Breaking News

သစ်ကောင်းအိမ် - ပုံပြောသူ ပြောပုံအရ

သစ်ကောင်းအိမ် - ပုံပြောသူ ပြောပုံအရ
(မိုးမခ) ဇွန် ၂၀၊ ၂၀၂၂

ဒီချစ်ခန်းကြိုက်ခန်းမှာ
အရွှင်မြူးဆုံးဇာတ်ဝင်ခန်းပဲ
ရှေးဦးသူနာပြုနည်းနဲ့
တယောက်ကိုတယောက်နမ်းကြ
အိမ်ဦးခန်းမှာဆီဦးထောပတ်အမြိန်သား
မုဆိုးမထမိန်နားခိုစားပြီး
မုဆိုးမအိမ်မီးလောင်တဲ့အလှည့်ကျ
ကိုယ့်ဖင်လေးအသာကြွ
နတ်ကွန်းပေါ်က
ခုန်ချထွက်ပြေးတော်မူကုန်ကြ
သူတောင်းစားရှေ့ဒန်ခွက်ထဲကပိုက်ဆံကိုတောင်
ကုသိုလ်နဲ့ငရဲကြား
ပွဲစားခယူလို့
နောက်ဘဝမှာ အိမ်ငှါးလုပ်ဖို့
ခုဘဝတည်းက
စရန်ကြိုတင်ထားရ
နောက်ဘဝရဲ့
အိမ်ကြီးရှင်ဟာလည်းသူတို့ပဲ
မစားရဝခမန်း
မိုးပေါ်တဝှီးဝှီးဝဲပျံပြနေတာလဲ
ပုခုံးပေါ်တောင်ဝှေးတချောင်းနဲ့
အနီရောင်ဝတ်စုံနဲ့မောင်တွေရော
ရင်ဘတ်မှာ’s’စာလုံးကြီးချိတ်လို့
အပြာရောင်ဝမ်းဆက်နဲ့ကောင်တွေရော
လင်းနို့ယောင်ယောင် 
ပင့်ကူယောင်ယောင်
‘လူ’ လည်းမဟုတ်
‘လွန်’ လည်းမဟုတ်
ဟိုယောင်ယောင်ဒီယောင်ယောင်
လူလွန်မသားအထောင်အသောင်းတို့ကြား
သေချာတာက
ရရာလက်နက်ဆိုပြီး
ပြေးစွဲရင်
မင်းလက်ထဲပြတ်ပါလာမယ့်
မင်းရဲ့တခြားလက်တဖက်သာ
ဒီတိုက်ပွဲမှာ
မင်းကိုင်စွဲရမယ့် 
လက်နက်ပဲ
ရာဇဝင်ထဲသင်္ဘောပျက်တုန်းပါသွားတဲ့
ဘိုးဘေးဘီဘင်အစဉ်ဆက်က
ပတ္တမြားကျောက်စီဓားကြီးကို
ဖက်ငိုနေရန်လည်း အချိန်မရ
ဆန်တက်လာတဲ့အသံအိုးတလျှောက်က
ကိုယ့်လေချဉ်တွေကို
အပျင်းပြေလေယာဉ်ရုပ်ချိုး
လေမှူတ်ပြီး
မိုးပေါ်ပျံဝဲတမ်းကစားသူတွေနဲ့
လွင်ထီးထီး
ကွင်းခေါင်ခေါင်
တကယ်တော့
သဘာဝအတိုင်းဆိုရင်တောင်
ငှက်မြည်သံတွေပင်
သံသယဝင်စရာကောင်းပြီး
လေတိုးသံတွေကအစ
အပိုအလျှံမရှိသင့်တဲ့ 
ဒီတော ဒီတောင်
သံပြိုင်ပိုဒ်မရောက်ခင်
လိုအပ်ရင် 
အသံထွက်တူရိယာတွေအားလုံး
သံပြိုင်ရပ်တန့်တိတ်ဆိတ်ပစ်လိုက်ကြရမယ့်
ဒီအတော ဒီအရှိုက်
ဖွာလန်ကြဲနေတဲ့ပွဲလန့်သံတွေကြားကနေ
‘ပွဲသိမ်း‘ ပျံသန်းလာမယ့်
မြားတစင်းက
ကိုယ့်ဝိညာဉ်ကိုနှုတ်ယူဖို့လက်မဦးခင်
အသက်အောင့်ထားတဲ့ကြားက
နားရွက်အခတ်မှာ
လေထဲက 
‘ချွတ်နင်းသံ‘
မကြားလိုက်မှာကိုပဲ
နားစိုက်ထားမိတယ်

၊ ၁၉ ဇွန် ၂၀၂၂ ၊

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar