Breaking News

ကိုအောင်မှိုင်း - အညာတေး

ကိုအောင်မှိုင်း  - အညာတေး

(မိုးမခ) စက်တင်ဘာ ၃၊ ၂၀၂၂

အညာသားတဲ့လား
အညာမှာမွေး
အညာမှာနေ
အညာမှာသေမှတော့
အညာသားပေါ့ကွာ။

အညာနွေဟာ
ပူပြင်းလွန်းတယ်
အညာလေဟာ
အညှာတာကင်းတယ်
အညာရေဟာ
တန်ဖိုးကြီးတယ်။

ပြောင်သလင်းခါနေတဲ့
အညာမြေဟာ တစိမ်းဆန်တယ်။

အညာသားတွေရဲ့
သစ္စာကတော့
တာဝန်ကြေမှုပဲ။

အညာသားတွေရဲ့
မေတ္တာကတော့
ပေးဆပ်ခြင်းပဲ။

အညာသားတွေရဲ့
ချစ်ခြင်းကတော့
လွင်တီးခေါင်မြေကို
အဆုံးစွန်ထိကာကွယ်ခြင်းပဲ။

လွတ်မြောက်ရေးတိုက်ပွဲဆိုတာ
အညာသားတွေအတွက်တော့
တေးသီချင်းသစ်တွေ မဟုတ်ဘူး။

ကိုလိုနီအင်္ဂလိပ်ကိုလဲ
တိုက်ခိုက်ခဲ့ပြီ။

ဂျပန်ဖက်ဆစ်ကိုလဲ
မောင်းထုတ်ခဲ့ပြီ။

ဖက်ဆစ်ဆန့်ကျင်ရေး
အမျိူးသားလွတ်မြောက်ရေး
ကိုလိုနီနယ်ချဲ့ဆန့်ကျင်ရေး
အလုပ်သမား လယ်သမား
လွတ်မြောက်ရေးတေးတွေ
ပြိုင်တူဆိုရင်း အလံနီတွေလွှင့်လို့
အောင်ပွဲတွေအလီလီ ဆင့်ခဲ့ကြ။

ဒီပဲရင်းက ဂဠုန်ဆရာစံ
အညာသရက်ကန်မှာမွေး
လယ်သမားတော်လှန်ရေး
မီးရှုးတန်ဆောင် သတ္တိကလဲပြောင်
သာယာဝတီထောင်က ကျွန်စိတ်ကိုရိုက်ချိူး
ကြိုးမိန့်ကိုစစ်ထိုးခဲ့ ငါ့ဟာငါတက်မယ်ကွတဲ့
သတ္တိမှာစံရှား ကြိုးစင်ဆီသွားခဲ့
အညာမြေက သူရဲကောင်းတေးတပုဒ်ပေါ့။

အာဠာဝက သခင်ဖိုးလှကြီး
မကွေးသရက်လေးပင်မှာမွေး
အလုပ်သမားတော်လှန်တေးတွေဆို
အရင်းရှင်ကိုလိုနီနယ်ချဲ့ဆန့်ကျင်ရေး
လစာနဲ့လုပ်ခမျှတရေး လူတန်စားအရေး
နုံချာလှတဲ့ဘဝအရေးတွေအတွက်
၁၃၀၀ ပြည့်ရေနံမြေသပိတ်ခေါင်းဆောင်
အလုပ်သမားထုကို ဦးဆောင်တိုက်ခိုက်ခဲ့
အညာမြေက သူရဲကောင်းတေးတပုဒ်ပေါ့။

ကနေ့
ဗိုလ်အောင်ဆန်းလဲ အညာသားပဲ
ဗိုလ်ဂွမ်မော်လဲ အညာသားပဲ
ဗိုလ်ဘောကျော်ဟဲလဲ အညာသားပဲ
ဗိုလ်ထွန်းမြတ်နိုင်လဲ အညာသားပဲ
ဗိုလ်စောဘီထူးလဲ အညာသားပဲ
သူတို့အားလုံး
အညာဂုဏ်ပြုတေးတွေ ဆိုနေကြပြီလေ။

အညာတေးဆိုတာ
ပြာပုံတွေကို
နိုင်ငံသစ်အဖြစ် ထုဆစ်ခြင်းပဲဟေ့။ ။ 

ကိုအောင်မှိုင်း
-

Join Us @ MoeMaKa Telegram

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar