အမျိုးသားရေးဝါဒနဲ့ လက်နက်ကိုင် ပဋိပက္ခ
မြန်မာနွေဦး ခရိုနီကယ် - စက်တင်ဘာ ၂ မြင်ကွင်း
(မိုးမခ) စက်တင်ဘာ ၃၊ ၂၀၂၂
အမျိုးသားရေးဝါဒနဲ့ လက်နက်ကိုင် ပဋိပက္ခ
ဆိုဗီယက်ပြည်ထောင်စုရဲ့ ရွေးကောက်ခံရတဲ့ ပထမဆုံးနဲ့ နောက်ဆုံးသမ္မတ ဖြစ်ခဲ့သူ အသက် ၉၁ နှစ်ရှိပြီဖြစ်တဲ့ မီခေးလ် ဂေါ်ဘာချက်ဟာ ပြီးခဲ့တဲ့ ၂ ရက်က ရုရှားနိုင်ငံ မော်စကိုမြို့မှာ ကွယ်လွန်ခဲ့ပါပြီ။ ဂေါ်ဘာချက်ဟာ ရုရှားနိုင်ငံ၊ ပြိုကွဲသွားပြီဖြစ်တဲ့ ဆိုဗီယက်ပြည်ထောင်စု၊ ဂျာမဏီနိုင်ငံ၊ အရှေ့ဥရောပနိုင်ငံများ အပါအဝင် ကမ္ဘာပေါ်က လက်ဝဲဝါဒကို ယုံကြည်ကြသူတွေ အတော်များများအပေါ် သက်ရောက်မှုရှိခဲ့တဲ့ ဆိုဗီယက်ပြည်ထောင်စုရဲ့ ပြည်တွင်းနဲ့ နိုင်ငံတကာမူဝါဒတွေ၊ ဂလပ်စ်နော့နဲ့ ပယ်ရွယ်စထရွိုက်ကာ လမ်းစဥ်တွေကြောင့် သြဇာကြီးမားသူတဦး ဖြစ်ပါတယ်။ သမိုင်းအကွေ့အချိုးတခုကို လက်ကိုင် လှည့်ကွေ့ခဲ့သူ ဖြစ်ပါတယ်။ နျူကလီယား လက်နက်ပြိုင်ဆိုင်မှု၊ အရှေ့အုပ်စုနဲ့အနောက်အုပ်စုလို့ ခေါ်တဲ့ အရင်းရှင်စနစ် ကျင့်သုံးတဲ့နိုင်ငံများနဲ့ ကွန်မြူနစ်ဆန့်ကျင်တဲ့ စစ်အာဏာရှင်နိုင်ငံအချို့ က တဖက် ကွန်မြူနစ် ဆိုရှယ်လစ် နိုင်ငံတွေက တဖက်ဆယ်စုနှစ် ၄ ခုကြာ အားပြိုင်ခဲ့ကြ တဆင့်ခံနိုင်ငံတွေမှာ စစ်အေးအားပြိုင်မှုရဲ့ အကျိုးဆက်အဖြစ် တဆင့်ခံစစ်ပွဲ proxy war တွေအထိ ဖြစ်ပွားခဲ့ကြတဲ့ စစ်အေးတိုက်ပွဲကို အဆုံးသတ်စေခဲ့သူ လက်ဝဲအာဏာရှင် အမြင်ရှိတဲ့ နိုင်ငံတချို့ကို လစ်ဘရယ်ဒီမိုကရေစီဘက် ဦးတည်ဖို့ စေ့ဆော်မှုတွေ ဖြစ်ပေါ်စေခဲ့သူ တယောက်ဖြစ်ပါတယ်။
ဆိုဗီယက်ပြည်ထောင်စုရဲ့ နိုင်ငံရေးပွင့်လင်းမှု လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှု၊ နိုင်ငံသားတိုင်းကို စောင့်ကြည့် ထောက်လှမ်းနေတဲ့ ပုလိပ်နိုင်ငံအဖြစ်က လူ့အခွင့်အရေးကို လေးစားတဲ့ ဒီမိုကရေစီအခွင့်အရေးရှိတဲ့ နိုင်ငံအဖြစ်သို့ အသွင်ကူးပြောင်းဖို့ လုပ်ဆောင်စဥ်မှာပဲ နှစ်အနည်းငယ်အကြာမှာ သူ့ရဲ့ နိုင်ငံရေးလမ်းစဥ်ကို မနှစ်သက်တဲ့အင်အားစုတွေက သူ့ကို အာဏာမှ ဖယ်ရှားဖို့ ကြိုးစားမှုတွေ၊ ရုရှားအချို့သောလူထု ကိုယ်၌က စီးပွားရေး အခက်အခဲတွေနဲ့ ဆိုဗီယက် အင်ပိုင်ယာကြီး ပြိုကွဲအောင် လုပ်သူအဖြစ် အမျိုးသားရေး ဝါဒရှုထောင့်အထိုင်မှ အပြစ်တင်ကြပြီး ဂေါ်ဘာချက်က သွေးထွက်သံယိုမရှိ အင်အားသုံးခုခံကာကွယ်တာ မရှိပဲ အာဏာနေရာမှ ဖယ်ရှားပေးခဲ့တာဖြစ်ပါတယ်။
အဲဒီနောက် ရုရှားနိုင်ငံကို ဂေါ်ဘာချက်အစား လူအများကြိုက်တဲ့ ခေါင်းဆောင် အဖြစ်နာမည်ကြီးလာသူ ဘောရစ်ယဲလ်ဆင်က သမ္မတအဖြစ် ၈ နှစ်ကျော် အုပ်ချုပ်ပြီး ဘောရစ်ယဲလ်ဆင်က ဗလာဒီမီယာပူတင်ကို လွှဲပြောင်းပေးခဲ့တာ ဖြစ်ပါတယ်။
၁၉၈၉ ခုနှစ် ဝန်းကျင်က စတင်ပြီး ၁၉၉၁ ခုနှစ်များအတွင်း အရှေ့ဂျာမဏီ နဲ့ အနောက်ဂျာမဏီ ပေါင်းစည်းရေး၊ ယခင်ဆိုဗီယက်ပြည်ထောင်စုဝင် လူမျိုးနဲ့ ဒေသတွေ နိုင်ငံတွေအဖြစ် တည်ထောင်ခွင့်ပေးခဲ့တာတွေက ဂေါ်ဘာချက်ကို အနောက်ကမ္ဘာက အသိအမှတ်ပြု ချီးကျူးခဲ့ကြပြီး တချို့သောရုရှားနိုင်ငံသားတွေကတော့ ဆိုဗီယက်ပြည်ထောင်စု ဖြိုခွဲသူအဖြစ် ရှုမြင်ကြတာ ဖြစ်ပါတယ်။
၁၉၂၂ ခုနှစ်ဝန်းကျင်က စပြီး ဆိုဗီယက်ပြည်ထောင်စုကြီးအထဲ အင်အားနဲ့ စုစည်းထည့်သွင်းခဲ့တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ သမ္မတနိုင်ငံ ၁၄ နိုင်ငံ ရှိခဲ့ပြီး ၁၉၉၁ နောက်ပိုင်း အဲဒီနိုင်ငံတွေက သီးခြားနိုင်ငံတွေအဖြစ် ပေါ်ထွန်းလာခဲ့ပါတယ်။ အမျိုးသားရေးဝါဒ အားကောင်းလာခဲ့တာ ဖြစ်ပြီး အဲဒီနိုင်ငံတွေထဲက အချို့ဟာ အခုအခါ လစ်ဘရယ်ဒီမိုကရေစီနိုင်ငံတွေ အဖြစ် ပြောင်းလဲသွားခဲ့ပြီဖြစ်ပါတယ်။ အဲဒီနိုင်ငံတွေအဖို့တော့ အမျိုးသားရေးဝါဒဟာ သူတို့မျိုးနွယ် သူတို့ ဘာသာစကားနဲ့ သီးခြားလွတ်လပ်သော နိုင်ငံအဖြစ် ပေါ်ထွန်းလာခြင်း ဖြစ်ပါတယ်။
သို့ပေမဲ့ ပင်မစုစည်းခဲ့တဲ့ ရုရှားနိုင်ငံထဲက နိုင်ငံရေးသမားအချို့ လူအချို့ရဲ့ အမျိုးသားရေးဝါဒ အမြင်မှာတော့ ဆိုဗီယက်ပြည်ထောင်စုကို ဖြိုခွဲခံလိုက်ရတယ်လို့ ရှုမြင်ပြီးသူတို့ ရဲ့ အမျိုးသားရေးဝါဒချင်းတူသော်လည်း အကျိုးစီးပွားချင်း မတူကြတာ ဆိုဗီယက်ရုရှားရဲ့ အမျိုးသားရေးဝါဒက အင်ပိုင်ယာနိုင်ငံကြီးတခုအဖြစ် အင်အားကြီးနိုင်ငံကြီးတခုအဖြစ် ပုံသွင်းလိုကြတဲ့ ဆိုဗီယက်ပြည်ထောင်စုရဲ့ အရှိန်အဝါလိုမျိုးကို တမ်းတဂုဏ်ယူကြတဲ့ အမျိုးသားရေးဝါဒ ၊ နိုင်ငံငယ်တွေ သို့မဟုတ် မတူတဲ့ လူမျိုးစု၊ မတူတဲ့ ဘာသာစကားနဲ့ နေထိုင်ကြတဲ့ နိုင်ငံငယ်တွေ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိတဲ့ သမ္မတနိုင်ငံငယ်တွေကို ပြည်ထောင်စုကြီးထဲ ထည့်သွင်းထားချင်ကြတဲ့ အင်ပိုင်ယာအယူအဆ၊ တနည်းအားဖြင့် လက်ဝဲဝါဒအောက်က ကိုလိုနီသဖွယ် ယူဆကြတာ ဖြစ်ပါတယ်။
ဒီနေရာမှာ မြန်မာနိုင်ငံရဲ့ သမိုင်းကြောင်းနဲ့ လက်ရှိဖြစ်ပွားနေတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပြဋ္ဌာန်းခွင့် ဖက်ဒရယ်စနစ်နဲ့ နိုင်ငံထူထောင်ရေး ကြိုးပမ်းနေကြတဲ့ တိုင်းရင်းသားလူမျိုးတွေနဲ့ ပြည်ထောင်စုမြန်မာနိုင်ငံဆိုတာကို ပြိုကွဲမှာ စိုးရိမ်တဲ့အကြောင်းပြချက်နဲ့ ဗဟိုအာဏာကို ထိန်းချုပ်ထားလိုတဲ့ စစ်တပ်နဲ့ အချို့သောပြည်မကနိုင်ငံရေး သမားတွေရဲ့ ဖြစ်စဥ် မြန်မာနိုင်ငံသမိုင်းကြောင်း ဖြစ်စဥ်ကို နှိုင်းယှဥ်စဥ်းစားမိစေပါတယ်။
ပဒေသရာဇ်ခေတ်က မြန်မာနိုင်ငံဆိုတဲ့ စစ်အင်အားနဲ့ သိမ်းသွင်းခဲ့တဲ့ ခေတ်တွေကို မြန်မာနိုင်ငံရေး သမားအချို့နဲ့ စစ်တပ်တို့က ပြည်ထောင်စု ဆိုတဲ့စကားလုံးနဲ့ စည်းရုံးပြီး လက်အောက်ခံ ပြည်နယ်တွေအဖြစ် မြန်မာအမျိုးသားရေး ဝါဒကို ပုံဖော်ပြီး လူထုကို စည်းရုံးကာအင်အားနဲ့ သိမ်းသွင်းထိန်းချုပ်လာခဲ့ကြတာ ဖြစ်ပါတယ်။ အချို့သော သစ္စာခံ ပဏ္ဏာဆက်သတဲ့ ပဒေသရာဇ် တိုင်းရင်းသားပြည်နယ်တွေ တောင်တန်းဒေသတွေကိုလည်း အင်္ဂလိပ်လက်အောက်က လွတ်လပ်ရေး ရယူစဥ်မှာ အတူလွတ်လပ်ရေးရယူဖို့ ၁၀ နှစ်တာကာလ အတူနေကြည့်ပြီး မနေချင်တဲ့အခါ ခွဲထွက်ခွင့်ရှိတယ်ဆိုတဲ့ ကတိစကားနဲ့ အင်္ဂလိပ်ထံမှ လွတ်လပ်ရေး အတူယူခဲ့ကြပါတယ်။ သို့ပေမယ့် လွတ်လပ်ရေးရပြီး မကြာခင်မှာပဲ တိုင်းရင်းသားလက်နက်ကိုင် ပုန်ကန်မှုတွေ ပေါ်ထွက်လာခဲ့ပြီး ၁၉၆၂ နောက်ပိုင်းမှာတော့ တိုင်းရင်းသားလူမျိုးစု အားလုံးလောက်မှာ လက်နက်ကိုင် တပ်ဖွဲ့တွေ ပေါ်ထွန်းလာပြီး ပြည်မ မြန်မာစစ်အာဏာကို ဆန့်ကျင်တိုက်ခိုက်လာတာ အခုဆို နှစ်ပေါင်း ၇၀ ကျော်လာပြီဖြစ်ပါတယ်။
ပြည်ထောင်စုလို့ စကားလုံးအားဖြင့် ဆိုပေမယ့် ဖက်ဒရယ် အနှစ်သာရတွေ မရှိတာ၊ တိုင်းရင်းသားတွေရဲ့ အမျိုးသားရေး လက္ခဏာ လက်ဆင့်ကမ်းမှု ၊ ဘာသာစကား သင်ကြားမှုတွေကို ကန့်သတ်တာတွေ ဆယ်စုနှစ်များစွာဖြစ်ပွားခဲ့ပြီး ခုထက်တိုင် တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေက မြန်မာနိုင်ငံရေးမှာ အရေးကြီးတဲ့ အစိတ်အပိုင်းဖြစ်နေဆဲ ဖြစ်ပြီး နိုင်ငံရဲ့ ပြည်တွင်းစစ် ပြဿနာ ၊ ဖက်ဒရယ် ဒီမိုကရေစီပြဿနာကို အဖြေရှာရာမှာ ဗမာတွေရဲ့ အမျိုးသားရေး ဝါဒက ပြည်ထောင်စုမပြိုကွဲရေး လို့ဆိုနိုင်ပြီး တိုင်းရင်းသားတွေရဲ့ အမျိုးသားရေးဝါဒနဲ့ တိုက်ရိုက်အကျိုးစီးပွားချင်း ဆန့်ကျင်နေတာ ဖြစ်ပါတယ်။
မြန်မာ့နိုင်ငံရေးမှာ ဆယ်စုနှစ်များစွာကြီးစိုးခဲ့တဲ့ ပြည်မစစ်တပ်က ပြည်ထောင်စု မပြိုကွဲရေးဆိုတဲ့ အချက်ကို ကိုင်စွဲထားပြီး ဆယ်စုနှစ်များစွာ ၄င်းတို့ရဲ့ နိုင်ငံရေးမှာ ပါဝင်မှုကို ကာကွယ်ခဲ့ကြပါတယ်။
ဒီပြည်ထောင်စု မပြိုကွဲရေး ဆိုတာ အထက်က ဆိုဗီယက်ပြည်ထောင်စု အင်ပါယာနဲ့ ပြိုကွဲခြင်းတို့နဲ့ ထပ်တူတူညီတဲ့ အခြေအနေ သမိုင်းနောက်ခံမဟုတ်သော်လည်း ဆင်တူတဲ့သဘောမျိုး တွေလည်း ရှိနေတာဖြစ်ပါတယ်။
ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲသွားတာကို လက်မခံနိုင်တဲ့ ရုရှားရဲ့ အမျိုးသားရေးဝါဒဟာ အခုလို ယူကရိန်း-ရုရှားစစ်ပွဲကို ဖြစ်ပွားလာစေတဲ့ အကြောင်းတချက်ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာတော့ ဆယ်စုနစ် ၇ ခုကျော်ကြာတဲ့ ပြည်တွင်းစစ်တွေရဲ့ အကြောင်းရင်းတွေထဲ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ သီးခြားလွတ်လပ်တဲ့ ပြည်နယ်ဒေသအဖြစ် ပေါ်ထွန်းလာရေးကို ဦးတည်ပြီး လက်နက်ကိုင် တိုက်ခိုက်လာကြတဲ့ အကြောင်းရင်းက ပြည်တွင်းစစ်ရဲ့ ပင်မအကြောင်းရင်း ဖြစ်ပါတယ်။ ဒီအကြောင်းရင်းတွေကို မဖယ်ရှားနိုင်ခဲ့ရင် အနာဂတ်မြန်မာ့ နိုင်ငံရေးပြဿနာ မပြေလည်နိုင်တာ အသေအချာ ဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar