မြ - အောင်မင်းရဲ့ဝတ်စုံ
မြ
(မိုးမခ) ဇူလိုင် ၁၁၊ ၂၀၂၂
အဘိုးကြီး အဘွားကြီးလင်မယားကိုတွေ့လိုက်တဲ့ အောင်မင်းမျက်နှာဟာ အလိုလို ရှုံ့သွားတယ်။
ဒါပေမဲ့ ဟန်ကိုယ့်ဖို့ဆိုတဲ့စကားလည်း ရှိသားပဲ။ ခပ်တည်တည်နေလိုက်မယ်။ ဂရုစိုက်စရာကျလို့။
မာန်တင်းပြီးဘယ်လိုခေါင်းမော့ထားထား၊ တဖြည်းဖြည်းနီးလာတဲ့ဟိုလင်မယားကိုတွေ့တာနဲ့သူ့မျက်နှာဟာအလိုလိုငုံ့သွားတဲ့အပြင် သူ့ကိုစူးစိုက်ကြည့်နေတဲ့အဘွားကြီးမျက်လုံးတွေကိုသူရင်မဆိုင်ရဲဘူး။
တောက်…
အဘိုးကြီး အဘွားကြီး သူ့ကိုကျော်သွားတာနဲ့ မချင့်မရဲတောက်ခေါက်လိုက်တယ်။ ကိုယ့်ကိုယ်ကိုမချင့်မရဲဖြစ်လွန်းလို့။
ပင်စင်စားမူလတန်းကျောင်းအုပ်အဘိုးကြီး နဲ့မူလတန်းပြအဘွားကြီးကိုသူက ဘာဂရုစိုက်စရာလိုလို့လဲ။
အေးပါ။ နောက်တခေါက်ကျရင် ခေါင်းကိုမော့ကိုထားလိုက်ဦးမယ်။
++++ ++++ ++++
ဆောက်လက်စသူ့အိမ်ကိုကြည့်ပြီးအောင်မင်းဟာ ကျေနပ်လို့မဆုံးဘူး။
သူငယ်ငယ်လေးတုန်းကမှတ်မိသလောက် သူတို့မိသားစုဟာ သူတို့ရပ်ကွက်ဈေးလေးထဲမှာနေကြတာပဲ။
နေ့လည်ကျဈေးရောင်း၊ ညကျအဲဒီဆိုင်ခုံတွေဟာ အိပ်ရာပေါ့။
ဈေးထဲပဲချက်ပြုတ်စား၊ ဈေးထဲမှာပဲအိပ်။ ဈေးအိမ်သာရှေ့ကအုတ်ရေကန်မဲမဲကြီးဟာ သူတို့အဝတ်လျှော်ရာ၊ ရေချိုးရာနေရာကြီးပေါ့။
အဲဒီနောက်တော့ စည်ပင်သာယာဥပဒေအရဈေးထဲမှာ လူနေခွင့်မရတော့ဘူး။ သူတို့လိုပဲဈေးကိုအိမ်လုပ်နေတဲ့သူတွေ အကုန်ပြောင်းရတယ်။
အဲဒီနားကကင်ပွန်းခြံလို့ခေါ်တဲ့ရပ်ကွက်ကြီးထဲကဆိုက်ကားတောင် သွားမရတဲ့လမ်းကြားသေးသေးကျဉ်းကျဉ်းလေးထဲမှာ ၁၀ ပေ၊ ပေ ၂၀ အကွက်လေးတွေ ရိုက်ပေးတယ်။
ခြေတံရှည်ယိုင်နဲ့နဲ့အိမ်လေးမှာ သူတို့မိသားစု ၇ ယောက် ပူးကပ်တိုးကြိတ်နေခဲ့ကြတယ်။ အဖေကဆိုက်ကားနင်းတယ်၊ အမေကဈေးရောင်းသလိုလို၊ မရောင်းသလိုနဲ့ နောက်တော့သူတို့နဲ့မျက်မှန်းတန်းမိနေတဲ့လူကြီးတယောက် နောက်ကိုလိုက်သွားတယ်။
အဖေကအရက်တွေပိုသောက်လာတယ်။ အောင်မင်းအစ်ကို ကြောင်ဖားခေါ် ညွန့်လွင်ကတော့ လူပျိုပေါက်မှာပဲ ဘူးသီးနုနုအမွှေးသပ်သလို။ ဟိုလူခေါ်ပါသွား၊ ဒီလူခေါ်ပါသွားနဲ့ ပြန်လာရင်တော့ ငွေစကြေးစလေးတွေပါလာတယ်။
အကြီးဆုံးအစ်မ မကြာလက်ထဲပိုက်ဆံလေးဘာလေးအပ်ရင် ထမင်းကိုဟင်းလေးနဲ့စားကြရတယ်။ တခါတလေ ကြောင်ဖားလေးငါးခြောက်လလောက်ပျောက်သွားပြီးရင် ပြန်လာတယ်။
ခိုးဆိုးနှိုက်ဥပဒေဟာ ကြောင်ဖားအတွက်တော့ ထမင်းစား၊ ရေသောက်။ ဝါသနာတူဆရာကြီးတွေဆီမှာ လေးငါးခြောက်လတပည့်ခံရနည်းလားလို့ ကြောင်ဖားကတွေးတယ်။ ပညာတွေလည်း ရတယ်လေ။
အောင်မင်းကတော့ သူတို့လမ်းထဲကတံခါးဖွင့်ထားတဲ့အိမ်လေးတွေတွေ့ရင် တက်သွားပြီး ကြုံတဲ့ဟာဆွဲလာလိုက်တာပဲ။ အိမ်ရှင်ရှိနေရင်တော့ အလည်လာသလိုလို၊ ဘာလိုလိုပေါ့။
မရှိရင်တော့ စားပွဲတင်နာရီကအစ၊ မီးပူအဆုံး၊ ဖိနပ်ကောင်းကောင်းလေးတွေ့ရာဆွဲတာပဲ။ အောင်မင်းခိုးမှန်းသိပေမဲ့ လက်ပူးလက်ကြပ်မမိတော့ အံတကြိတ်ကြိတ်နဲ့ လျှော်လိုက်ရတဲ့ပစ္စည်းရှင်တွေ မနည်းလှဘူး။
တကယ်လို့မသင်္ကာလို့မေးရင်လည်း အစ်မရယ်၊ ကြောင်ဖားရယ်ကဖဦးထုပ်တွေ၊ လတွေ၊ စလုံးတွေပါတဲ့ စကားလုံးတွေနဲ့ ရပ်ကျော်ရွာကျော်ဆဲတဲ့အပြင် ကြောင်ဖားက ဘယ်ကရလာမှန်းမသိတဲ့ ဓားမြှောင်လေးတဆဆနဲ့။
တယောက်ယောက်က တိရစ္ဆာန်လေးတွေချစ်လို့ကြောင်လေးတွေကို ဝဝလင်လင်ကျွေးပြီးမွေးမထားလိုက်နဲ့။ အောင်မင်းလက်ချက်နဲ့နောက်နေ့ကျရင် ဘုံဆိုင်မှာတောကြောင်သားရပြီလို့စာတမ်းချိတ်တဲ့နေ့ဖြစ်တော့တာပဲ။
ဒီလိုနဲ့ပဲ သူတို့လမ်းကျဉ်းကျဉ်းလေးနဲ့အနားကရပ်ကွက်မှာ အောင်မင်းတို့မိသားစုဟာအော့ကြောလန်ဖြစ်လာခဲ့တယ်။
နောက်၂ နှစ်၊ သုံးနှစ်လောက်ကြာတော့ အမေပြန်ရောက်လာတယ်။ ဟိုလူကြီးတော့ ပါမလာတော့ဘူး။
ဆိုက်ကားနင်းပြီးရှာဖွေကျွေးတဲ့အဖေကတော့ အဲဒီအချိန်မှာ အရက်ရဲ့ကျေးကျွန်ဖြစ်နေပြီ။ အမေပြန်ရောက်ပြီး လေးငါးလလောက်ကြာတော့ အဖေလည်းသေရော။
အောင်မင်းတို့ကတော့ အမေပြန်ရောက်လာလို့ဝမ်းမသာကြသလို၊ အဖေသေလို့လည်း ထူးပြီးဝမ်းမနည်းကြပါဘူး။ အသုဘကိုအကြောင်းပြုပြီး အရပ်တကာက ဖဲသမားပေါင်းစုံနဲ့မသာစည်ကားအောင်ဆိုပြီး စီးပွားဖြစ်လုပ်ကြတာပေါ့။
နောက်တော့ အမေကအရပ်ထဲကဝတ်အသင်းမှာအတင်းဝင်ရော။ ဝတ်ရွတ်သလိုလိုဘာလိုလိုနဲ့အဖြူအညိုလေးဝတ်ပြီး၊ အိမ်နားကဘုန်းကြီးကျောင်းမှာပန်းကန်ဆေး၊ အိုးတိုက်လုပ်ခွင့်ရသွားတယ်။ နေ့လည်ပြန်လာရင်တော့ ဘုန်းကြီးဆွမ်းကျတွေ ပါလာတာပေါ့။
ဒီလိုနဲ့ပဲအောင်မင်းလည်း အိမ်ထောင်ကျ၊။ ကြောင်ဖားလည်း ဘယ်ကမှန်းမသိတဲ့ခပ်တောင့်တောင့်၊ မျက်နှာပြီတီတီမိန်းမတယောက်နဲ့ အတူနေ။
အိမ်စီးပွားရေးကတော့ ကြောင်ဖားအလုပ်ကောင်းရင် အူစိုစိုစားရတယ်။ တခါတလေကျတော့လည်း အောင်မင်းညဘက်ပျောက်သွား။ မနက်လင်းရင် စက်ဘီးလေးတွေ၊ ရေစုတ်စက်အသေးလေးတွေကို ပုဆိုးစုပ်နဲ့ထုပ်ပြီး ပြန်လာရင်တော့ ကလေးတွေလည်း ထမင်းလေးဟင်းလေး နပ်မှန်သွားပြန်ရော။
၂၀၁၅ ရွေးကောက်ပွဲနီးလာလို့ ပါတီတွေအရောင်စုံလာတဲ့အခါ လူရည်လည်တဲ့ကြောင်ဖားတို့အောင်မင်းတို့က ဘယ်အရောင်ဟာ လူကြိုက်အများဆုံးလဲကြည့်လိုက်တယ်။ လူကြိုက်များတဲ့အရောင်ကို လက်သန်းမှာမှင်စွန်းခံပြီး မဲထည့်လိုက်တယ်။
အမယ်အိမ်ရှေ့မှာတောင် အဲဒီအလံသေးသေးလေးချိတ်ထားလိုက်သေးတယ်။
ခက်တာကရပ်ကွက်ထဲကလူတွေက ဘယ်သူမှသူတို့ကိုအရေးမစိုက်ကြတာပဲ။
မူလတန်းကျောင်းအုပ်လင်မယားနှစ်ယောက်က ပိုဆိုးတယ်။ သူတို့မွေးထားတဲ့ကြောင်ဝတုတ်ကြီးနှစ်ကောင်ကို အောင်မင်းကဖမ်းပြီး ဘုံဆိုင်ရောင်းလိုက်တဲ့သတင်းကို ဟိုကသည်ကကြားပြီးကတည်းက အောင်မင်းကိုတွေ့ရင် သေချာစူးစူးစိုက်စိုက်ကို ကြည့်နေတော့တာ။
အဘွားကြီးကသာဆိုးသေး။ လူလေးကသေးသေးပုပုလေးနဲ့ မျက်လုံးထဲကအရောင်တဖြတ်ဖြတ်လက်နေတာ။ လက်နှိပ်ဓါတ်မီးပေါက်စလေးနဲ့ထိုးထားတာကျနေတာပဲ။
အောင်မင်းကတော့ ထီမထင်ဟန်ဘယ်လောက်လုပ်လုပ် အဘွားကြီးကိုတွေ့တိုင်း တွန့်တွန့်သွားတာအမှန်။
ဟိုအလံပေါက်စလေးအိမ်ရှေ့မှာတက်ချိတ်တဲ့နေ့က အဘွားကြီးလုပ်သွားတဲ့မျက်နှာပေးနဲ့သရော်ပြုံးကို အောင်မင်းစိတ်ထဲ ကလိကလိနဲ့။
စဉ်းစားရင်တော့ အောင်မင်းမှာဘာခံယူချက်မှမရှိ၊ အဲဒီပါတီခေါင်းဆောင်ရဲ့တန်ဖိုးကိုလည်းသေချာမသိပါဘူး။ သူများယောင်လို့လိုက်ယောင်ပြီး အချောင်စားရမလားကြံတာပါပဲ။
တရပ်ကွက်လုံးကလည်း အဲဒါသိလို့နေမှာပေါ့။ အောင်မင်းတို့အိမ်ရှေ့အလံ ဘာရောင်ချိတ်ချိတ်၊ ဘယ်သူကမှအရေးမလုပ်ကြဘူး။
++++ ++++ ++++
ငါးနှစ်ကြာသွားတယ်။
ဒီကြားထဲအောင်မင်းတို့စီးပွားရေးကတယ်ပြီးဟန်မကျလှဘူး။ အချောင်စားရမလားလို့မဲထည့်ခဲ့တဲ့ပါတီက မှန်မှန်ကန်ကန်ပါတီဖြစ်နေတော့ မစားသာဘူးဖြစ်နေတယ်။ ကြောင်ဖားတောင်ခိုးဆိုးနှိုက်နဲ့တစ်နှစ်ကျော်လောက် အထဲရောက်သွားသေး။
ဒီလိုနဲ့ရွေးကောက်ပွဲအချိန်ထပ်ရောက်လာပြန်တယ်။ အောင်မင်းကအရောင်ပြောင်းရမလားစဉ်းစားတယ်။
ကြောင်ဖားက “မပြောင်းနဲ့ဦးကွ။ ဒီတခေါက်လည်းသူတို့ပဲနိုင်မှာလို့ပြောနေကြတယ်။
သူတို့ပဲထည့်လိုက်ဦးကွာ။ ကိုဗစ်တုံးကလိုဆန်တွေပိုက်ဆံတွေဝေရင် ယူရဦးမှာ။”
အောင်မင်းတို့အိမ်ရှေ့ကအလံလေးလည်း အရောင်မပြောင်းပြန်ဘူး။
ဒါပေမယ့်သိပ်မကြာလိုက်ဘူး။ တပြည်လုံးအုံးအုံးကြွက်ကြွက်နဲ့လက်သီးလက်မောင်းတန်းဆန္ဒပြတဲ့အချိန်ရောက်လာတယ်။ ညဘက် လင်ပန်းတွေ၊ သံပုန်းတွေတီးသံတွေကြားရသလို၊တဘက်ကလည်း တဖောက်ဖောက်တဒိုင်းဒိုင်းသံတွေလည်းမြည်လို့။
မျက်ရည်တွေနဲ့သွေးရည်တွေဟာ ရောလို့။
တရက်တော့ ကြောင်ဖားကအောင်မင်းလက်ထဲဝတ်စုံတခုလာထည့်တယ်။ ပြီးတော့အရေးတကြီးပုံစံနဲ့...
“ဒါကိုရပ်ကွက်ထဲမှာမဝတ်နဲ့။ ငါခေါ်ရင်အဲဒီဝတ်စုံကိုယူခဲ့။ မင်းလုပ်ရမှာတွေရှိတယ်။ လမ်းမကြီးမှာ လူတန်းကြီးလာရင် မင်းပါလိုက်အော်။ ဟန်ပြပေါ့ကွာ။ ပြီးရင် ဘယ်နားမှာလူစုမယ်၊ဘာလုပ်မယ်ဆိုတာသတင်းယူ၊ ပြီးရင် ငါ့ကိုဖုန်းဆက်။ မင်းဆုကြေးရမယ်။”
“ဆုကြေးကဘယ်သူကပေးမှာလဲ။” အောင်မင်းကမေးတော့ ကြောင်ဖားမျက်နှာကဂုဏ်ယူတဲ့အပြုံးနဲ့ ...
“အဘတို့ကပေါ့ကွ။ မင်းငါဘာလုပ်ချင်လဲ။ ဘာလုပ်လုပ်သူတို့ရှင်းပေးမယ်။ ဟာကွာ ငါလိုချင်ရင်ဒါမျိုးလေးတောင်ရနိုင်တယ်။”
ကြောင်ဖားက သူ့လက်ညှိုးကိုကွေးပြတယ်။
ကြောင်ဖားပြောတဲ့အတိုင်းလိုက်လုပ်တော့ မဆိုးဘူး။ နေ့တွက်ကိုက်သား။
တခါတော့ အောင်မင်းအရက်မူးပြီး အရက်ဆိုင်မှာ ဓားထိုးမှုဖြစ်တယ်။
နေ့ခင်းမှာစခန်းရောက်။ ညကျကြောင်ဖားနဲ့အဘတယောက် လာထုတ်တာ၊ အပြန်ကျအစိမ်းပုပ်ရောင်ကားလေးနဲ့ပြန်ရတယ်။
တရက်တော့ မြို့နယ်ကြီးတခုမှာ လူတွေအများကြီး လက်သီးလက်မောင်းတန်းကြတယ်။ သဲအိတ်တွေချတယ်။ ကြောင်ဖားပေးတဲ့ဝတ်စုံနဲ့ အောင်မင်းရောက်သွားတယ်။
အဘတို့ပေးတဲ့အမိန့်အတိုင်း သခင်အားရ၊ ကျွန်ပါးဝ လုပ်ပြရတာ အရသာရှိလိုက်တာ။အညွန့်အဖူးအနုအကင်းလေးတွေကိုခေါင်းတွေဟက်ခနဲကွဲအောင်၊ သွေးတွေဖြာခနဲထွက်အောင်လုပ်ပြရတဲ့အရသာဟာ ဘာနဲ့မှမတူပါလား။
သူမတက်ခဲ့ရတဲ့ကျောင်းတွေသူတို့တက်ရတယ်။
သူမနေခဲ့ရတဲ့အိမ်နဲ့သူတို့နေရတယ်။
သူအချစ်မခံရပေမဲ့သူတို့အချစ်ခံရတယ်။
တက်ချင်ဦးဟကျောင်း။
ဖြစ်ချင်စမ်းဟဲ့ပညာတတ်။
မြင့်လိုက်စမ်းဟဲ့အဆင့်အတန်း။
ရလိုက်စမ်းဟဲ့ပြည်သူ့မေတ္တာ။
တချက်ရိုက်တိုင်း တခါဟစ်ကြွေးတယ်။
ဘာတတ်နိုင်သေးလဲ ငါရိုးမသားတွေ။
အားရပါးရရိုက်တယ်။
အဘတို့ရိုက်ခိုင်းတဲ့ဗီဒီယိုကင်မရာကြီးကလည်း တလျှောက်လုံးမှတ်တမ်းတင်လို့။
ညကျရင် တီဗီကလွှင့်မှာဆိုလား။
လွှင်လေ။ လွှင့်ပေါ့။ သူက အဘတို့ဝတ်စုံအပြည့်နဲ့။
ရပ်ကွက်ထဲပြန်ဝင်ရင်တော့ အဲဒီဝတ်စုံကြီးချွတ်၊ စွပ်ကျယ်ချိုင်းပြတ်နဲ့။
ဒါပေမဲ့ တီဗီကလွှင့်သွားတဲ့မမှန်သတင်းထဲမှာတော့ သူ့ပုံကြီးကအထင်းသား။
ရပ်ကွက်ထဲမှာ သူ့တို့မိသားစုကိုကြည့်တဲ့မျက်လုံးတွေမှ ာရွံရှာမှု့အပြည့်နဲ့။
ပြည့်ပြည့်သောက်ဂရုစိုက်စရာလား။
ညညအဘတို့ဖုန်းဆက်ခေါ်တိုင်းအပြင်ထွက်သွား။
ကြောင်ဖားရဲ့သော့ဖျက်ကျွမ်းကျင်မှု၊ သူ့ရဲ့အတွေ့အကြုံရင့်ကျက်မှုတွေဟာ ဝတ်စုံတစုံရဲ့အောက်မှာအထာကိုကျလို့။ အဲဒီဝတ်စုံနဲ့အဲဒီအလုပ်ဟာ နေနဲ့လ၊ ရွှေနဲ့မြပါလားကွယ်။
လိုက်ဖက်နေမှုကြီးက။
ဖုန်းတွေ၊လူသုံးကုန်ပစ္စည်းတွေ၊ ရွှေတွေတခြားတန်ဖိုးကြီးတဲ့ပစ္စည်းတွေဟာ သူတို့အတွက်ဖေါချင်းသောချင်း။
ပိုင်ရှင်တွေလား။
နှမြောပြီးငိုရုံ၊ တောက်ခေါက်ရုံ၊ဒေါသဖြစ်ရုံကလဲွလို့ ဘာတတ်နိုင်မလဲ။
ကြည့်ထား။ အောင်မင်းတို့က အိမ်ကိုသုံးထပ်တိုက်ဆောက်ပြလိုက်ဦးမှာ။
++++ ++++ ++++
တနှစ်လောက်နေတော့ သူတို့လမ်းကျဉ်းကျဉ်းလေးမှာ သံချောင်းတွေ၊ အုတ်တွေ၊ကျောက်စရစ်တွေချလို့။
ကြောင်ဖားကိုတော့ရပ်ကွက်ထဲမှာမတွေ့တော့ဘူး။
အဘတို့အဖွဲ့တွေနဲ့အထက်အရပ်မှာဆိုလား။ မသွားခင်တခေါက်ရပ်ကွက်ထဲကြွစောင်းစောင်းနဲ့ပြန်လာတယ်။
အဲဒီနောက်အိမ်ဆောက်တော့တာပဲ။
အောင်မင်းကဂုဏ်တယူယူနဲ့သူ့အိမ်ဆောက်လက်စကိုကြည့်တယ်။ ဘာတတ်နိုင်သေးလဲ။ကြည့်စမ်း။
ဟိုကျောင်းဆရာပင်စင်စားအိမ်ကတော့ထရံကအပေါက်လေးကို ပလပ်စတစ်ယပ်တောင်လေးနဲ့ဖာလို့။ ခေါင်မိုးကသွပ်ပေါက်တွေကိုအိုးဖာတိပ်နဲ့ဖာလို့။ ဟာဟ။
အောင်မင်းက ကြိတ်ရယ်လိုက်တယ်။
ခဏနေ ဟိုဘက်လမ်းက ဆွမ်းကြွေးကိုသွားရဦးမယ်။ သုံးထပ်အိမ်ပိုင်ရှင်ဦးအောင်မင်း။
ဖိတ်စာလေးနဲ့ဖိတ်တော့ချီးမြှင့်ပေးရပေမပေါ့။
အသစ်စက်စက်ကော်လံကတုံး ရှပ်အင်းကျီနဲ့။ ပလေကပ်ပုဆိုးနဲ့။
တသက်လုံးငါ့ကိုနေရာမပေးခဲ့တဲ့ကောင်တွေ။ ခုဘာတတ်နိုင်သေးလဲ။
အောင်မင်းကကြိတ်ကျေနပ်နေတယ်။ ဖိတ်စာစာအိတ်ပေါ်က ဦးအောင်မင်းမိသားစုဆိုတဲ့အမည်ဟာ သူ့အသည်းနှလုံးမှာဖရဏာ ပိီတိဂွမ်းဆီထိသလိုပဲ။ တလှပ်လှပ်နဲ့။
အလှူအိမ်ပေါက်ဝရောက်တာနဲ့တိုက်တိုက်ဆိုင်ဆိုင် ဟိုကျောင်းဆရာလင်မယားနဲ့တွေ့ပြန်ပြီ။
“ဟာ ဆရာကြီးနဲ့ဆရာမကြီးကြွပါခင်ဗျ။ ခေါင်းရင်းကြွပါခင်ဗျ။ ဟဲ့ဆရာကြီးတို့ ထိုင်ဖို့နေရာလုပ်ပါဦး။”
ကျောင်းဆရာလင်မယားကိုအိမ်ရှင်ကပြာပြာသလဲကြိုပြီး သူ့ကိုတော့ “အောင်မင်းလာလေကွာ။ အဆင်ပြေသလိုထိုင်ကွာ”တဲ့။
ဟင် သေချာကြည့်ရင်အဘိုးကြီးဝတ်ထားတဲ့ကော်လံကတုံးအဖြူလေးဟာ ဝါကျင့်ကျင့်တောင်ဖြစ်နေပြီ။ အဘွားကြီးဝတ်ထားတဲ့ရှံသားပွင့်ရိုက်လေးကလည်း ဈေးထဲမှာပေါလိုက်သမှ။
အောင်မင်းဟာ ကြောင်စီစီနဲ့တွေ့တဲ့စားပွဲဝင်ထိုင်လိုက်ရတယ်။ ဖြစ်ချင်တော့ ခေါင်းရင်းစားပွဲမှာထိုင်နေတဲ့အဘွားကြီးနဲ့မျက်နှာချင်းဆိုင်။
ထုံးစံအတိုင်း မျက်လုံးစူးစူးလေးတွေနဲ့သူ့ကိုကြည့်ပြန်ပြီ။
အောင်မင်းခေါင်းငုံ့ရပြန်ပြီ။
စားလက်စကြက်ဆီထမင်းဟာ သုံးထပ်အိမ်ပိုင်ရှင်အောင်မင်းပါးစပ်ထဲခါးလို့။
++++ ++++ ++++ ++++
အလှူအိမ်နောက်ဖေးမှာတော့ ကူလုပ်တဲ့အမျိုးသမီးတသိုက်စကားတွေတွတ်ထိုးလို့။
“အောင်မင်းက ဒီနေ့လူလူသူသူဝတ်လို့ပါလားဟဲ့။”
“ဘယ်လိုဝတ်စုံဝတ်ဝတ်ပါဟယ်။
သူလည်းသူ့အဘတွေလိုပါပဲ။
အရောင်ထွက်တယ်လို့မရှိပါဘူး။”
(The Myanmar Peace Narrative မှရေးသားတင်ဆက်သည်။)
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar