မြန်မာ့ကံကြမ္မာ နိမ့်နေချိန်နဲ့ ကမ္ဘ့ာကံကြမ္မာလည်း နိမ့်ကျချိန်
မြန်မာနွေဦး ခရိုနီကယ် - ဩဂုတ် ၂၉ မြင်ကွင်း
(မိုးမခ) ဩဂုတ် ၃၀၊ ၂၀၂၂
မြန်မာ့ကံကြမ္မာ နိမ့်နေချိန်နဲ့ ကမ္ဘ့ာကံကြမ္မာလည်း နိမ့်ကျချိန်
မြန်မာနိုင်ငံရဲ့ ဆယ်စုနှစ် တခုမျှ ပွင့်လင်းမှုနဲ့ အကောင်းဘက်ကို ဦးတည် ရွေ့လျားလာခြင်းက ယမန်နှစ်က စစ်အာဏာသိမ်းလိုက်ချိန်မှာ အားလုံး သုည ဆက်တင်ကို ပြန်ရောက်သွားတယ်ဆိုတာထက် ဆိုးပြီး အနုတ်လက္ခဏာဆောင်ကာ ဒုတိယကမ္ဘာစစ်လို လွတ်လပ်ရေးရပြီစ ပြည်တွင်းစစ်ကာလလို အချိန်နဲ့ နှိုင်းယှဥ်ရလောက်တဲ့အထိ ခရုပတ်သဖွယ် အောက်ကို တရစ်ပြီးတရစ် ကျဆင်းလာနေတာ ဖြစ်ပါတယ်။ ဒီနေရာမှာ ကံကြမ္မာဆိုတဲ့ စကားလုံးအသုံးအနှုန်းကို သုံးစွဲထားလို့ ဗေဒင်၊ နက္ခတ်သဘောတွေကို ယုံကြည်တာမျိုးမဟုတ်ဘဲ မြန်မာစကားလုံး တလုံးအနေနဲ့ တင်စားသုံးနှုန်းတာသာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ကံကြမ္မာလို့ ဆိုလိုက်တဲ့အခါ တစုံတရာက ဖန်တီးတာမျိုး အဓိပ္ပာယ်မဟုတ်ဘဲ ဖြစ်ပျက်လာတဲ့ အကျိုးဆက်တွေဟာ မိမိတို့ ပြုခဲ့တဲ့ အကြောင်းခံခဲ့တဲ့ အရာတွေရဲ့ ရလဒ်လို့သာ မှတ်ယူနားလည်ထားတာ ဖြစ်ပါတယ်။
ပြည်တွင်းစစ် ဖြစ်ပွားခြင်း၊ ဒုက္ခသည်တွေ လပိုင်းအတွင်း တနှစ်ကျော်အတွင်း သောင်းနဲ့ သိန်းနဲ့ချီမြင့်တက်လာပြီး ပြည်တွင်းမှာတင် တသန်းဆိုတဲ့ ကိန်းဂဏန်းကို ရောက်လုနီးဖြစ်နေခြင်း၊ လူ့အသက်တွေ ထောင်နဲ့ချီ ဆုံးရှုံးခဲ့ကြရပြီး ဆက်လက်လည်း ဆုံးရှုံးနေကြရခြင်း၊ လက်နက်ကိုင် တပ်ဖွဲ့တွေ လက်နက်နဲ့ တိုက်ခိုက်ကြရာက အသက်သေဆုံးကြရတာတွေသာမက လက်နက်ကိုင် အဖွဲ့ဝင်လည်းမဟုတ်ပဲ သာမန် အရပ်သားတွေ၊ အရွယ်မရောက်သေးတဲ့ ကလေးအရွယ်တွေ၊ အသက်ကြီးရင့်သူ ရုတ်တရက် ပြေးလွှားတိမ်းရှောင် ဖို့မစွမ်းသာသူတွေ ၊ အမျိုးသမီးတွေလည်း နေ့စဥ်လိုလို အသက်ဆုံးရှုံးနေကြရတာမို့လို့ မြန်မာနိုင်ငံရဲ့ ကံကြမ္မာက အတော်နိမ့်ပါးနေတဲ့အချိန် ကာလလို့ ဆိုရမယ်ထင်ပါတယ်။
လက်နက်ကိုင် တိုက်ပွဲတွေနဲ့အတူ အိမ်တွေ မီးရှို့ဖျက်ဆီးခံရမှုတွေ၊ ဖမ်းဆီးခံကြရတဲ့အခါ လူ့ဂုဏ်သိက္ခာနဲ့ မလျော်ညီတဲ့ စော်ကားနည်းမျိုးနဲ့ စော်ကားမှု၊ ညှင်းပန်းနှိပ်စက်မှု၊ သတ်ဖြတ်မှုတွေက နေ့စဥ်ဘဝတွေလို ဖြစ်လာနေကြတာကို သတင်းတွေထဲ ရင်းနှီးသူမိတ်ဆွေတွေ ကိုယ်တိုင်ကြုံတွေ့နေကြရတာ ကြားသိနေရပါတယ်။
မြန်မာနိုင်ငံက ကံနိမ့်ပါးချိန်မှာ ကမ္ဘာကြီး အနေနဲ့ရော ဘယ်လို လမ်းကြောင်းမျိုးပေါ် ဦးတည်နေကသလဲဆိုတာ ငဲ့ကြည့်တဲ့အခါ ကမ္ဘာကြီးမှာလည်း အကျိုးစီးပွား ပြိုင်ဆိုင်မှုတွေ နဲ့ နိုင်ငံရေး စစ်ရေးအုပ်စုတွေ ဖွဲ့နေကြကာ စစ်အင်အား တောင့်တင်းအောင်လုပ်ကြဖို့၊ စစ်လက်နက်ပစ္စည်းတွေ ဖြည့်တင်းကြဖို့ လုပ်နေကြတဲ့ နိုင်ငံအများအပြားကို တွေ့ရမှာ ဖြစ်ပါတယ်။ ဖွံ့ဖြိုးပြီးနိုင်ငံတွေ အနေနဲ့ ၄င်းတို့ရဲ့ နိုင်ငံလုံခြုံရေးကို ခြိမ်းခြောက်လာနိုင်တဲ့ အန္တရာယ်၊ အကျိုးစီးပွားကို ထိပါးလာနိုင်တဲ့အန္တရာယ် တွေအတွက် ကာကွယ်ရေး အသုံးစရိတ်တွေ အပြိုင်အဆိုင် တိုးမြှင့်သတ်မှတ်နေကြပြီး ငတ်မွတ်နေတဲ့သူတွေကို ကူညီတာထက် စစ်လက်နက် ဝယ်ယူဖြည့်တင်းရေး၊ ရချခွင့်ရရေးမှာအများအပြား သုံးစွဲနေကြတဲ့ ကာလဖြစ်ပါတယ်။
ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး၊ တန်းတူညီမျှမှု၊ အငတ်ဘေးနဲ့ စစ်ဘေးဒဏ်ကို ခံစားနေရသူတွေကို အကူအညီပေးအပ်ဖို့ ဆိုတဲ့အရေးကိစ္စတွေက ကာကွယ်ရေးအသုံးစရိတ်နဲ့ လက်နက်ဖြည့်တင်းရေး ခေါင်းစဥ်တွေအောက်မှာ နစ်မြုပ်သွားကြတာ တွေ့ရပါတယ်။ နိုင်ငံရေးရဲ့ ဂယက်ဖြစ်တဲ့ လောင်စာဆီ နဲ့ သဘာဝဓါတ်ငွေ့ ပိတ်ဆို့ကန့်သတ်မှုတွေ၊ စစ်ပွဲတွေကြောင့် ရိက္ခာထုတ်လုပ် တင်ပို့မှု ကျဆင်းလာတာကြောင့် ကမ္ဘာ့ကြီးဟာ ကိုဗစ်ကူးစက်ကပ်ဘေးကနေ နလံမထနိုင်ခင်မှာပဲ ကုန်စျေးနှုန်းတွေကြီးမြင့်ပြီး စီးပွားဆုတ်ယုတ်ကျဆင်းမှု နဲ့အချို့နိုင်ငံတွေမှာ စီးပွားပျက်ကပ်အထိ သက်ဆင်းမယ့် နှုတ်ခမ်းပေါ် ရောက်နေကြပြီဖြစ်ပါတယ်။
ဒီလို အချိန်သမယမှာ လူသားချင်းစာနာမှု အကူအညီတွေ အငတ်ဘေး၊ ဒုက္ခသည်အရေး တက်ကြွစွာကူညီမှုတွေ များများစားစား မျှော်လင့်နိုင်ဖို့ မလွယ်ကူပါဘူး။ နိုင်ငံရေး အုပ်စုတူခြင်း အကျိုးစီးပွားတူခြင်းတွေအောက်မှာသာ ကူညီဖေးမကြမှာ ဖြစ်ပြီး နိုင်ငံရေး ဆန့်ကျင်ဘက် အုပ်စုထဲကျရောက်နေတဲ့ နိုင်ငံတွေမှာ သဘာဝဘေးအန္တရာယ်၊ စစ်ဘေးအန္တရာယ်ကျရောက်နေသည့်တိုင် လူသားချင်းစာနာမှု အကူအညီတွေ ရဖို့မလွယ်ကူတဲ့အနေအထားမျိုး ဖြစ်ပါတယ်။ ကမ္ဘာကြီးဟာ ဘယ်တုန်းကနဲ့မှ မတူအောင် စိတ်ဝမ်းကွဲပြားမှုတွေ လက်နက်အင်အားပြိုင်ဆိုင်မှုတွေ မြင့်တက်လာတဲ့ ကာလလို့ ဆိုရမယ့် အခြေအနေမှာ ရှိနေတာ ဖြစ်ပါတယ်။
တကမ္ဘာလုံးက ပူးပေါင်းဆောင်ရွက်မှသာ အောင်မြင်နိုင်မယ့် ရာသီဥတု ပြောင်းလဲခြင်းအကျိုးသက်ရောက်မှုတွေ ထင်ထင်ရှားရှား တွေ့နေရသည့်တိုင် ကမ္ဘာကြီး ပိုပူနွေးစေနိုင်တဲ့ ကျောက်မီးသွေးလို လောင်စာတွေ ပိုသုံးစွဲလာကြဖို့ ဆုံးဖြတ်လုပ်ကိုင်နေကြတဲ့ ကာလလည်း ဖြစ်ပါတယ်။ ကမ္ဘာ့နေရာ အနှံ့အပြားမှာ မြစ်ကြီးတွေ ရေခမ်းခြောက်ကာ ပုံမှန်မဟုတ်တဲ့ မိုးသည်းထန်မှုကြောင့် နေရာဒေသအများအပြား ရေကြီးတဲ့ဒဏ်တွေက ရာသီဥတုပြောင်းလဲခြင်းကြောင့်လို့ သိပ္ပံပညာရှင်တွေက သတိပေးနေသည့်တိုင် နိုင်ငံရေး ပြဿနာကြောင့် ကျောက်မီးသွေးလို ၊ မတော်တဆမှု အန္တရာယ်ရှိတဲ့ အနုမြူစွမ်းအင်လို စွမ်းအင်တွေ သုံးစွဲဖို့ ဆုံးဖြတ် ရွေးချယ် နေကြတာ ဖြစ်ပါတယ်။
ပါကစ္စတန်နိုင်ငံမှာ မိုးသည်းထန်မှုကြောင့် လူပေါင်း ၁၀၀၀ ကျော် အသက်ဆုံးရှုံးရပြီး အိမ်တွေ တံတားတွေ လမ်းတွေ ရေတိုက်စားသွားကာ ဆယ်စုနှစ် ၁ ခုကျော်အတွင်း အဆိုးဆုံးရေကြီးမှု ရင်ဆိုင်နေရချိန်၊ တရုတ်နိုင်ငံက မြစ်ကြီးတချို့ အောက်ကြမ်းပြင်သဲ ပေါ်လာတဲ့အထိ ရေခမ်းခြောက်နေချိန် ဥရောပမှာလည်း မြစ်ရေတွေ မကြုံစဖူးလောက်အောင် ခမ်းခြောက်ပြီး အမြင့်ဆုံးအပူချိန်တွေအထိ ရောက်ကာ တောမီးလောင်ကျွမ်းနေချိန်မှာ ကမ္ဘာကြီးအနေနဲ့ကတော့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရာရောက်တဲ့ ဆုံးဖြတ်ချက်တွေထက် အခြားသော ရွေးချယ်စရာတွေကို ရွေးချယ်နေကြဆဲ ဖြစ်ပါတယ်။
အခုလို ကမ္ဘာ့အခြေအနေကို မြန်မာနိုင်ငံအနေနဲ့လည်း သဘောပေါက် နားလည်ပြီး မိမိတို့ နိုင်ငံရေး ပြဿနာ၊ စစ်ရေးပြဿနာ၊ လူမှုစီးပွားပြဿနာတွေကို ရင်ဆိုင်ဖြေရှင်းကြဖို့ လိုအပ်တာ ဖြစ်ပါတယ်။ နောက်ခံအခြေအနေနဲ့ လိုက်လျောညီထွေတဲ့ မဟာဗျူဟာ နည်းဗျူဟာတွေ ချမှတ်နိုင်ဖို့ ဘယ်အရာက အရေးအကြီးဆုံးလဲ ဘယ်အရာက ဖြစ်နိုင်ချေ အရှိဆုံးလဲဆိုတာတွေကို မှန်ကန်စွာ ဆုံးဖြတ်နိုင်ကြဖို့ အရေးကြီးတဲ့ အချိန်အခါလည်း ဖြစ်ပါတော့တယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar