Breaking News

ကိုကျော် (မြစ်ကြီးနား) - Juneteenth - ကျွန်ဘဝမှ လွတ်မြောက်သည့်နေ့

ကိုကျော် (မြစ်ကြီးနား) - Juneteenth - ကျွန်ဘဝမှ လွတ်မြောက်သည့်နေ့
(မိုးမခ) ဇွန် ၂၁၊ ၂၀၂၂

ဇွန်လ ၁၉ ရက်က မြန်မာနိုင်ငံရဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၇၇ နှစ်မြောက်မွေးနေ့ ဖြစ်သလို နိုင်ငံတကာဖခင်များနေ့ (Father's day) လည်း ဖြစ်ပါတယ်။ 

ဇွန်လ ၁၉ ရက် ဖခင်များနေ့မှာ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီး ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် နှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က အားလုံးသိကြတဲ့အတိုင်း ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီ ၁ ရက်မှာ တိုင်းပြည်ရဲ့အာဏာကို မတရားသိမ်းယူခဲ့တဲ့ အကြမ်းဖက် အာဏာရှင်အုပ်စုတွေရဲ့ လက်ချက်နဲ့ ဖမ်းဆီးခံထားရပြီး မတရားတဲ့ စွပ်စွဲမှုများစွာနဲ့ ရင်ဆိုင်နေရပါတယ်။ 
လူတွေသိပ်မသိကြသေးတဲ့ အချက်တစ်ချက်က ဇွန်လ ၁၉ ရက်နဲ့ဟာ အမေရိကန်ရဲ့ အများပြည်သူအားလပ်ရက် အထိမ်းအမှတ်နေ့တစ်နေ့ လည်းဖြစ်ပြီး 'Juneteenth' လို့ ခေါ်ကြပါတယ်။ မနှစ်တုန်းကမှ သမ္မတဂျိုးဘိုင်ဒန်က အများပြည်သူရုံးပိတ်ရက်နေ့ အဖြစ် လက်မှတ်ထိုးခဲ့ပြီး တရားဝင်သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် Juneteenth နေ့ ဖြစ်ပေါ်လာပုံကို အနည်းငယ်ပြောပြချင်ပါတယ်။ 

အလွယ်ဆုံးပြောရရင်တော့ Juneteenth နေ့ဆိုတာက အမေရိကန်မှာ အာဖရိကန်-အမေရိကန်လူမည်းများ ကျွန်ဘဝအဖြစ်မှ လွတ်မြောက်ခဲ့တဲ့နေ့ပဲ ဖြစ်ပါတယ်။ 

အမေရိကန် ပြည်တွင်းစစ်ကာလအတွင်း ၁၈၆၅ ခုနှစ် ဇွန်လ ၁၉ ရက်နေ့မှာ ယူနီယန်တပ်ဖွဲ့မှ (အေဘရာဟင်လင်ကွန်းဦးဆောင်တဲ့ မြောက်ပိုင်းတပ်ဖွဲ့) တက္ကဆက်ပြည်နယ် ဂါဗက်စတန်မြို့ (Galveston) သို့ရောက်ရှိလာပြီး ပြည်တွင်းစစ်ပွဲ ပြီးဆုံးသွားပြီဖြစ်ကြောင်း နဲ့ သင်္ဘောဆိပ်ကမ်းမှာ အလုပ်လုပ်နေကြတဲ့ အာဖရိကန်-အမေရိကန် လူမည်းကျွန်အရေအတွက် ၂ သိန်းခွဲတို့အား  ကျွန်စနစ်ဖျက်သိမ်းကြောင်း၊ ကျွန်အဖြစ်မှ လွတ်လပ်သွားပြီဖြစ်ကြောင်း သတင်းစကားပါးလာတဲ့နေ့ ဖြစ်ပါတယ်။

ပိုပြီးနားလည်လွယ်အောင် ဒီနေရာမှာကြားဖြတ်ပြီး နောက်ခံသမိုင်းတချို့ကို အနည်းငယ်ကို ပြောပြချင်ပါတယ်။ သမိုင်းဝင် အမေရိကန်ပြည်တွင်းစစ် Civil War က ၁၈၆၁ - ၁၈၆၅ ခုနှစ်အတွင်းမှာ ဖြစ်ပွားခဲ့တယ်။ ပြည်တွင်းစစ်ဖြစ်ခဲ့ရတဲ့ အဓိက တစ်ခုတည်းသော အကြောင်းအရင်းက ကျွန်စနစ်နဲ့ပတ်သက်ပြီး သဘောထားကွဲလွှဲမှုကြောင့် ဖြစ်ပါတယ်။ 

ကျွန်စနစ်ဖျက်သိမ်းဖို့ လိုလားတဲ့ အေဘရာဟင်လင်ကွန်း ဦးဆောင်တဲ့ မြောက်ပိုင်းပြည်နယ်များတပ်ဖွဲ့ (သို့) Union Army - ယူနီယံတပ်ဖွဲ့ နဲ့ ကျွန်စနစ် ဆက်လက်ထားရှိမယ်ဆိုတဲ့  ဂျက်ဖာဆန်ဒေးဗစ်ဦးဆောင်တဲ့ တောင်ပိုင်းပြည်နယ်များတပ်ဖွဲ့ (သို့) Confederate Army - ကွန်ဖယ်ဒရိတ်တပ်ဖွဲ့ နှစ်ပိုင်းကွဲခဲ့တယ်။ ပြည်တွင်းစစ်အဆုံးမှာ တောင်ပိုင်းကွန်ဖယ်ဒရိတ်တပ်ဖွဲ့က ရှုံးနိမ့်ခဲ့ပါတယ်။

မြောက်ပိုင်းပြည်နယ်များရဲ့ ခေါင်းဆောင် သမ္မတ အေဘရာဟင်လင်ကွန်းက ၁၈၆၃ ခုနှစ်မှာ ကျွန်စနစ် လွတ်မြောက်ရေးကြေညာစာတမ်း (Emancipation Proclamation) ကို လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ပေမယ့် နေရာဒေသတစ်ခုနဲ့တစ်ခု သက်ရောက်မှုရှိခဲ့တာ မတူညီခဲ့ပါဘူး။ ၂ နှစ်ကြာနောက်ပိုင်းမှ တောင်ပိုင်းပြည်နယ်များဖြစ်တဲ့ တက္ကဆက်ပြည်နယ် Galveston မြို့မှာ ကျွန်စနစ်ဖျက်သိမ်းတဲ့သတင်းကို ကြားခဲ့ရတာဖြစ်ပါတယ်။

၁၈၆၅ ခုနှစ် ဇွန်လ ၁၉ ရက်နေ့မှာ Galveston မှ လူမည်း အာဖရိက-အမေရိကန်များက ကျွန်ဘဝအဖြစ်မှ လွတ်မြောက်ခဲ့တဲ့နောက် ၁၈၆၆ ခုနှစ်မှာစပြီး တက္ကဆက်ပြည်နယ် လူမည်းများအများစု နေထိုင်ကြတဲ့ ရပ်ကွက်ဒေသ ဘုရားကျောင်းများမှာ ပထမဆုံးအကြိမ်အဖြစ် ဇွန်လ ၁၉ ရက် နှစ်ပတ်လည် အခမ်းအနားများ ပြုလုပ်ခဲ့ပြီး ၁၈၆၆ မှ ၁၉၃၀ နှစ်များအထိ တခြားသောပြည်နယ်များသို့ ပျံ့နှံ့သွားခဲ့ပါတယ်။

တက္ကဆက်ပြည်နယ်မှ ဥပဒေပြုရေးရာ ကိုယ်စားလှယ်လောင်း Al Edwards မှ ဇွန်လ ၁၉ ရက် Juneteenth အား တက္ကဆက်ပြည်နယ်ရဲ့ အများပြည်သူရုံးပိတ်ရက်အဖြစ် သတ်မှတ်ဖို့ အဆိုပြုလွှာတင်သွင်းခဲ့ပြီးနောက် ၁၉၇၉ ခုနှစ်မှာ ပြည်နယ်အုပ်ချုပ်ရေးမှုးမှ လက်မှတ်ထိုး အတည်ပြုခဲ့ပါတယ်။ ၂၀၀၀ ခုနှစ်မတိုင်ခင်အထိ နောက်ထပ်ပြည်နယ် ၃ ခု မှ တရားဝင်အားလပ်ရက်အဖြစ် သတ်မှတ်ခဲ့ပြီး Juneteenth အခမ်းအနားတစ်ခုမှာ ခန့်မှန်းခြေ လူ ၁၀၀၀ ခန့် မြို့တော် ဝါရှင်တန်ဒီစီမှာ ကျင်းပခဲ့ပါတယ်။ 

National Juneteenth Celebration Foundation ကို တည်ထောင်သူ Ben Haith က Juneteenth အလံဒီဇိုင်းအား ဖန်တီးခဲ့ပြီး ၂၀၀၀ ခုနှစ်မှာ မှတ်ပုံတင်ခဲ့ပါတယ်။ စာရေးဆရာ Ralph Ellison ရဲ့ ဒုတိယမြောက်ဝတ္ထုအဖြစ် 'Juneteenth' ကို ပုံနှိပ်ထုတ်ဝေခဲ့ပြီးတဲ့နောက် အမေရိကန်နေရာအနှံ့ လူအများရဲ့စိတ်ဝင်စားမှု အာရုံစိုက်ခြင်းကို ခံခဲ့ရပါတယ်။

၂၀၁၆ ခုနှစ်မှာ 'Juneteenth နေ့ ဖွားဖွား'လို့ တင်စားခံရတဲ့ ၈၉ နှစ်အရွယ် လူမည်းအမျိုးသမီး Opal Lee က သူမနေထိုင်ရာ ဖို့ဒ်ဝေါ့ဒ်မြို့ (တက္ကဆက် Fort Worth) မှ ဝါရှင်တန်ဒီစီအထိ မိုင် ၁၄၀၀ လမ်းလျှောက်ချီတက်ပွဲကို စတင်ခဲ့ပြီး Juneteenth နေ့ကို နိုင်ငံတော်ဆိုင်ရာ အများပြည်သူရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးဖို့ တောင်းဆိုလှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။

ရဲများရဲ့ မှားယွင်းစွာကိုင်တွယ်မှုကြောင့် လူမည်းအမျိုးသား ဂျော့ဖရွိက် (George Floyd) သေဆုံးခဲ့ရမှု နဲ့ Black Lives Matter ဆန္ဒပြလှုပ်ရှားမှုများ ဆက်တိုက်ဖြစ်ပွားခဲ့တဲ့နောက် စက်ရုံအလုပ်ရုံ ကုမ္ပဏီများ နေရာအများအပြားမှာ ဇွန်လ ၁၉ ရက်နေ့ အခမ်းအနားများ ကျင်းပခဲ့ကြပါတယ်။ 

သမ္မတ ဂျိုးဘိုင်ဒန်မှ Juneteenth (ဇွန်လ ၁၉ ရက်) နေ့ကို နိုင်ငံတော်ဆိုင်ရာ အများပြည်သူအားလပ်ရက်အဖြစ် ၂၀၂၁ ခုနှစ် ဇွန်လ ၁၇ ရက်နေ့မှာ လက်မှတ်ရေးထိုး အတည်ပြုခဲ့ပါတယ်။ ၁၉၈၃ ခုနှစ် မာတင်လူသာကင်းနေ့ နောက်ပိုင်း ပထမဆုံးအနေဖြင့် နိုင်ငံတော်ဆိုင်ရာ အများပြည်သူအားလပ်ရက် နေ့သစ်တစ်ခုအဖြစ် အစိုးရမှ သတ်မှတ်ခဲ့တာလည်း ဖြစ်ပါတယ်။

မြန်မာပြည်သူပြည်သားများအားလုံး ကျွန်ဘဝကဲ့သို့ မတရားဖိနှိပ် ချုပ်ချယ်ခံနေရတဲ့ အာဏာရှင်စနစ်ဆိုးမှ အမြန်ဆုံး လွတ်မြောက်ကြပါစေလို့ . . ။ ။ 

ကိုကျော် (မြစ်ကြီးနား)

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar