မှာ ကြားဖြတ်ရွေးကောက်ပွဲဝင်ဖို့ ကြံ့ခိုင်ရေး ပါတီဦးဆောင်တဲ့ သမ္မတဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့အကြား စကားပြောခဲ့ကြ ဆွေးနွေးခဲ့ကြ ဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီကတဆင့် လွှတ်တော်ထဲ NLD ကိုယ်စားလှယ် ၄၀ ကျော်ရောက်ခဲ့ပြီး နောက်လာမယ့် အထွေထွေရွေးကောက်ပွဲဝင်ဖို့ အရပ်သားအစိုးရအဖြစ် တာဝန်ယူဖို့အထိ ရည်မှန်းပြီး လျှောက်လှမ်းခဲ့တာ ဖြစ်ပါတယ်။  

၂၀၁၅ မှာ ရွေးကောက်ပွဲအပြတ်အသတ် နိုင်ခဲ့ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ရော အန်အယ်လ်ဒီပါတီအနေနဲ့ပါ ပထမဆုံး အစိုးရတာဝန်ကို ယူခဲ့တာ ဖြစ်ပြီး မြန်မာနိုင်ငံဒီမိုကရေစီ လမ်းကြောင်းပေါ် ရောက်ပြီလို့ ပြည်သူတွေနဲ့ နိုင်ငံတကာက ယူဆခဲ့ကြတာ ဖြစ်ပါတယ်။  

သို့ပေမယ့် အစိုးရသက်တမ်း ၅ နှစ်ကြာပြီးနောက် ၂၀၂၀ ရွေးကောက်ပွဲက စစ်တပ်အနေနဲ့ နောက်ထပ် သက်တမ်း ၅ နှစ်ကို အန်အယ်လ်ဒီ အစိုးရဆက်လုပ်ဖို့ ခွင့်မပြုနိုင်ဘူးလို့ ဆုံးဖြတ်ထားရာက ရွေးကောက်ပွဲ မဲမသမာမှုလို့ အကြောင်းပြပြီး စစ်အာဏာသိမ်းခဲ့တာ ဖြစ်ပါတယ်။  

မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားမှု ခရီးလမ်းက ဇီးရိုးဆက်တင်ကို ပြန်ရောက်သွားတယ်လို့ ဆိုနိုင်တဲ့ ၂၀၂၁ စစ်အာဏာသိမ်းမှု အပြီး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ပါတီခေါင်းဆောင်ပိုင်း အများစု ထိန်းသိမ်းခံရကာ မြန်မာနိုင်ငံအနေနဲ့ ပြည်တွင်းစစ်တံခါးဝကို ဦးတည်ကာ တနှစ်အကြာမှာတော့ ပြည်တွင်းစစ်ထဲ ကျဆင်းနေပြီ ဖြစ်ပါတော့တယ်။  

အခုလိုအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ စစ်ကောင်စီက စွဲဆိုထားတဲ့ အမှုပေါင်း ၁ ဒါဇင်ကျော်ကို ရင်ဆိုင်နေရကာ စစ်ကောင်စီ လွှမ်းမိုးထားတဲ့ တရားရုံးက ထောင်ဒဏ် နှစ်ဆယ်ဂဏန်းနဲ့ချီ ချမှတ်ခံထားရပြီဖြစ်ပါတယ်။  

မြန်မာ့နိုင်ငံရေးမှာ၂၀၂၁ ခုနှစ်ဟာ  ဗမာလူမျိုးတွေရဲ့ လက်နက်ကိုင်တော်လှန်ရေး လမ်းစဥ် တကျော့ပြန်လည်လာတဲ့နှစ်လို့ ဆိုရမယ့် အခြေအနေ ရောက်လာတာ ဖြစ်ပါတယ်။ ၁၉၄၈ ခုနှစ် လွတ်လပ်ရေး ရပြီးနောက်ပိုင်း ကွန်မြူနစ်ပါတီက လက်နက်ကိုင် တော်လှန်တဲ့ ကာလလို၊ ၁၉၇၀ ခုနှစ်ဝန်းကျင် ဦးနုရဲ့ ပြည်ချစ်ပါတီ လက်နက်ကိုင် တော်လှန်တဲ့ ကာလတို့ နဲ့ နှိုင်းယှဥ်ရမယ့် ကာလ ဖြစ်လာခဲ့ပါတယ်။  

အခုလို လက်နက်ကိုင် တော်လှန်မှုကို ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ဘယ်လို သဘောထားသလဲဆိုတာ တိတိပပ ဘယ်သူမှ မပြောနိုင်ကြပါဘူး။ တရားရုံးထုတ်တွေမှာ ရှေ့နေတွေနဲ့ တွေ့ဆုံတဲ့အခါ မြန်မာနိုင်ငံမှာ လက်ရှိ ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေနဲ့ပတ်သက်လို့ တိတိပပ သဘောတူတာ မတူတာတွေ ထုတ်မပြောပဲ ယေဘုယျဆန်တဲ့ စည်းလုံးကြဖို့၊ ပြည်သူအချင်းချင်း ကူညီကြဖို့ဆိုတဲ့ သတင်းစကားမျိုးသာ ပြောဆိုပြီး တိုင်းပြည်မှာ ဖြစ်ပျက်နေတဲ့ လက်နက်ကိုင် တိုက်ခိုက်မှုတွေ ၊ သတ်ဖြတ်မှုတွေ ၊ ဖောက်ခွဲမှု ၊ အသက်ဆုံးရုံးရမှုတွေနဲ့ပတ်သက်လို့ ဘယ်လို လုပ်သင့်တယ် ဘယ်လို ဖြစ်သင့်တယ် ဘယ်လမ်းစဥ်ကိုတော့ သဘောတူတယ် မတူဘူး စတဲ့ သတင်းစကားတွေ ထုတ်ပြောတာ မရှိပါဘူး။  

မြန်မာနိုင်ငံရေးက လမ်းဆုံလမ်းခွမှာ ရောက်နေပြီလို့ ဆိုတာထက် လမ်းဆုံလမ်းခွကနေ လက်နက်ကိုင် လမ်းစဥ် စစ်တပ်ုအနေနဲ့ အပြီးတိုင် လက်နက်ချဖို့ သို့မဟုတ် NUG နဲ့ တိုင်းရင်းသားလက်နက်ကိုင် အချို့တို့ပူးပေါင်းပြီး ချေမှုန်းဖို့ ဆိုတဲ့ လမ်းချိုးထဲ ချိုးဝင်ပြီး လျှော်က်လှမ်းနေပြီဖြစ်ပါတယ်။  

ဒီလိုအနေအထား လမ်းဆုံလမ်းခွကို အနည်းငယ်တောင် ကျော်လွန်နေပြီဖြစ်တဲ့ မြန်မာ့နိုင်ငံရေးမှာ အခြားသော နိုင်ငံရေးခေါင်းဆောင်တွေ အားလုံးထက် သြဇာရှိသူ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ဒီလမ်းကို ဆက်လျှောက်ဖို့ သဘောတူသလား သဘောမတူသလားဆိုတာ ထုတ်ပြောဖို့ သင့်ပြီလို့လည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့မှာ တွေးကြည့်မိပါတော့တယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar