Breaking News

လှကျော်ဇော - လက်နက်နဲ့ ဒီမိုကရေစီလဲ ရဲဘော်... တဲ့

လှကျော်ဇော - လက်နက်နဲ့ ဒီမိုကရေစီလဲ ရဲဘော်... တဲ့
(မိုးမခ) ဇွန် ၂၀၊ ၂၀၂၂

လက်နက်နဲ့ ဒီမိုကရေစီလဲ ရဲဘော် ... တဲ့။
လက်နက်နဲ့ဒီမိုကရေစီလဲ ရဲဘော် ... ခေါင်းဆောင်ငယ်သား မခွဲခြားဘဲ အခွင့်အရေးပေးမယ်နော် ... တဲ့။

ငယ်တုန်းကကြားခဲ့ရဖူးတဲ့ သီချင်းတပုဒ်။

အခုလည်း လာပြန်ပြီ ။၂၀၂၂ ဇွန်လ (၁၁) ရက်၊ လက်နက်အပ်နှံပြီး ဥပဒေဘောင်တွင်း ဝင်ခဲ့ပါတဲ့။

၁၉၅၃ - ၅၇ ကာလမှာ ကျွန်မတို့မိသားစုက မေမြို့ (အခုပြင်ဦးလွင်) မှာ နေခဲ့ရပါတယ်။ ဖေေဖက မြောက်ပိုင်းတိုင်းမှူးအဖြစ် တာဝန်ထမ်းဆောင်နေပြီး ဗမာပြည်ရဲ့အခုအချိန်ထိ တခုတည်းရှိခဲ့ဘူးတဲ့ ပြည်ပကျူးကျော်မှု (ကူမင်တန် တရုတ်ဖြူ) တိုက်ရေးအတွက် ပြင်ဆင်ပြီးစစ်ဆင်ရေးတွေ (ဘုရင့်နောင်တို့၊ ရန်ကြီးအောင်တို့) ဆင်နွှဲနေရချိန်ပါ။ မေမေက မိခင်နဲ့ကလေးစောင့်ရှောက်ရေးအဖွဲ့နဲ့ တပ်မတော်အမျိုးသမီးများအဖွဲ့ မြောက်ပိုင်းအဖွဲ့ခွဲရဲ့ ဥက္ကဌအဖြစ် တာဝန်တွေထမ်းဆောင်နေရပါတယ်။

အဲဒီကာလမှာရန်ကုန်မှာရှိတဲ့ ဌာနချုပ်များကတဆင့် တပ်မတော်စိတ်ဓာတ်စစ်ဆင်ရေးဌာနကထုတ်ဝေဖြန့်ချိနေတဲ့ ဓာတ်ပြားတွေ တနိုင်ငံလုံးက တပ်ရင်းတပ်ဖွဲ့တွေကိုဝေငှပေးဖို့ ဓာတ်စက်တွေ၊ ဓာတ်ပြားသီချင်းတွေ လေယာဉ်ပျံနဲ့ မေမြို့ကိုရောက်လာပါတယ်။ မေမေကဦးဆောင်ပြီး တခြားစစ်ဗိုလ်ကတော်တွေ၊ အရပ်ဖက်ကအရာရှိကတော်ကြီးတွေ အတော်များများလေယာဉ်ကွင်းဆင်းလက်ခံရယူပြီး ကျွန်မတို့အိမ် ဧည့်ခန်းမကြီးအတွင်းမှာ စုဝေးရောက်ရှိပြီး ခွဲဝေရေးတွေကို တပျော်တပါးကြီး စည်စည်ညံညံလုပ်နေကြတာ အခုထိမြင်ယောင်နေမိပါတယ်။

အဲဒီတုန်းက အစိုးရပေါ်လစီသီချင်းတွေကို အဓိကသီဆိုပေးသူကြီးများကတော့ မေလှမြိုင်နဲ့ တင်တင်မြပါ။ မေလှမြိုင်ရဲ့ ဆောင်းအမီနဲ့ တင်တင်မြရဲ့ ပေဖူးလွှာသီချင်းများဟာ အဲဒီအချိန် (ကူမင်တန် တရုတ်ဖြူတွေကိုတိုက်နေချိန်) မှာ အလွန်ခေတ်စားပြီး မေမြို့က တပ်ရင်းအသီး သီးက အပြိုင်အဆိုင်ဖွင့်ကြလို့ တမြို့လုံး ဒီသီချင်းသံတွေလွှမ်းခဲ့ပါတယ်။

ဒီဓာတ်ပြားတွေထဲမှာ ရောပါလာတာတွေကတော့ ပြည်တွင်းက ပြည်တွင်းစစ်တိုက်နေတဲ့ (အစိုးရအခေါ် ရောင်စုံသူပုန်များ) ကိုဖိတ်ခေါ်တဲ့သီချင်းများပါ။

မောင်လေးမောင်လေး မိုက်သွေးဆူချိန်၊ အမြှောက်ကြိုက်လေးရယ် ... တို့။
လက်နက်နဲ့ဒီမိုကရေစီလဲ ရဲဘော် .... ခေါင်းဆောင် ငယ်သားမခွဲခြားဘဲ အခွင့်အရေးပေးမယ်နော် ... စတဲ့ သီချင်းတွေလည်း ကြားညှပ်ပါလာပါတယ်။

အဲဒီသီချင်းတွေကို တခါတရံဖွင့်ကြရင်းနဲ့ ဖျက်ဆိုတဲ့ အဆိုတွေလည်း ပေါ်လာပါတယ်။

လက်နက်နဲ့ဒီမိုကရေစီလဲ ရဲဘော်၊ ခေါင်းဆောင်ငယ်သား မခွဲခြားဘဲ ထောင်ထဲသွင်းမယ်နော် .... တဲ့။

ကျွန်မတို့မောင်နှမတွေ ဘယ်သူတွေဆိုပြီး ဘယ်ကရလာမှန်း ဘာအဓိပ္ပါယ်ရှိမှန်းမသိဘဲ အဲဒီလိုဆိုမိတော့ မေမေက ... ဟဲ့ ... ဟဲ့ ... ဘာတွေပေါက်ကရဆိုနေတာလဲ။ နောက်မဆိုရဘူးလို့ တားပါတယ်။ အဲဒီခေတ်က ဖဆပလခေတ် ... ထောင်လောက်သာ ခေတ်စားသေးတာ။

၁၉၆၂ စစ်တပ်က အာဏာသိမ်းပြီး စစ်အာဏာရှင်စနစ်ကို တဖြည်းဖြည်းတည်ဆောက်လာပြီး ပြည်သူတွေရဲ့ အခွင့်အရေးတွေ လျော့ပါးလာတော့ ပြည်သူတွေ တိုင်းရင်းသားတွေရဲ့ တော်လှန်ရေးတွေ၊ ဖိနှိပ်မှုကိုအန်တုရင်ဆိုင်မှုတွေ အမျိုးမျိုးပါ်လာတဲ့အခါ ထောင်ဆိုတာက ဗမာပြည်သူများကြား ကြောက်ရွံ့စရာမဟုတ်တော့ပါဘူး။ ဒီတော့ စစ်အာဏာရှင်များက တခြားဖိနှိပ်တဲ့နည်းလမ်းများအပြင် အပျော့ဆွဲဆွဲတဲ့အပျော့နည်းတွေပါ ပေါ်လာပြန်ပါတယ်။

ရုပ်ရှင်ဇာတ်လမ်းဆန်လှတဲ့ အဖြစ်အပျက်လေးတရပ်ရှိခဲ့ပါတယ်။ လက်နက်နဲ့အချစ် လဲခဲ့တဲ့အဖြစ်လို့လည်း ပြောလို့ရတာပေါ့လေ။

၁၉၆၂ တော်လှန်ရေးကောင်စီအမည်နဲ့ ဗမာ့တပ်မတော် ဆိုတာကြီးက ၁၉၆၀ ရွေးကောက်ပွဲမှာ အပြတ်အသတ်အနိုင်ရပြီးတက်လာတဲ့ ပထစအစိုးရကိုဖြုတ်ချပြီး၊ အာဏာသိမ်းလိုက်ပါတယ်။ အကြောင်းပြချက်က ... အဘက်ဘက်မှ ယိုယွင်းပျက်စီးနေပြီး အစိတ်စိတ်အမြွှာမြွှာကွဲထွက်တော့မည့် အန ္တရာယ်နှင့်ကြုံတွေ့နေရသော ပြည်ထောင်စုမြန်မာနိုင်ငံတော်အား နိုင်ငံတော်၏ အကျိုးကိုမျှော်ကိုး၍ မလွှဲမရှောင်သာပဲ နိုင်ငံတော်၏အာဏာကို ထိန်းသိမ်းရယူခဲ့ရကြောင်း ....။
(ပြည်တွင်းသောင်းကျန်းမှုသမိုင်း - အပိုင်း (၃)၊ နှာ (၃)။ ၁၉၉၀ ပြန်ကြားရေးဝန်ကြီးဌာန)

အခုခေတ် စစ်ကောင်စီရဲ့အပြောအဆိုေတွနဲ့ နှိုင်းယှဉ်ကြည့်ပါဦး။

ဒီတော့ ပထမဆုံးဗွေဆော်ဦး ရန်ကုန်တက္ကသိုလ်ကျောင်းသားများရဲ့ စစ်တပ်အာဏာသိမ်းအပြီးပေါ်ပေါက်လာတဲ့ အဆောင်စည်းကမ်းကန့် သတ်ချက်တွေကို ဆန့်ကျင် ဆန္ဒပြပွဲများပေါ်ပေါက်လာပါတယ်။ ဒါကို စစ်တပ်က လက်လွန်ခြေလွန် သတ်ဖြတ်ဖြိုခွဲရုံမက ဗမာ့လွတ်လပ်ရေးလှုပ်ရှားမှုရဲ့ဂုဏ်ဆောင် ကျောင်းသားသမဂွကြီးကိုပါ မိုင်းဗုံးတွေသုံးပြီး ဖြိုခွဲလိုက်ပါတော့တယ်။ ဒီတင် ဇူလိုင် (၇) အရေးအခင်းဆိုတဲ့ စစ်တပ်အတွက် တသက်လုံး ထမင်းလုံးတစေ ္ဆအခြောက်ခံရတဲ့ အဖြစ်အပျက်ပေါ်ထွက်ခဲ့ရပါတယ်။

ဒီလိုစစ်တပ်ရဲ့ ဘီလူးရုပ်ပေါ်သွားေတာ့ ဒါကိုဖုံးဖိလှည့်ပတ်ဖို့အတွက် ၁၉၆၃ ခုနှစ်မှာ ဧပြီလမှာ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ကြေညာပြီး နိုင်ငံရေးအကျဉ်းသားအချို့နဲ့ ရာဇဝတ်သားအတော်များများ လွှတ်ပေးခဲ့ပါတယ်။ ဇွန်လ (၁၁) ရက်မှာတော့ တောတွင်းလက်နက်ကိုင်အဖွဲ့အစည်းအားလုံးသို့ တော်လှန်ရေးကောင်စီ၏ကမ်းလှမ်းချက်ဆိုတာကိုထုတ်ပြန်ကြေညာပြီး ပြည်တွင်းငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးဖို့ ဖိတ်ကြားလိုက်ပါတယ်။

ဒီလိုနဲ့ အခုစကစလုပ်နည်းအတိုင်း တဖွဲ့ချင်း ဆွေးနွေးပွဲတွေ အစီအရီပေါ်လာပါတော့တယ်။ ဒါပေမဲ့ စစ်တပ်ကပဲ နိုဝင်ဘာ (၁၅) ရက်မှာတော့ ဆွေးနွေးပွဲများအတွင်း မြို့ပေါ်တက်လာတဲ့အဖွဲ့အစည်းများ (အထူးသဖြင့် ဗကပများရဲ့) မရိုးမသားလုပ်ဆောင်မှုများကြောင့်ဆိုတဲ့အကြောင်းပြချက်နဲ့ ဆွေးနွေးပွဲတွေကိုတဖက်သတ် ရပ်ပစ်လိုက်ပါတော့တယ်။ (အသေးစိတ်တွေ၊ အမည်နာမတွေကိုတော့ အထက်မှာကိုးကားထားတဲ့ နဝတထုတ် စာအုပ်ရှာဖတ်ကြည့်ပါ။)

ဒီပွဲကနေ စစ်တပ်က အတော်မြတ်လိုက်ပါတယ်။ တချို့တိုင်းရင်းသားအဖွဲ့အစည်းတွေကို ဖဲ့ထုတ်လိုက်နိုင်ပါတယ်။ အဲဒီလိုပဲ့ထွက်လာတဲ့အဖွဲ့တဖွဲက တပ်မင်းကြီးတဦးအကြောင်း ပြောပြချင်ပါတယ်။ ဒီတပ်မင်းကြီးဟာ အတော်တိုက်ရည်ခိုက်ရည်ကောင်းပြီး သူ့လူမျိုးတွေအကြားမှာလည်း အတော်သြဇာရှိပါတယ်။

အဲဒီတပ်မင်းကြီးက သူ့တပ်မဟာတခုလုံးပါခေါ်ပြီး ၁၉၆၄ ဧပြီလမှာ လက်နက်ချခဲ့ပါတယ်။ စစ်တပ်က တပ်မင်းကြီးကို အကြီးအကျယ်သူကောင်းပြုပြီး ရန်ကုန် ကုန်းမြင့်သာယာမှာ နေရာချထားပြေးပြီး လိုလေသေးမရှိ ပြုစုစောင့်ရှောက်ထားပါတယ်။ မကြာခင်မှာပဲ အဲဒီတပ်မင်းကြီးနဲ့ (သူနဲ့လူမျိုးတူ) မယ်ဗမာတဦးနဲ့ ရုံးတက်လက်ထပ်တဲ့ ဓာတ်ပုံနဲ့ သတင်းသတင်းစာအသီးသီးမှာ ပါလာပါတယ်။ သတင်းထောက်တယောက်က အဲဒီတပ်မင်းကြီးကို အကျိုးအကြောင်းမေးကြည့်တော့ တပ်မင်းကြီးကသူက တောထဲမှာနေစဉ်ကတည်းက သတင်းစာတွေထဲမှာတွေ့ရတဲ့ ဒီမယ်ဗမာလေးကိုသိပ်ချစ်မြတ်နိုးခဲ့ပြီး အခုလိုမြို့ပေါ်ပြန်ရောက်တော့ တောင်းယူခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီမင်္ဂလာဆောင်ပုံများနဲ့အတူ အဲဒီစုံတွဲကို အကြိုပျားရည်ဆမ်းခရီးထွက်စဉ်ကဆိုတဲ့ခေါင်းစဉ်နဲ့ ပင်လယ်ကမ်းစပ်က ကျောက်တုံးကျောက်ဆိုင်များကြား ရေကူးဝတ်စုံများနဲ့ ပြုံးပျော်နေတဲ့ဓာတ်ပုံတွေလည်းပါလာတာတွေ့ရပါတယ်။ 

မကြာပါဘူး။ အဲဒီတပ်မင်းကြီးက သူတပည့်များနဲ့အတူ သထုံခရိုင်အတွင်းမှာ မရိုးမသားစီးပွားရှာတာတွေလုပ်လို့ တပ်မတော်တာဝန်ရှိသူများက စစ်ဆေးမေးမြန်းဖို့ သွားရာမှာ အဲဒီတပ်မင်းကြီးက စတင်ပစ်ခတ်လို့ မလွှဲမရှောင်သာ (စစ်တပ်အတွက် အသုံးတည့်တဲ့စကားလုံးပါပဲ။ ) ပြန်လည်ပစ်ခတ်ရာမှာ အဲဒီတပ်မင်းကြီးသေဆုံးသွားခဲ့ရပါတယ်ဆိုတဲ့သတင်းထွက်လာပါတယ်။ ဒီတော့ သူတပ်တတပ်လုံးပြန်ပြီးတောခိုသွားပါတော့တယ်။ မယ်ဗမာလေးလည်း အဆစ်ပါသွားပါတော့တယ်။

ပုံပြင်လေးကတော့ ဒီလောက်ပါပဲ။ မရိုးနိုင်တဲ့ပုံပြင်လေးပါပဲ။

လက်နက်နဲ့ဒီမိုကရေစီလဲဖို့ ...
လက်နက်နဲ့ငြိမ်းချမ်းရေးလဲဖို့ ...
လက်နက်နဲ့ ဘိန်းရောင်းဝယ်ဖောက်ကားခွင့်လဲဖို့ စသဖြင့် စစ်တပ်က အမျိုးမျိုးအဖုံဖုံပြောလာတာမှာ အနှစ် (၇၀) ကျော်လာပါပြီ။

အခုပြည်သူက စစ်တပ်ကိုပြန်ပြောပါရေစေတာ့။

(လက်နက်နဲ့ သက်ညှာခွင့်လဲရအောင်။
လက်နက်ချရင် မသတ်ဘူးဟေ့။
ပြည်သူ့အာဏာ ပြည်သူကိုပြန်အပ်ပါ။
ကိုယ့်အလှည့်ကျ မနွဲ့ကြစတမ်း။)

လှကျော်ဇော
၁၅-၆-၂၀၂၀

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar