Breaking News

မိုးမြင့်ယံ - ပန်းဆိုးတန်း မြစံပါယ် စူပါကင်း နှင့် ဆိပ်ကမ်းသာသူကြီး

ကဗျာဆရာ စာရေးဆရာ ခိုင်မျိုး(ဆိပ်ကမ်းသာ) နှင့် စာရေးဆရာ ကြူးနှစ် (ဦးပဇင်းတေမိ) 
Photo- Crd 

ပန်းဆိုးတန်း မြစံပါယ် စူပါကင်း နှင့် ဆိပ်ကမ်းသာသူကြီး 
မိုးမြင့်ယံ
(မိုးမခ) ဇွန် ၂၀၊ ၂၀၂၂


ဂျွန်လ၏မိုးစက်မိုးမှုန်တို့သည် ရန်ကုန်မြို့ ကောင်းကင်ယံထက်မှနေ၍ ရံခါမလပ်ဖြန့်ကြဲချနေသကဲ့သို့ပင်၊ လျှပ် စီးတန်း၏ လင်းပွင့်မှုနဲ့ အတူ နံနက်ခင်းတခုသည် နေ့သစ်တခုအားခေါ်ဆောင်ရင်း နိုးထလာခဲ့ရပေသည်။
ကျွန်တော့် ရဲ့ တကိုယ်စာ ဝပ်ကျင်းလေးထဲကနေ ခေါင်းထောင်အကြည့် လောကဓာတ်တခုလုံးသည် စိမ့်အေးစွာ မိုးစက်မိုးပေါက်တို့သည် ကမ္ဘာမြေပေါ်သို့ ကြဲပက်ဖြန့်ခင်းကာ ကျဆင်းနေသည်ကို ပြတင်းတံခါးမှ တဆင့် ကျွန်တော် မြင်တွေ့နေရပေသည် ။

ထိုထိုသော မိုးစက်တွေအောက်၌ နိစ္စဓူဝ ဝမ်းသမုဒ္ဒရာ အတွက် ကူးခပ်မျောပါနေကြရသော လူများ ၊ ကားများ ၊ အနှေးယာဥ်များ ၊ ခေါင်းရွက်ဗျပ်ထိုးစျေးသည်များ စသည်ဖြင့် ကိုယ်စီကိုယ်ငှ စွမ်းနိုင်သမျှ ကူးခပ်ရင်း ဘဝပင် လယ်ပြင်ကို မမောပန်းနိုင်စွာ တွန်းထိုးရုန်းကန်လှုပ်ရှားရင်း အသက်ဓာတ်တွေရှင်သန်နိုင်ဖို့အရေးအတွက် လက် ပစ်ကူးနေကြရသည်ပင်။
ကျွန်တော်သည် ဝပ်ကျင်းလေးထဲမှ ငေးမောမိနေရာမှ မိုးရာသီမြင်ကွင်းကို အကြည့်လွဲရင်း မနေ့က မန္တလေး မှ ရန်ကုန်သို့ ရောက်ရှိနေသော ကဗျာဆရာမ အနော်မာနှင့် ချိန်းဆိုထားသည်ကို သတိရမိကာ အခန်းထဲက နံရံပေါ်မှ နာရီဆီသို့ အကြည့်ကိုပို့လိုက်မိတော့ အချိန်ပြလက်တံတို့သည် မနက်ရှစ်နာရီစွန်းစွန်းကို ဖော်ပြနေကြသည်။
မိုးသည်လည်း တစိမ့်စိမ့်​​ဖြင့် ရွာသွန်းမဆဲနိုင်စွာ ရှိလွန်းလှပေသည်။
ကျွန်တော်သည် နေ့စဥ်ပြုနေကြဖြစ်သော ကိုယ်လက်သန့်စင်ခြင်း အမှုကိုပြုပြီးသကာလ အဝတ်အစားလဲ လှယ်ဝတ်ဆင်ကာ ထီးတချောင်းကို လက်မှ ဆွဲကိုင်၍ မြို့ပြရဲ့ မိုးစက်မိုးမှုန်များအောက်သို့ တိုးဝှေ့ဝင်ရောက်ကာ ထွက်လာခဲ့ရပေသည် ။

ကျွန်တော် တက်ရောက်စီးနင်းလာသော YBS ဘတ်စ်ကားကြီးသည်လည်း မိုးရေစက်တို့အား ထိုးခွဲမောင်းနှင်ရင်း တရွေ့ရွေ့ဖြင့် မြို့ပြရဲ့ ကွန်ကရိတောအုပ်အလယ်သို့ရောက်ရှိလာခဲ့ပေပြီ။
ရန်ကုန်မိုးသည် စွေနေရာမှ အနည်းငယ်ဆဲ၍သွားပေသည် ကျွန်တော်သည် ကားပေါ်မှ ဆင်းပြီး ပန်းဆိုးတန်း လမ်းမကြီးဆီ သို့ အနော်ရထာလမ်းအတိုင်း လျှောက်လာခဲ့ပေသည်။ 
မိုးသည်လည်း ဆဲသွားပြီဆိုသော်ငြား မြို့ပြအား သူ၏ မိုးရိပ်မိုးငွေ့များဖြင့် လွှမ်းခြုံထားဆဲပင်ရှိနေသေးသည်လေ။
မြို့ပြသည် အတိတ်ကိုမေ့နေသူ တယောက်လို အရိပ်တွေ အရောင်တွေ အသံတွေဖြင့် စည်ကားသက်ဝင်နေ သည်ကို တွေ့မြင်ရတဲ့ခဏ စိတ်သည် မိုးရိပ်တွေလို ညှို့တက်လာကာ ဘာကိုအလိုမကျနိုင်မှန်း ဘာသာ မသိနိုင်ပြန်ပါ ။
လျှောက်နေဆဲလမ်းမတွေထက် စိတ်အတွေးတို့သည် ကစဥ့်ကလျားနိုင်လွန်းလှပေသည်။
ပန်းဆိုးတန်းလမ်မကြီးပေါ် သို့ ချိုးကွေ့အဝင်အရင်အချိန်တွေ၌ အမြဲလိုလိုဆုံတွေ့ဖြစ်နေကြ ကဗျာတွေအား ရင်နှလုံးသားမှ သတိတရဖြင့် နှစ်နှစ်ကာကာလွမ်းမောမိပြန်သေးသည် ။
အော် ရင့်ရင့်ရဲရဲ ကဗျာတွေတချို့က အဝေးဆုံးတနေရာ တချို့က မကြားနိုင်တော့တဲ့ဆက်သွယ်မှု ဧရိယာပြင်ပမှာ အရာရာသည် မိုးရိပ်တွေလို မှိုင်းညှို့ခံခဲ့ရပေသည်။
စာပေလောကနဲ့ အင်းဝ ကိုကျော်လာပြီးနောက် မြစံပါယ် ဆိုင်ရှေ့မှထွက်၍ မတ်တပ်ရပ်ဆေးလိပ်ရှိုက်ဖွာနေသော ကေဇော်မိုးကို သူ၏ နဒီခရာ ကို ဝတ်ဆင်လျက် တွေ့လိုက်ပေသည် ။
သူလည်း ချိန်းဆိုထားရာနေရာသို့ ကြိုတင်ရောက်ရှိနေသည်ပင်ဖြစ်ပေလိမ့်မည် ထင်ပါရဲ့ ။
ကေဇော်မိုး ကမ်းပေးသော စီးကရက်ဗူး အတွင်းမှ ဆေးလိပ်တလိပ့်ကို ယူပြီးကျွန်တော်လည်း ရှိုက်ဖွာနေမိဆဲ ခဏ ကားအဖြူလေး တစီး အနားမှာလာရပ်သည်ကို သတိထားမိသောအခါ ကားပေါ်မှ ကဗျာဆရာမ အနော်မာ ဆင်းလာသည်ကို တွေ့ရသည်။
ထို့နောက် ကျွန်တော်တို့ သုံးယောက်သား လ္ဘက်ရည် ကိုယ်စီမှာရင်း မြစံပါယ်အပေါ်ထပ်သို့ ချီတက်ခဲ့ကြပေသည် ။
အပေါ် ထပ်သို့ ရောက်တော့ ထိုင်ခုံ နံပါတ် " ၆ " မှာ တင်ကြိုရောက်ရှိနေသော ကဗျာဆရာမ အစ်မသက်ထား ကို တွေ့လိုက်ရသည်။
ကျွန်တော်တို့ လေးယောက်သား စာကဗျာတွေနဲ့ ယခုပစ္စက္ခ အကြောင်းများကို အတူတကွ နာကျင်စွာ ရင်ဖွင့်မိကြရင်း ဆိပ်ကမ်းသာ သူကြီးဆီသို့ ဖုန်းဆက်သွယ်ကာ ချိန်းဆို၍ လာခဲ့ပါမည်ဖြစ်ကြောင်း ကို သတင်းစကားလှမ်း၍ ပါးထားလိုက်လေသည်။
ထို့နောက် မြစံပါယ်၌ ဆေးလိပ်သောက်ခွင့်မရှိလေသောအခါ ကျွန်တော်တို့လေးယောက်သား မြစံပါယ်မှ ဖယ်ခွာကွာ သမတ်သတ်ထောင်ချိုးလေး၌တည်ရှိသော စူပါကင်းသို့ ဆက်လက်ချီတက်ခဲ့ပေသည်။
စူပါကင်းသည် ဟိုအရင် အချိန်တွေ၌ ကဗျာသမား စာသမားတွေဖြင့် ပြည့်နှက်နေတတ်ပေမဲ့ ယခုတော့ ခြောက် သွေ့တိတ်ဆိတ်နေသကဲ့သို့ စိတ်မှာထင်မှတ်မိသည်။
စူပါကင်း မှာ ခေတ္တခဏ စီးကရက်ဖွာကာ ဟိုအကြောင်းဒီအကြောင်းထွေရာလေးပါး ပြော၍ ကျွန်တော်တို့သည် ဆိပ်ကမ်းသာ သို့ ဆိုက်ကပ်ရပ်နားရန် အတွက် ဆက်လက် ထွက်ခွာလာခဲ့ပေသည်။
ဆိပ်ကမ်းသာသူကြီးထံသို့ ဟိုးယခင့်ယခင်အချိန်တွေကတည်းက အနည်နည်အရပ်ရပ်မှ စာကဗျာ လှေများ သည် အမြဲလိုလို ဆိုက်ကပ်ရပ်နားတတ်သော ကွန်းခိုရာပင်ဖြစ်ပေသည်လေ။
ကျွန်တော် ရန်ကုန်မှ လွင့်စင်ပဲ့ထွက်သွားပြီးကတည်းက ဆိပ်ကမ်းသာသူကြီးနဲ့ နှစ်ကြိမ်သာပြန်ဆုံဖြစ်ကြသေးသည်ပဲ ဖြစ်သည်။
ပထမတကြိမ်၌ တတိယလှိုင်း၏ရိုက်ပုတ်မှုဒဏ်ကို သူသည် အလူးအလဲကြံ့ကြံ့ခံနိုင်ခဲ့သော်လည်း သူ့၏မဟေ သီသည် လွင့်စင်ပဲ့ကြွေခဲ့ရလေသည်။
ထိုတကြိမ်က လင်းသဏ်ညီနှင့်အတူရောက်ဖြစ်ပြီး အားပေးစကားတွေဖြင့် အတူတကွစကားလက်ဆုံကြခဲ့ပြီး
ဒုတိယအကြိမ်၌ ကန္တာရမိုးစက် ငြိမ်းသစ်ဝေတို့နှင့်အတူ သူရဲ့ ဝပ်ကျင်းလေးသို့ ကျွန်တော်တို့အရောက် ချီတက်ခဲ့ကြလေသည်ပဲ။
ထိုအချိန်၌ သူသည် အသားမကျနိုင်သေးသော်လည်း အတော်ကိုပင်တည်ငြိမ်အေးဆေးစွာဖြင့် ကျွန်တော်တို့ အား လောကရဲ့ဓမ္မအကြောင်းတွေနဲ့ ပြောဆိုဆုံးမခဲ့ပေသည်။
ကျွန်တော်တို့ ရောက်ရှိသောအခါ ဆိပ်ကမ်းသာသူကြီးသည် အသင်စောင့်ကြိုနေသည်ကို တွေ့ရသည်။
သူ၏စာပေလောကသားများပေါ်သို့ ချစ်စိတ်နှင့်မေတ္တာတရားကို ကျွန်တော်သည် ရှေးမစွခင်ကပင် အမြဲတမ်းသိမြင်နေခဲ့သူတယောက်ပင်ဖြစ်သည် ။
ထို့နောက် မအနော်မာ နှင့် မသက်ထား အတွက် သူ၏ ရွာထဲမှာ ကဗျာစာအုပ်လေးများ လက်ဆောင်ပေးရင်း မအနော်မာ ဖတ်သင့်တဲ့ စာအုပ်များအားလည်း စျေနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့သည်။
ဆိပ်ကမ်းသာ၌ တနေ့နေ့ ဆိုက်ကပ်လာသော စာကဗျာတို့သည် အမြဲတမ်းရှိနေတတ်သည်ပင်ဖြစ်သည်လေ။
ကျွန်တော်တို့သည် ရင်ဘတ်ချင်း တူညီကြသူများဖြစ်၍ လမ်းချင်းဆုံ၍ လူချင်းတွေ့ခဲ့ကြပေသည်။

ထို့နောက် မြို့ပြထဲသို့ ပြန်လည်တိုးဝင်လာသော ကျွန်တော့်၏လတ်တလောအခက်အခဲများကို သိရှိနေသည့်အလား ဆိပ်ကမ်းသာသူကြီးသည် ကျွန်တော်ဖတ်ဖို့ဟုဆိုကာ ဆရာကိုချက်၏တိမ်များ၊ ဆရာမိုးဃ်းဇက်သော် ၏ ဒဏ်ရာရနေသောခွဲစိတ်ဓားတလက် နှင့် ဆရာနေစိမ့်၏ ဘက်တီးရီယားစက်ရုံ ဆိုတဲ့ ကဗျာစာအုပ်သုံးအုပ်အား ချစ်ခြင်းမေတ္တာများဖြင့်လက်ဆောင်ပေးကာ ကျွန်တော်တို့လည်း ဆိပ်ကမ်းသာသူကြီးကို ကျေးဇူးစကားဆိုရင်း အသီးသီးကိုယ်စီ ကိုယ့်ဝပ်ကျင်းများရှိရာသို့ ပြန်လည်လမ်းခွဲထွက်ခွာလာခဲ့ကြလေသည်။
ရန်ကုန်မိုးသည်လည်း ပြန်လည်ကာ တစိမ့်စိမ့်ဖြင့် ရွာစွေသွန်းနေပြန်သည်လေ။

                                  ချစ်ခြင်းမေတ္တာများဖြင့်
                                               မိုးမြင့်ယံ
                                           7. Jun . 2022
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar