မောင်သော်တာ - ပန်းချစ်သူ
မောင်သော်တာ
(မိုးမခ) ဩဂုတ် ၁၉၊ ၂၀၂၂
ကိုယ့်ကိုယ်ကို ကြည်ညိုစရာကောင်းတာဆိုလို့
ပြန်ကြည့်မိတော့
အနာမကျက်သေးတဲ့မနက်ဖြန်တွေကိုတွေ့တယ်
ပုပ်သိုးသွားလည်း မသွန်ရက် မပစ်ရက်
ရှပ်အင်္ကျီဖြူဖြူလေးကို ထုတ်ပြီးဝတ်
ပြီးခဲ့တဲ့ ခဏလေးတိုင်းမှာ ငါ့ကိုယ်ငါ ဆက်ပြီး မေ့ထား
ရေခဲတိုက်ထဲမှာ ဆန့်ဆန့်ကြီး ပစ်တင်ထားတဲ့ လူချောလူလှကြီးကို
မနက်တိုင်း မျက်နှာသစ်လို့ အရောင်တင် ပွတ်တိုက်လို့
ရေဒီယိုသတင်းတွေ နားထောင်လို့
ရွက်တိုင်ထိပ်ပေါ်က ခုန်မချသေးခင်
ဘုရားလောင်း မဟာဇနက'ထုံးနဲ့ ဆီဦးထောပတ် အဝစားလို့
သင်္ဘောနဲ့ အဝေးဆုံး ရောက်အောင် မခုန်ချခင် ငါ့ကိုယ်ငါ ဖယ်ထုတ်လိုက်တယ်
မီးလောင်မြေထဲက
ကိုယ့်လက်ကိုယ်ဆွဲ ပြေးထွက်လာသူတယောက်လို
ပြန်မပြောချင်လောက်အောင်ပဲ
ယပင့်နဲ့လည်း ကျပ်ဖူးပြီ
ရရစ်နဲ့လည်း ကြပ်ဖူးပြီ
ပြောလေ
ငါ့ကျည်ဆန်ဟာ ငါ့ဥပဒေပဲလို့ ပြောရင်
ငါကလည်း
ငါ့ကဗျာဟာ ငါ့ရဲ့လက်လုပ်သေနတ်ဖြစ်ရမယ်လို့ ပြောမယ်
မွန်းကြပ်တဲ့ကာလထဲမှာ ယမ်းငွေ့ပါတဲ့လေထုကိုတောင် မဝတဝ ရှူနေရသေးတော့
ကြွေတာကို ဘယ်လက်နဲ့မှ ဖမ်းဆုပ်ထား မရခဲ့ဘူး
ကြွေလုလု ကြယ်လေးတွေလို
အသက်ချင်းထပ်ပြီး စိန်ခေါ်ရဲတာ မဆန်း
အဲဒီ ကြယ်လေးတွေနဲ့အတူ ငါ့မိုက်မဲမှုတွေကို ထုံကူးထားမယ်
ပန်းတိုင်းပွင့်ပါစေလို့ ငါဘယ်တော့မှ ဆုမတောင်းဘူး
ဟိုတဖက်ကမ်းရောက်မှ ဝတ်မှုန်ကူးရဲတဲ့ ပန်းရိုင်းတွေ သန္ဓေပျက် အိပ်မောကျနေတုန်း .....
8.aug.2022
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar