Breaking News

ကိုအောင်မှိုင်း - မြန်မာ့ပြည်တွင်းစစ် သမိုင်းထဲက တိုင်းမှူး၊ တပ်မမှူးနဲ့ ဗျူဟာမှူးတွေ ကျဆုံးအောင် တိုက်ခိုက်ခဲ့တဲ့ ဗျူဟာမြောက် ချုံခိုတိုက်ပွဲများ (အပိုင်း ၁)


ကိုအောင်မှိုင်း - မြန်မာ့ပြည်တွင်းစစ် သမိုင်းထဲက တိုင်းမှူး၊ တပ်မမှူးနဲ့ ဗျူဟာမှူးတွေ ကျဆုံးအောင် တိုက်ခိုက်ခဲ့တဲ့ ဗျူဟာမြောက် ချုံခိုတိုက်ပွဲများ (အပိုင်း ၁)

(မိုးမခ) ဩဂုတ် ၂၉၊ ၂၀၂၂


ချုံခိုတိုက်ပွဲဟာ အရင်းနည်းနည်းနဲ့ အမြတ်များများရရှိစေတဲ့ စစ်ရေးနည်းဗျူဟာတစ်ခု ဖြစ်ပါတယ်။ ချုံခိုတိုက်ပွဲဟာ ရန်သူ မျှော်မှန်းမထားတဲ့ အငိုက်နဲ့ ရန်သူ တန်ပြန်မနိုင်တဲ့အငိုက် နှစ်မျိုးစလုံးကို ရရှိနိုင်တဲ့ စစ်ဆင်မှုတစ်ခုဖြစ်တဲ့အတွက် ချုံခိုတိုက်ပွဲတွေကို ပြောက်ကျားစစ်ပွဲတွေမှာ သာမက၊ သမားရိုးကျစစ်ပွဲတွေမှာလည်း ထိရောက်စွာ အသုံးပြုနိုင်ပါတယ်။ ချုံခိုတိုက်ပွဲ ဆင်နွှဲရခြင်းရဲ့ ရည်ရွယ်ချက်တွေထဲမှာ မိမိဘက်က အလိုရှိနေတဲ့ ရန်သူ့တပ်မှူးကြီးတစ်ဦးကို လက်ရ ဖမ်းဆီးဖို့၊ ဒါမှမဟုတ် ပစ်ခတ်သတ်ဖြတ်နိုင်ဖို့၊ ဆိုတဲ့ ရည်ရွယ်ချက်တစ်ခုလည်း ပါဝင်ပါတယ်။

မြန်မာပြည်ရဲ့ ပြည်တွင်းစစ်သမိုင်းမှာ ရန်သူစစ်ခေါင်းဆောင်တွေကို သုတ်သင်ရှင်းလင်းဖို့ ရည်ရွယ်တိုက်ခိုက်ခဲ့တဲ့ ချုံခိုတိုက်ပွဲတွေ အများအပြားရှိခဲ့ပြီး စစ်တိုင်းမှူးတွေ၊ တပ်မမှူးတွေနဲ့ ဗျူဟာ မှူးအဆင့်တွေအထိ ကျဆုံးအောင် တိုက်ခိုက်နိုင်ခဲ့တာကို တွေ့ရပါတယ်။

၁၉၈၅ အောက်တိုဘာ ၁၅ ရက်နေ့မှာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အခြေစိုက် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ရဲ့ စစ်တိုင်းမှူးတဦးဖြစ်ခဲ့တဲ့ ဗိုလ်ချုပ်အယ်လ်ကွန်ဖန်နဲ့ သူ့ရဲ့ အနီးကပ်လုံခြုံရေးတပ်ဖွဲ့ကို လဖိုင်ဇော်ဆိုင်း ခေါင်းဆောင်တဲ့ KIA ကွန်မင်ဒိုတပ်ဖွဲ့က မြို့ပြင်‌ဂေါက်ကွင်းကအပြန် ကားလမ်းပေါ် မှာ အောင်မြင်စွာ ချုံခိုတိုက်ခိုက်နိုင်ခဲ့တဲ့အတွက် ဗိုလ်ချုပ်အယ်လ်ကွန်ဖန်ဟာ ကျည်ဆန် ခုနစ်ချက် ထိမှန်ခံရပြီး ကျဆုံးသွားခဲ့ရပါတယ်။

ချုံခိုတိုက်ခိုက်ခံရလို့ နောက်ထပ် ကျဆုံးသွားခဲ့တဲ့ အကြမ်းဘက် စစ်အုပ်စုရဲ့ အဆင့်မြင့်တပ်မှူးကြီး တစ်ဦးကတော့ ရခိုင်ပြည်နယ် တောင်ကုတ်မြို့အခြေစိုက် အမှတ်(၅)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၅) မှ တပ်မမှူး ဗိုလ်မှူးချုပ်ကောင်းမြတ် ဖြစ်ပါတယ်။

၂၀၀၉ ခုနှစ်အတွင်း ပဲခူးတိုင်းအရှေ့ခြမ်း တောင်ငူခရိုင် သံတောင်မြို့နယ် “ဘောဂလိကြီး”မှာ ရှေ့တန်းရုံးထိုင်ပြီး ကရင်ပြည်နယ်အတွင်း စစ်ဆင်ရေးဝင်နေတဲ့ (စကခ-၅)ရဲ့ တပ်မမှူး ဗိုလ်မှူးချုပ် ကောင်းမြတ်ဟာ အဲဒီနှစ် မေလ ၈ ရက်နေ့မှာ အနီးကပ်လုံခြုံရေးတပ်ဖွဲ့အပြင် အတွင်းစည်း ကွန်မင်ဒိုတပ်ခွဲနှစ်ခွဲ၊ အပြင်စည်း လှုပ်ရှားစစ်ကြောင်းနှစ်ကြောင်းနဲ့အတူ ရှေ့တန်းရုံးစိုက်ရာ ဘောဂလိကြီးကနေ အရှေ့တောင်ဘက်မှာရှိတဲ့ “ဘိုဆာခီး” ဂွင်မှာ စစ်ဆင်ရေးဝင်ရောက်နေတဲ့ ရှေ့တန်းတပ် စခန်းတွေကို သွားရောက်ပြီး လှည့်လည်စစ်ဆေးခဲ့ပါတယ်။

သာလွန်အင်အားနဲ့ ကွက်ပြည့်နင်း၊ အပြစ်မဲ့ရွာသားတွေကို သတ်၊ ပျိုပျိုအိုအို မရှောင် မုဒိမ်းကျင့်၊ ကျေးရွာတွေကို မြေလှန်မီးရှို့ပြီး နယ်မြေ ရှင်းလင်းရေး လုပ်ထားတဲ့အတွက် လုံခြုံစိတ်ချရပြီ အထင်နဲ့ စိတ်အေးလက်အေးပြန်လာတဲ့ ဗိုလ်မှူးချုပ်ကောင်းမြတ်ရဲ့ စစ်ယာဥ်တန်းကို မေလ ၁၁ ရက်နေ့မှာ ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ(၂)ရဲ့ လက်အောက်ခံ တပ်ဖွဲ့ငယ်တစ်ဖွဲ့က မော်သေးတဲ စခန်းနဲ့ နော်စိုး စခန်းအကြားမှာ ချုံခိုတိုက်ခိုက်ခဲ့ပါတယ်။

KNLA တပ်ဖွဲ့ ဟာ အင်အားနည်းပေမဲ့ နယ်မြေကျွမ်းပြီး စစ်ရေးထက်မြက်မှုရှိတဲ့အတွက် ‘၁၈-မိုင်း’ လို့ခေါ်တဲ့ ရှေ့ထွက်မိုင်းတွေဆင်ပြီး “ရုတ်ခြည်းချုံခို” စစ်နည်းဗျူဟာသုံးကာ တိုက်ခိုက်နိုင်ခဲ့တာကြောင့် တပ်မမှူး ဗိုလ်မှူးချုပ်ကောင်းမြတ်နဲ့ သူ့ရဲ့ အနီးကပ်လုံခြုံရေး တပ်စိတ်တစ်ခုလုံး ချေမှုန်းခံခဲ့ကြရပါတယ်။

ဗိုလ်မှူးချုပ်ကောင်းမြတ်နဲ့ ကျဆုံးရဲဘော်တွေရဲ့ အလောင်းတွေကို သွားရောက်သယ်ယူလာတဲ့ စစ်ကူယာဥ်တန်းကိုလည်း KNLA တပ်မဟာ(၂) လက်အောက်ခံ အခြားတပ်ဖွဲ့တစ်ခုက ဘောဂလိကြီးအနီးမှာ စောင့်ကြိုပြီး ထပ်မံချုံခိုတိုက်ခိုက်ခဲ့ပြန်တဲ့အတွက် စစ်ကားတစ်စီး ပျက်စီးပြီး စစ်ကား ပေါ်မှာ ပါလာတဲ့ လက်နက်ကြီးကျည်ဆန်တွေ ပေါက်ကွဲခဲ့တာကြောင့် နောက်ထပ်စစ်သား၂၀ ကျော် သေဆုံးခဲ့ရပြန်ပါတယ်။

မြန်မာပြည်မှာ ဖြစ်ပွားခဲ့တဲ့ ချုံခိုတိုက်ပွဲတွေထဲမှာ ၁၉၈၅ ဖေဖော်ဝါရီ ၂၅ ရက်နေ့ ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်နဲ့ တာမိုးညဲအကြား မော်ဟန် အနီးမှာ ဖြစ်ပွားခဲ့တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီတပ်ဖွဲ့တွေနဲ့ KIA ပူးပေါင်းတပ်ဖွဲ့တွေရဲ့ “တိကျချုံခိုတိုက်ပွဲ”ဖြစ်စဥ်ကတော့ အလွန်ပိရိသေသပ်ပြီး နည်းဗျူဟာ ပြောင်မြောက်လွန်းတာကြောင့် အကြမ်းဖက်စစ်အုပ်စုရဲ့ စစ်တက္ကသိုလ်တွေနဲ့ စစ်ဦးစီးတက္ကသိုလ်တွေမှာတောင် ချုံခိုတိုက်ပွဲ စစ်နည်းဗျူဟာဆိုင်ရာ လေ့လာဖော်ထုတ်စရာ (Case Study) အဖြစ် ပြဋ္ဌာန်းပို့ချပေးရတဲ့အထိ ဖြစ်ခဲ့ပါတယ်။

အဲဒီချုံခိုတိုက်ပွဲဖြစ်စဥ်မှာ အကြမ်းဖက်စစ်အုပ်စုရဲ့ ခြေမြန်တပ်မ (၉၉) အမှတ်(၉၉၁)နည်းဗျူဟာ၊ ယာယီနည်းဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး သူရကျော်ကျော်ချို၊ စစ်ဦးစီး(တတိယတန်း) ဗိုလ်ကြီးစိန်ဝင်းအောင် အပါအဝင် ခမရ(၁၀၉)ရဲ့ စစ်ကြောင်း (၂) တစ်ခုလုံး ကျဆုံးခဲ့တဲ့အပြင် လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ခဲယမ်းမီးကျောက်တွေ၊ ဆက်သွယ်‌ရေးစက်တွေ ကားတစ်စီးတိုက်စာလောက် လက်လွတ်ဆုံးရှုံးခဲ့ရပါတယ်။

ဒီချုံခိုတိုက်ပွဲမတိုင်ခင် ၁၉၇၅ ခုနှစ် နှစ်ဆန်းပိုင်း မူဆယ်တိုက်ပွဲအပြီး လာရောက်စစ်ဆေးတဲ့ နဗဟ (၉၉၁)ရဲ့ စစ်ယာဥ်တန်းကို အပြန်မှာ ဗကပ တပ်တွေက လမ်းကစောင့်ပြီး ၅၇-မမ၊ ၇၅-မမ၊ နောက်ပွင့်ရိုင်ဖယ်တွေနဲ့ ပြောင်းထိုးပစ်ခတ်ခဲ့လို့ နည်းဗျူဟာမှူး ဗိုလ်မှူးကြီးသူရညွန့်တင် ကျဆုံးခဲ့ဖူးပေမဲ့ ယာယီနည်းဗျူဟာမှူး ဒုဗိုလ်မှူးကြီးသူရကျော်ကျော်ချို ကျဆုံးခဲ့ရတဲ့ ချုံခိုတိုက်ပွဲလောက် ဗျူဟာ မမြောက်ခဲ့ပါဘူး။

ကနေ့ မြန်မာပြည်အရပ်ရပ်မှာ တိုက်ပွဲဝင်နေကြတဲ့ သူရဲကောင်း PDF LDF အပါအဝင် ပကဖများ၊ EROs များအပါအဝင် တော်လှန်ရေးရဲဘော်များ၊ တပ်မှူးများအတွက် ရည်ရွယ်ပါတယ်။ 

ရဲဘော်စိုးမိုးနိုင်ရဲ့ ချူံခိုတိုက်ပွဲများ ဆောင်းပါးဟာ ရန်သူအကောင်ကြီးကြီးတွေကို ချေမှုန်းနိုင်ခဲ့တဲ့ လက်တွေ့ ဖြစ်ပါတယ်။ မိမိ လက်ရှိအနေအထားနဲ့ ပေါင်းစပ်အသုံးပြုနိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

ကိုအောင်မှိုင်း


(မြန်မာ့ပြည်တွင်းစစ်သမိုင်းထဲက တိုင်းမှူး၊ တပ်မမှူးနဲ့ ဗျူဟာမှူးတွေ ကျဆုံးအောင် တိုက်ခိုက်ခဲ့တဲ့ ဗျူဟာမြောက် ချုံခိုတိုက်ပွဲများ )

စိုးမိုးနိုင်


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar