Breaking News

မိုးမြင့်ယံ - အာဏာရှင်စနစ်ဆိုးကို အမြစ်ချိုး တွန်းလှန်မယ့် လူငယ်တွေ


အာဏာရှင်စနစ်ဆိုးကို အမြစ်ချိုး တွန်းလှန်မယ့် လူငယ်တွေ 
မိုးမြင့်ယံ
(မိုးမခ) စက်တင်ဘာ ၄၊ ၂၀၂၂

မူလအစက ဘယ်လိုအဓိပ္ပာယ် ဘယ်လိုအနှစ်သာရတွေနဲ့ စတင်ဖွဲ့စည်း သန္ဓေတည်လာခဲ့သလဲဆိုတာတွေ ဝေဝါးပျောက်ဆုံးသွားရတဲ့အထိ စစ်တပ် နဲ့ ရဲဆိုတာ ငါတို့လူမှန်းသိတတ်စကတည်းက တွေ့ရကြုံရတာတွေကိုပြန်ပြောင်းဆန်းစစ်ကြည့်ရင် သူတို့ဟာ ပြည်သူ့ ဘက်တော် သားအစစ်အမှန်တွေ လုံးလုံးမဟုတ်ခဲ့ဘူးဆိုတာ အရှင်းကြီးမြင်ရမှာဖြစ်တယ်။

သူတို့ဟာ  သူတို့ရဲ့ ကျဉ်းမြောင်းတိမ်ကောလှတဲ့ လောဘ ဒေါသ မောဟ နွံထဲမှာ သူတို့ရဲ့ ဘဝနေ့ရက်တွေကို ပူပြင်းလောင်မြှိုက်ကုန်ဆုံးသွားကြရတဲ့သူတွေသာဖြစ်တယ် ။

သူတို့ ရာထူးအာဏာ စည်းစိမ်ဥစ္စာတည်မြဲဖို့ အရေးအတွက် အထက်ကိုဖား အောက်ကိုဖိတဲ့ လူစဥ်မမီတဲ့နည်းလမ်းတွေနဲ့သာ ရှင်သန်နေထိုင်လာကြသူတွေ ... `` ဘယ်သူသေသေ ငတေမာရင်ပြီးရော ´´ ဆိုတာဟာ ၂၀ - ၂၁ ရာစုကြီးတခုလုံးလွှမ်းခြုံးပြီး သူတို့အတွက် ထုတ်နှုတ်ထားတဲ့ စကားပုံပဲဖြစ်ခဲ့တယ်လို့ ဆိုချင်တယ်။

သူတို့ဟာ သူတို့ရဲ့ ရူးသွပ်မှုတွေတည်မြဲနေဖို့ အရေးအတွက်ဆိုရင် ဘယ်သူ့မျက်နှာမှမထောက်၊ ချခင်း နင်းလျှောက်သွားမဲ့ လူ့အန္ဓတွေသာဖြစ်တယ်ဆိုတဲ့အကြောင်းက စာလုံးပေါင်းပြစရာလိုအပ်မယ်တောင်မထင်တော့ ။

ဒါဟာ အခုနွေဦးမှာ ကျဆုံးသွားသော သူရဲကောင်းဇာနည်တွေရဲ့အဖြစ်ကိုကြည့်ရင် အထင်သားမြင်နိုင်မှာဖြစ်တယ်။ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ပါမယ်ဆိုတဲ့ကောင်တွေရဲ့ ခါးသီးရက်စက်လှတဲ့ ထိပါးစော်ကားမှုဖြစ်ရပ်တွေ၊ ကျူးလွန်ခဲ့တာတွေဟာ ငါတို့ ပြည်သူလူထုခံစားနေရတဲ့ ဒဏ်ရာတွအနာတရတွေကို ဘယ်လိုမှ သွေးတိတ်ချောက်ခမ်းသွားအောင်ကုစားဖို့မရနိုင်တော့ဘူး။ ပြောနေရင်းမှာပဲ နောက်ကျောကိုလာမှန်တဲ့ ကျည်ဆန်တွေ၊ ရှေ့တူရှူကဝင်လာတဲ့မီးကျည်တွေ ...ငါတို့အခုချိန်ထိ ကြားနေ မြင်နေရတုန်းပါပဲ။ နာကျည်းဖို့ကောင်းလှတယ်။ 

နိုင်ငံတဝန်းလုံးက မိခင်တွေရဲ့မျက်ရည်တွေနဲ့ ငိုညည်းသံတွေ၊ အိမ်သူသက်ထား ချစ်ဇနီးမယားတွေရဲ့ မျှော်လင့်ချက်မဲ့စွာ မျက်ရည်စိုစွတ်နေတဲ့ မျက်ဝန်းအစုံတွေ၊ အို တဘဝလုံး တလောလုံးမှာများ  မောင်နှမတွေ .... သား သမီးတွေ... မိသားစုမျက်နှာစုံညီတွေ ပျောက်ရှ ဆုံးဆုံးသွားခဲ့ပြီလား။ ငါတို့နိုင်ငံချည်း ကံဆိုးမိုးမှောင်ကျကာ ဒီအဖြစ်သနစ်တွေ ခါးစည်းခံနေရတာလား။  
ဒါတွေကို အာဏာရမ္မက် ငန်းဖမ်းနေတဲ့ လူ့အန္ဓ စစ်မိစ္ဆာတွေက မကြားနိုင် မမြင်နိုင်ကြဘူး ဆိုတာကို ငါတို့အခုတွေမြင်ခံစားနေရပြီ။

ဟိုး ဝေးလံခေါင်သီတဲ့ အရပ်ကတိုင်းရင်းသားညီအစ်ကိုတွေက ဘယ်လောက်တောင်များခံစားခဲ့ရမလဲ၊ ဘယ်လောက်တာရှည်ခံစားနေကြရသလဲ။ ခုတော့ ငါတို့အားလုံး သိခဲ့ပြီ ....လက်နက်မရှိရင် အနိုင်ကျင့်စော် ကားခံရမယ်ဆိုတာသိတဲ့အခါ တိုင်းရင်းသား ညီအစ်ကိုတွေဟာ သူ့တို့ အသက်အိုးအိမ်ကိုကာကွယ်ဖို့၊ သူတို့ရဲ့ မျိုးရိုးအစဉ်အလာ ဓလေ့ထုံးတမ်းယဉ်ကျေးမှုတွေကကို သူတပါးလက်ချက်နဲ့ ပျက်စီးပျောက်ဆုံးမသွားရ အောင် လက်နက်ကိုင် ခုနေကြတာတွေဟာ ဓမ္မဓိဋ္ဌာန်ကျမှန်း နားလည်လာခဲ့ရတယ်။

မတ်လရဲ့တော်လှန်ရေးကားလိပ်အဖွင့်မှာတော့ ငါတို့ ပြည်သူတွေဟာ တဦးနဲ့တဦး ဖေးကူ ကာကွယ်စောင့်ရှောက်ခဲ့ကြရတယ်။ လက်ရုံးလက်ဖျံလက်မောင်းတွေဆန့်တန်းရုန်းကြွကာ ပေါင်းစည်း ညီညွတ်ခဲ့ကြတယ်။ တဖက်နဲ့တဖက် တယောက်နဲ့တယောက််ကြား အပြန်အလှန်တိုးရိုးပေါက်ပွင့်လင်းလွတ်လပ် ရိုးသားဖြောင့် တန်းစွာ နားလည်နိုင်ဖို့ကြိုးစားကြရင်း လက်တွဲခဲ့ကြတယ်၊ ပေါင်းစည်းခဲ့ကြတယ်။

ဘယ်လိုအရာမျိုးမဆို ရင်ဘတ်ချင်းအပ် ကျောချင်းကပ်ပြီး ရင်ဆိုင်ကျော်လွှားဖို့ တယောက်ဟာ တယောက်အတွက်၊ အသက်ပေးစွန့်လွှတ်မယ့် ရဲမက်စစ်သည်တော်အဖြစ် ရပ်တည်လာခဲ့ကြရပြီလေ။

ငါဟာ မင်းအတွက် ဒိုင်းတလက်ဆိုရင် မင်းဟာ ငါ့အတွက် မြား တစင်း၊
ငါဟာ မင်းအတွက် ဓားတလက်ဆိုရင် မင်းဟာ ထိုဓားကိုကိုင်ဆွဲ ..
တိုက်ပွဲထဲတိုးဝင်မယ့် ရဲမက်စစ်သည်တယောက် ..

ဒီလိုနဲ့ တယောက်ကို တယောက် ကာကွယ် စောင့်ရှောက်ရင်းနဲ့ ငါတို့အားလုံး တခုတည်းပဲဖြစ်ခဲ့တယ်။ တစုတစည်းထဲဖြစ်ခဲ့တယ်။ တသံတည်းပဲဖြစ်ခဲ့တယ်။ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးဆိုတဲ့ အလံတလံထဲပဲ လွှင့်ခဲ့တယ်။
ဒီတိုက်ပွဲကို ငါတို့အနိုင်နွဲရလိမ့်မယ် ... ဒါဟာဘာကြောင့်လဲဆိုတဲ့အကြောင်းတရားဟာ မေးခွန်းထုတ်ဖို့ မလို အပ်တော့ဘူး။
မြူမှောင်ကင်းစင်တဲ့ညခင်းအလယ်မှာ လပြည့်ည ငွေသော်တာကြီး ဝင်းပနေသလို အကြောင်းတရားဟာ လင်းလင်းရှင်းရှင်း ြမင်နေရတယ်။ အဖြစ်သနစ်တွေက လယ်ပြင်မှာ ဆင်သွားသလို ထင်ရှားလွန်းနေခဲ့ပြီမဟုတ်လား။                                                               

ခေတ်အဆက်ဆက် တိုင်းပြည်ကိုလက်နက်နဲ့အဓမ္မကျင့်တယ်၊ အဖန်ဖန်ချောက်ထဲတွန်းချခဲ့သူတွေဟာ ခုခံစစ်ကိုဆင်နွှဲလာမယ့်ပြည်သူတွေကို အကြောက်တရားမျိုးစုံတွေဖန်တီးပြီး ဓားမိုးအုပ်ချုပ်ခံစစ်ကျွန်တွေအဖြစ် နှစ်ပရိစ္ဆေဒများစွာ အမှောင်ချထားခဲ့တယ်။

လူငယ်တွေရဲ့အနာဂတ်ကို မြို့ပြင်ထုတ်ပစ်တယ်၊ ပြည်သူတွေရဲ့မျက်ရည်တွေနဲ့ လူ့အန္ဓတို့က ပျော်ပွဲဖွဲ့ခဲ့ကြတယ်၊ တိုင်းပြည်ရဲ့ ရေမြေတောတောင် သဘာဝသယံဇာတကို မောင်ပိုင်စီးပြီး အဲဒီကရတဲ့ ဘဏ္ဍာအခွန်ငွေတွေနဲ့ လူသတ်လက်နက်တွေဝယ်ကာ တိုင်းသူပြည်သားတွေကို အနိုင်ကျင့်အုပ်ချုပ်၊ ခြယ်လှယ်ချင်တိုင်း ြခယ်လှယ် ဗိုလ်ကျခဲ့ကြတယ်။ ဆန့်ကျင်ခုခံသူတွေရဲ့အသက်ကို တောကောင်ပမာထားပြီး သူတို့လက်နက်ဆန်းတွေနဲ့ တောကစားထွက်ကြတယ်၊ သူတို့ရဲ့အသက် အိုးအိမ်စည်းစိမ်တွေကိုကြတော့ အခွင့်ထူးခံရယူပြီး ကျည်ကာအင်္ကျီတွေဝတ်ဆင်ဖုံးကာ ထားကြ။ ကိုယ်ဝန်ဆောင်နဲ့ ကလေးသူငယ်နဲ့ ဒုက္ခတိတွေ သက်ကြီးရွယ်အိုတွေမရှောင် လူမျိုးစုံတိုင်းရင်းသားတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကိုကြတော့ ကြက်ငှက်လေးတွေပမာအလား သဘောထားရက်ခဲ့ကြတယ်။

အဲ့ဒီလို အန္ဓမိစ္ဆာတွေရဲ့လက်ထဲမှာ ငါတို့တိုင်းပြည်ဟာ တနေ့ထက်တနေ့ တနာရီထက်တနာရီ၊ တမိနစ်ထက်တမိနစ်ချင်း အသက်ရှူရ ကြပ်ကြပ်လာနေကြရပြီ။ နေ့ရက်တိုင်း အချိန်ယူနစ်တိုင်းဟာ ပိုမိုမှောင်မိုက်လာတယ်။ ငိုညည်းသံတွေ ပိုမိုရှည်လျားလာတယ်။  
အဲဒါတွေနဲ့အတူ အံကြိတ်တောက်ခေါက်သံတွေဟာလဲ မိုးလုံးညံလို့။ ကျစ်ကျစ်ပါအောင်ဆုပ်ထားတဲ့လက်သီး ဆုပ်ကြီးတွေအကြား လင်းပွင့်လာမယ့်အရုဏ်ဦးဟာ ငွားငွားစွင့်လို့။
ငါတို့ မျှော်လင့်ခြင်းးအနာဂတ်ခရီးဆီ ချီတက််လာခဲ့ကြပြီ။

သွေးနဲ့ရေးရမဲ့သမိုင်းမှာ  တရားကိုတရာချင်း၊ ဓားကိုဓားချင်း ငါတို့တိုက်ယူရမှာပဲ။ ဒီအချိန်မှာ ဘယ်လိုနတ်ဘုရားမျိုးကိုမှ ငါတို့မမျှော်ကိုးသလို လောကပါလစောင့်နတ်တွေဆိုတာကိုလည်း ငါတို့အယုံအကြည်မရှိတော့ဘူး။ အားလုံးသော စိတ်ကူးလောကထဲက မရေရာမှုတွေကို ဖြည်ချခဲ့လိုက်ကြပြီ။ ကိုယ့်အားကိုယ်ကိုး ကိုယ်အောင်ပွဲကိုယ်ရယူကြရုံ။

အဖိနှိပ်ခံကြွေလွင့်ခဲ့တဲ့ ကြယ်ပွင့်တွေရဲ့ကောင်းကင်မှာ လူ့အန္ဓ၊ စစ်မိစ္ဆာတွေအတွက်နေရာမရှိဘူးဆိုတာမြဲမြဲမှတ်ထားကြစမ်းပါ ။

ငါတို့ရှေ့မှာ ကြွေလွင့်သွားတဲ့သူရဲကောင်းတွေရဲ့ သွေးလိပ်ပြာ ဝိညာဥ်တွေဟာ ငါတို့ပြည်သူတွေရဲ့ နှလုံးသည်းပွတ်မှာစိမ့်ဝင်စီးပြီး ဒီတပွဲ နိုင်ကိုနိုင်ရမယ်ဆိုတဲ့စိတ်နဲ့ အမြစ်ပြတ်တိုက်ကြမယ်ဆိုတာ အန္တိမပိုင်းဖြတ်ချက်ပဲ။

ခုချိန်ဟာ မင်းတို့ အန္ဓမိစ္ဆာဆိုးတွေကို ဘယ်ဘုရားမှမကယ်နိုင်တော့တဲ့ ကာလပဲ၊ မင်းတို့ဟာ သံသရာအဆက် ဆက် ဒီကမ္ဘာမြေပေါ်ကို ဘယ်တော့မှခြေချခွင်ရတော့မှာမဟုတ်ဘူးဆိုတာ ကို နောင်တတွေနဲ့ မင်းတို့သိသွားစေရမယ် စစ်မိစ္ဆာအပေါင်းတို့။

မနက်ဖြန်တိုင်း မနက်ဖြန်တိုင်းဟာ ငါတို့ ပြည်သူတွေရဲ့အောင်ပွဲပဲဖြစ်ရမယ်ဆိုတာကို အာဏာ ရှင်စနစ်ဆိုးကိုအမြစ်ချိုး၊ အငုပ်မကျန် တူးလှန်ပစ်မဲ့ ငါတို့လူငယ်တွေအားလုံးက ပြည်သူတွေကိုမျက်မှောက်ပြုပြီး သွေးသစ္စာဆိုတယ် ... ငါတို့ နိုင်ကိုနိုင်ရမယ် ။

တော်လှန်ရေးကြီးပြီးသွားတဲ့တနေ့ ပျော်ရွှင်မှုတွေပွေ့ပိုက်ပြီး ကျဆုံးသွားသောသူရဲကောင်း အာဇာနည်တွေအတွက် ငါတို့အားလုံး တတိုင်းပြည်လုံးက မျက်ရည်တွေနဲ့အမျှဝေကြမှာဖြစ်တယ်၊ ထာဝရမမေ့သောအားဖြင့်ပေါ့ ...။ 

မိုးမြင့်ယံ
      -                      

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar