ရင်နင့်ဖွယ်ရာ သတင်းတွေနဲ့ တရက်တာ
မြန်မာနွေဦး ခရိုနီကယ် - ဩဂုတ် ၂၈ မြင်ကွင်း
(မိုးမခ) ဩဂုတ် ၂၉၊ ၂၀၂၂
ရင်နင့်ဖွယ်ရာ သတင်းတွေနဲ့ တရက်တာ
ပြည်မြို့ မှာ နေထိုင်တဲ့ အသက် ၂၀ ကျော်အရွယ် မိခင်က သူ့ရဲ့ ၃ နှစ်အရွယ် သမီးဖြစ်သူကိုပါချီလျက်နဲ့ နဝဒေး တံတားပေါ်က သြဂုတ် ၂၈ ရက် နေ့ခင်းမှာ ခုန်ချသတ်သေသွားခဲ့တဲ့ သတင်းကို မီဒီယာစာမျက်နှာတွေမှာ ဖတ်လိုက်ရပါတယ်။ တလောက မလေးရှားနိုင်ငံမှာ ချင်းအမျိုးသား ဖခင်က သားသမီး ၃ ယောက်ကို တံတားပေါ်ကနေ ကားလမ်းပေါ် ပစ်ချပြီး သူကိုယ်တိုင် ခုန်ချသွားတဲ့ အဖြစ်အပျက်ဖြစ်ပွားခဲ့ပါသေးတယ်။ တဖန်ခုရက်ပိုင်း တမူးမြို့က စီဒီအမ် လုပ်ထားတဲ့ ကျောင်းဆရာမ ဖြစ်သူ ခင်ပွန်းနဲ့ ကွာရှင်းလက်မှတ်ထိုးပေးအပြီး ကြိုးဆွဲချ သတ်သေသွားတဲ့ အဖြစ်အပျက်လည်း ဖြစ်ပျက်ခဲ့ပါတယ်။
သတင်းမီဒီယာ တခုမှာတော့ ရန်ကုန်မြို့ လမ်းတွေမှာ မိသားစုလိုက် တောင်းရမ်းမှုတွေ ပိုမိုတွေ့လာရတဲ့အကြောင်း သတင်းအနေနဲ့ ဖော်ပြထားပါတယ်။ ဒီသတင်းတွေ အားလုံးကို စုစည်းကြည့်မယ်ဆိုရင် နိုင်ငံရေးပြဿနာ စီးပွားရေးပြဿနာကြီးကြီးမားမား ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံမှာ အောက်ခြေအလွှာကသူတွေအဖို့ တောင့်ခံနိုင်စွမ်း မရှိတော့ပဲ ဘဝကို အရှုံးပေးသူတွေ များပြားလာတယ်လို့ ကောက်ချက်ချရမှာဖြစ်ပါတယ်။ မလေးရှားနိုင်ငံက အဖြစ်အပျက်ကတော့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးမကောင်းတဲ့ ဖခင်ဖြစ်သူက သားသမီးတွေနဲ့အတူ သတ်သေတဲ့အဖြစ်အပျက် ဖြစ်ပြီး ကျန်ဖြစ်ရပ်တွေက ပြည်တွင်းက စီးပွားရေး အကျပ်အတည်းဒဏ် မခံနိုင်တဲ့အဆုံး ဘဝကို အရှုံးပေးပြီး မိမိရဲ့ သွေးသားရင်သွေးကိုပါ တပါတည်း အဆုံးသတ်ဖို့ ဆုံးဖြတ်လိုက်ကြတဲ့ သဘောလို့ ကောက်ချက်ချရမယ် ထင်ပါတယ်။
အရင့်အရင် မဆလခေတ် စပါးအရောင်းအဝယ်၊ သယ်ယူမှုတွေကို ကန့်သတ်ချုပ်ကိုင်ခဲ့ပြီး ဆန်စျေးတွေမြင့်တက်ခဲ့စဥ် အလုပ်အကိုင် ရှားပါးခဲ့စဥ်က မိသားစုအလိုက် အဆိပ်သောက် သေဆုံးခဲ့တဲ့ အဖြစ်အပျက်တွေ ကြားခဲ့ရဖူးပါတယ်။ ဆန်ဝယ်ယူဖို့ ခက်ခဲတဲ့ကာလ ငွေကြေးရှားပါးလွန်းတဲ့ကာလတွေ ဖြစ်ပြီး အဲဒီလို အဆုံးစီရင်မှုတွေ တကြိမ်မက ကြားခဲ့ရတာပါ။
အခု စစ်အာဏာသိမ်းပြီး တနှစ်ခွဲကျော်ကာလကြာမြင့်လာချိန် အသက် ၂၃ နှစ် အရွယ် မိခင်နဲ့ ၃ နှစ်အရွယ် သမီးဖြစ်သူတို့ တံတားပေါ်က ခုန်ချသွားတဲ့ ဖြစ်ရပ်က အောက်ခြေလူတန်းစားတွေအဖို့ ကုန်စျေးနှုန်းတွေ နေ့အလိုက် သီတင်းပတ်အလိုက် ကြီးသည်ထက် ကြီးမြင့်လာတာ အလုပ်အကိုင်အခွင့်အလမ်းတွေ မရှိတာရဲ့ အကျိုးဆက်လို့ တိုက်ရိုက်ကောက်ချက်ချနိုင်တဲ့ အဖြစ်အပျက်ဖြစ်ပါတယ်။
နေ့စဥ် မြင့်တက်နေတဲ့ အခြေခံ စားသောက်ကုန် စျေးနှုန်းတွေ၊ အလုပ်အကိုင် ရှားပါးမှုတွေကနေ ဆက်လက်ရှင်သန်ဖို့ ခက်ခဲလာတာကြောင့် အရှုံးပေးပြီး လူ့လောကထဲက ထွက်ခွာဖို့ ဆုံးဖြတ်လိုက်ရတဲ့မိသားစု တစုကို သာဓကပြလိုက်တဲ့ သဘောလို့ ယူဆမိပါတယ်။ အခက်အခဲကြုံသူတိုင်း မိမိကိုယ်ကို အဆုံးစီရင်ကြတာမဟုတ်ပေမယ့် အခုလို အဖြစ်အပျက်မျိုးက မကြာခဏ ဖြစ်ပျက်နေတာမဟုတ်ဘဲ အခုလိုကာလမှာ ကြားသိနေကျ သတင်းမျိုးမဟုတ်တဲ့ အခုလို အဖြစ်အပျက်တွေ ခပ်စိပ်စိပ် ဖြစ်ပွားလာတာက လူမှုအသိုင်းအဝိုင်းမှာ အရေးပေါ် အခြေအနေမျိုး ကျရောက်နေပြီဆိုတာ ခန့်မှန်းနိုင်ပါတယ်။
ပြည်တွင်းမှာ အလုပ်အကိုင် အခွင့်အလမ်းတွေ ရှားပါးလာတာကြောင့်လည်း အိမ်နီးချင်းနိုင်ငံမှာ တရားမဝင် အလုပ်သွားလုပ်ဖို့ ထိုင်းနိုင်ငံထဲရောက်ပြီး အဝေးပြေး ကားလမ်းမှာ မတော်တဆဖြစ်လို့ မြန်မာနိုင်ငံသား ၄ ဦး သေဆုံးပြီး ၉ ဦးဒဏ်ရာရတဲ့ သတင်းလည်း ဒီနေ့သတင်းတွေထဲ ပါလာပါတယ်။ မကြာခဏ ခိုးဝင်လို့ အဖမ်းခံရတဲ့သတင်း၊ ကားမတော်တဆမှုကြောင့် အသက်ဆုံးရှုံးရတဲ့ သတင်းတွေဟာ မကြာမကြာ တွေ့နေကျ သတင်းတွေလို ဖြစ်လာနေတာပါ။
အခုလို အကျပ်အတည်း လူမှုစီးပွားကပ်ဘေးကို ဘယ်လိုကျော်ဖြတ်ကြမလဲဆိုတဲ့ မေးခွန်းလည်း ပေါ်ထွက်လာပါတယ်။
နိုင်ငံရေးပြဿနာကို ဖြေရှင်းနိုင်မှ ဒီဟာအားလုံး ပြေလည်နိုင်မယ်လို့ အဖြေပေးကောင်းပေးပါလိမ့်မယ်။ ဒီအဖြေက အငြင်းပွားစရာမရှိအောင် မှန်ကန်ပေမယ့် ရေရှည်ပြဿနာဖြစ်တဲ့ နိုင်ငံရေးပြဿနာ မပြေလည်ခင်မှာ ရေတိုအဖြေလည်းရှာဖို့ လိုအပ်လိမ့်မယ်လို့ ထင်ပါတယ်။
နိုင်ငံရေးပြဿနာက အားလုံးရဲ့ အခြေခံအကြောင်းရင်း ဖြစ်တာမှန်ပေမယ့် အဲဒီပြဿနာ အဖြေရှာဖို့ စစ်ရေးနည်းလမ်း နိုင်ငံရေးနည်းလမ်းတွေနဲ့ ကြိုးစားနေစဥ်မှာ အခုလို ရင်နင့်ဖွယ်ရာ အဖြစ်အပျက်ပေါင်း ဘယ်လောက် ကြားသိ ကြုံတွေ့ရဦးမလဲ ဆိုတာလည်း စဥ်းစား အဖြေရှာဖို့ လိုအပ်ပါလိမ့်မယ်။ နိုင်ငံရေးပြဿနာ အဖြေမထွက်ခင် ပြည်သူလူထုအချင်းချင်း ကူညီဖေးမတဲ့ နည်းလမ်းတွေ အစပျိုး လုပ်ဆောင်မှုတွေအချင်းချင်း ဝိုင်းဝန်းကူညီကြတဲ့ စနစ်မျိုး ရှိဖို့လိုအပ်တာ အမှန်ပဲဖြစ်ပါတယ်။
အကြောင်းရင်းကို ဖယ်ရှားဖို့ လုပ်ဆောင်နေစဥ်မှာ အကျိုးရလဒ်ရဲ့ ဒဏ်ကို ခံစားကြရာမှာ လူးသာလွန့်သာ ရှိသူတွေက အကျပ်အတည်းထဲကနေ ဘယ်လိုမှ လူးလွန့်ထွက်ပေါက် မရှိတော့လို့ အရှုံးပေးဖို့ စဥ်းစားနေရသူတွေကို ကူညီဖေးမဖို့ လိုအပ်မယ်လို့ ထင်ပါတယ်။
ပရဟိတအသင်းအဖွဲ့တွေ ပရဟိတကူညီရေးလုပ်ဆောင်သူတွေကို စနစ်တကျ လုပ်ဆောင်နိုင်အောင် နိုင်ငံရေးအဖွဲ့အစည်းတွေက နှိုးဆော် အားပေးသင့်တယ်လို့ မြင်ပါတယ်။ ပြည်သူ အချင်းချင်း ကူညီမှုက နိင်ငံရေးပြဿနာကို ရှောင်လွှဲတဲ့ အဓိပ္ပာယ်မဟုတ်ဘဲ ပြဿနာကို အဆုံးတိုင် မဖြေရှင်းနိုင်သေးခင်မှာ တန်းတူညီမျှ စိတ်နဲ့ တဦးနဲ့တဦးကူညီပြီး ရည်ရွယ်ထားတဲ့ လူမှုအဖွဲ့အစည်းဆီ တူတူ လျှောက်လှမ်းကြမယ်ဆိုတဲ့ သဘောလည်း ဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar