မြန်မာ့နွေဦးခရော်နီကယ် - သြဂုတ် ၁၈ မြင်ကွင်း
မြန်မာ့နွေဦးခရော်နီကယ် - သြဂုတ် ၁၈ မြင်ကွင်း
မိုးမခ - သြဂုတ် ၁၉ ၊ ၂၀၂၂
ကုလကိုယ်စားလှယ်ရဲ့ ခရီးစဥ် အကျိုးရလဒ်
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ အထူးကိုယ်စားလှယ် ဖြစ်သူ နိုလင်းဟေဇာ လွန်ခဲ့တဲ့ ၂ ရက်က မြန်မာနိုင်ငံကို ရောက်ရှိလာပြီး နေပြည်တော်မှာ စစ်ကောင်စီခေါင်းဆောင်၊ စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီး၊ စစ်ကောင်စီအဖွဲ့ဝင်လည်းဖြစ်ပြီး ငြိမ်းချမ်းရေးဆွေးနွေးမှုတွေမှာ အဓိက တာဝန်ယူထားသူ ဒုဗိုလ်ချုပ်ကြီး ရာပြည့် တို့နဲ့ တွေ့ဆုံခဲ့ပြီးပြီ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ အကျပ်အတည်းနဲ့ ဆက်စပ်ပြီး သက်ဆိုင်သူတွေနဲ့ တွေ့မယ်လို့ ကုလသမဂ္ဂက ခရီးစဥ် အစမှာ ထုတ်ပြန်ထားပြီး စစ်ကောင်စီအပြင် အခြားဘယ်သူတွေ နဲ့တွေ့မယ်ဆိုတာ နာမည်နဲ့ အဖွဲ့အစည်းအမည်နဲ့တော့ ပြောဆိုထားခြင်း မရှိပါဘူး။
ကုလသမဂ္ဂနဲ့ပတ်သက်လို့ မြန်မာနိုင်ငံက ပြည်သူလူထုအနေနဲ့ ၄င်းတို့ လုပ်ဆောင်နိုင်တဲ့ အနေအထားထက် ပိုမျှော်လင့်ထားကြတဲ့ အမြင်မျိုးတွေ ရှိနေကြတာ သတိထားမိပါတယ်။ ကုလသမဂ္ဂအဖွဲ့ကြီးဟာ ဒုတိယကမ္ဘာစစ်ကြီးပြီးတဲ့နောက် တနိုင်ငံနဲ့တနိုင်ငံအကြား ပြဿနာတွေ ဖြစ်ပွားလာရင် ကြားဝင်ဖြေရှင်းဖို့ ၊ လူသားချင်းစာနာထောက်ထားမှု အကူအညီ၊ ဒုက္ခသည်ဆိုင်ရာ အကူအညီ၊ ဖွံ့ဖြိုးမှုဆိုင်ရာ အကူအညီ၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ကမ္ဘာလုံးဆိုင်ရာ ရောဂါကပ်ဘေးတွေနဲ့ ပတ်သက်လာရင် အကူအညီ ပူးပေါင်းဆောင်ရွက်မှု၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ၊ ပညာရေးဆိုင်ရာ စတဲ့ အကြောင်းအရာကိစ္စတွေမှာ ဖွံ့ဖြိုးပြီးနိုင်ငံတွေရဲ့ ထည့်ဝင်တဲ့ ရန်ပုံငွေတွေကို စီမံခန့်ခွဲပြီး အကူအညီပေးတဲ့ လုပ်ဆောင်မှုတွေ လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းကြီးသဘော ဖြစ်ပြီး နိုင်ငံရေး ကိစ္စရပ်တွေ၊ တချို့သော ပြည်တွင်းစစ်ပွဲတွေ၊ တနိုင်ငံနဲ့ တနိုင်ငံတိုက်ခိုက်ကြတဲ့ စစ်ပွဲတွေမှာ ကြားဝင်ဖြေရှင်းပေးဖို့ စောင့်ရှောက်ဖို့ကတော့ အဖွဲ့ကြီး ဖွဲ့စည်းပြီး ဆယ်စုနှစ် အတန်ကြာလာတဲ့နောက်မှာ သြဇာလျော့ပါးလာတာ တွေ့ရပါတယ်။
ကုလသမဂ္ဂကို ငွေကြေးများများ ထည့်ဝင်ရတဲ့ နိုင်ငံကြီးတွေ၊ ကမ္ဘာမှာ စစ်အင်အား၊ စီးပွားရေး အင်အားကြီးတဲ့ နိုင်ငံကြီးတွေက ကမ္ဘာ့အရေးကိစ္စတွေကို ကိုင်တွယ်ဖြေရှင်းကြရာမှာ ကုလသမဂ္ဂကို အရေးမထားကြတော့ပဲ မိမိတို့ သဘောနဲ့ မိမိတို့ လုပ်ဆောင်မှုတွေ များပြားလာတဲ့နောက်မှာ ကုလသမဂ္ဂအဖွဲ့က နိုင်ငံရေးပြဿနာရဲ့ အကျိုးဆက် ဒုက္ခသည်ကူညီရေး၊ လူမှုရေး ၊ ကျန်းမာရေး ၊ ပညာရေးသာဆောင်ရွက်ခွင့်ရတဲ့ အဖွဲ့ကြီးသဖွယ် ဖြစ်လာပြီး ကျန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှု ၊ မတရားမှုတွေ နိုင်ငံတကာရဲ့ စွက်ဖက်မှု သို့မဟုတ် ပြည်တွင်းရေးကိစ္စတွေမှာ ဝင်ရောက်ဖြေရှင်းပေးနိုင်တဲ့ အင်အားနည်းလာတာ ဖြစ်ပါတယ်။ နိုင်ငံရေးပြဿနာတွေကို ဝင်ရောက်ဖြေရှင်းပေးနိုင်တဲ့ သာဓကတွေလည်း နှစ်ကြာလာသည်နဲ့အမျှ နည်းပါးလာတာ တွေ့နေရပါတယ်။ ၁၉၆၃ ကျူးဘားဒုံးအရေးအခင်းလို ကိစ္စရပ်တွေမှာ ကုလသမဂ္ဂအနေနဲ့ နိုင်ငံရေး ပြဿနာ အကျပ်အတည်းလိုမျိုးမှာ ဝင်ရောက်ဖြေရှင်းနိုင်ခဲ့တဲ့ သာဓကတွေ ရှိခဲ့ပေမယ့် လတ်တလော ယူကရိန်းလို ကိစ္စတွေ၊ ထိုင်ဝမ်နဲ့ တရုတ်တို့လို ကိစ္စရပ်တွေမှာ ကုလသမဂ္ဂရဲ့ အခန်းကဏ္ဍကို အင်အားကြီးနိုင်ငံတွေက ဂရုမစိုက်ကြတော့သလို ကုလအနေနဲ့လည်း ကြားဝင်ဆောင်ရွက်ဖို့ ကြိုးစားနိုင်တဲ့ အနေအထားတောင် မရှိတာတွေ့ရမှာ ဖြစ်ပါတယ်။ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေအနေနဲ့ အာဏာရှင်ပြုတ်ကျရေး ဆိုတဲ့ အကြောင်းပြချက်နဲ့ နိုင်ငံတနိုင်ငံရဲ့ နယ်မြေကို လက်နက်ကိုင်တပ်တွေ ဝင်ရောက်ပြီး ဖြုတ်ချခဲ့ကြတဲ့ သာဓကတွေ ပြီးခဲ့တဲ့ ဆယ်စုနှစ် ၃၊ ၄ ခုမှာ တခုမကရှိခဲ့ပြီး ကုလသမဂ္ဂက အဲဒီဖြစ်ရပ်တွေမှာ ဝင်ရောက်တားဆီးနိုင်စွမ်းမရှိခဲ့တာကြောင့် လတ်တလော ယူကရိန်း စစ်ပွဲမဖြစ်မီမှာရော စစ်ပွဲဖြစ်လာချိန်မှာပါ ကုလရဲ့ အခန်းကဏ္ဍက ကြီးကြီးမားမားမတွေ့ရတာ ဖြစ်ပါတယ်။
အင်အားကြီးနိုင်ငံတွေက မိမိတို့ သဘောနဲ့ မိမိတို့ ကျူးကျော်ဝင်ရောက်တဲ့ ကိစ္စရပ်တွေမှာ ကုလသမဂ္ဂအနေနဲ့ ထိထိရောက်ရောက် အရေးယူ မဆောင်ရွက်နိုင်တာ တွေ့ရပါတယ်။ ဒါကြောင့် R2P လို တားဆီးမှု ကုလရဲ့ ငြိမ်းချမ်းမှုထိန်းသိမ်းရေးတပ်ဖွဲ့ စေလွှတ်တဲ့ သာဓကတွေက ကြာလေနည်းပါးလာလေ ဖြစ်တာတွေ့ရမှာပါ။
မြန်မာ့အရေးမှာလည်း နိုင်ငံကြီးတွေအနေနဲ့ ကုလရဲ့ အခန်းကဏ္ဍကို ဒီလောက် မျှော်လင့်မထားကြပဲ ကုလသမဂ္ဂအဖွဲ့ဟာ ဒုက္ခသည်ကူညီပေးရေးဆိုင်ရာ အဖွဲ့သဘောမျိုးသာ သတ်မှတ်ယူဆထားပုံရပါတယ်။ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေရဲ့ နားလည်ထားမှုက ကျန်တဲ့ နိုင်ငံတွေအပေါ်လည်း အနည်းနဲ့အများ သက်ရောက်မှုရှိနေတာတွေ့ရမှာ ဖြစ်ပါတယ်။
ဒါကြောင့် အခု ကုလအထူးကိုယ်စားလှယ်ရဲ့ ခရီးစဥ်ကိုလည်း အဲဒီချဥ်းကပ်မှုကကြည့်ရင် ထူးထူးခြားခြား အံ့အားသင့်စရာ မရှိဘူးလို့ မြင်ပါတယ်။ ပဋိပက္ခတွေကြားက ပြည်သူလူထုကို လူသားချင်းစာနာမှု အကူအညီတွေပေးနိုင်ဖို့အတွက် ပါဝင်ပတ်သက်နေတဲ့ လက်နက်ကိုင် အဖွဲ့တွေ၊ နိုင်ငံရေးအဖွဲ့အစည်းတွေရဲ့ သဘောတူ ခွင့်ပြုမှု လိုအပ်တာမှန်သော်လည်း နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းနိုင်တဲ့ လွှဲအပ်မှုမျိုး၊ ပါဝင်ပတ်သက်နေသူတွေရဲ့ လေးစားအသိအမှတ်ပြုမှုမျိုး ကုလသမဂ္ဂမှာ ရရှိထားခြင်းမရှိတာကို နားလည်သဘောပေါက်ဖို့ လိုအပ်မယ် ထင်ပါတယ်။
ရက်အနည်းငယ်အတွင်း လူဦးရေ သန်းနဲ့ချီ ဒုက္ခသည်အဖြစ် ထွက်ပြေးကြရတဲ့၊ နေ့စဥ် လူရာဂဏန်း တခါတရံ ထောင်ဂဏန်းနီးပါး ကပ်တဲ့အထိ အသက်ဆုံးရှုံးနေကြရတဲ့ တနိုင်ငံနဲ့ တနိုင်အကြားဖြစ်ပွားတဲ့ ယူကရိန်း-ရုရှားလို စစ်ပွဲမှာတောင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေနဲ့ ထိရောက်တဲ့ သြဇာမရှိတာကို လေ့လာကြည့်ရင် ကုလသမဂ္ဂအဖွဲ့က မြန်မာ့အရေးကို ပြောင်းလဲအောင် ကြားဝင်ဆောင်ရွက်နိုင်ဖို့ မျှော်လင့်ချက် နည်းပါးနေတာ ဖြစ်ပါတယ်။
မြန်မာ့အရေးကို အိမ်နီးချင်းနိုင်ငံတချို့အပါအဝင် နိုင်ငံတကာက ပြည်တွင်းရေးလို့ သတ်မှတ်ထားကြကာ စစ်ရေးအရ မြန်မာနိုင်ငံရဲ့ ပြည်တွင်း လက်နက်ကိုင်တိုက်ပွဲတွေကို ဘယ်နိုင်ငံကမှ ပေါ်ပေါ်ထင်ထင် ဖြစ်စေ နောက်ကွယ်ကဖြစ်စေ လက်ဝင်မပါကြဖို့ ဆုံးဖြတ်ထားကြပုံရတာကြောင့် လက်ရှိ လက်နက်ကိုင်တော်လှန်ရေးမှာတော့ ကိုယ့်အားကိုယ်ကိုးပြီး ရှေ့ဆက်ကြရဖို့ပဲ ရှိတယ်လို့မြင်ပါတယ်။
ကုလသမဂ္ဂရဲ့ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု တပ်တွေလို R2P တွေလိုမျိုးကို မျှော်လင့်ရင်း ငြင်းခုံရင်း အချိန်တွေ မကုန်ကြပဲ လက်တွေ့ ပြဿနာကို ဘယ်လို ဖြေရှင်းနိုင်မလဲဆိုတဲ့အပေါ်မှာသာ အာရုံစိုက်သင့်တယ်လို့ မြင်မိပါတော့တယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar