Breaking News

တူမောင်ညို - ၁ နှစ်ပြည့်သွားတဲ့ ‘ခုခံတော်လှန်စစ်’ သို့


တူမောင်ညို - ၁ နှစ်ပြည့်သွားတဲ့ ‘ခုခံတော်လှန်စစ်’ သို့

(မိုးမခ) စက်တင်ဘာ ၈၊ ၂၀၂၂


‘ခုခံတွန်းလှန်စစ် - ပြည်သူလူထုတော်လှန်ရေး’ စတင်ပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလ က တရားဝင်ကြေညာခဲ့တာ ၁ နှစ်တိတိပြည့်ပါပြီ။ ‘စစ်အတတ်ပညာ - ဘဏ္ဍာငွေ -  လက်နက်ခဲယမ်း - အတွေ့ အကြုံ’ သဖြင့် ဘယ်ရှုထောင့်က ကြည့်ကြည့် ခြေဗလာ လက်ဗလာ ဘဝကနေ စတင်ခဲ့ရသော ‘ခုခံတော်လှန် (ဝါ) ပြည်သူ လူထုတော်လှန်ရေး’ ဟာ ပဋိပက္ခတွေမျိုးစုံရှိနေသည့်တိုင် အကောင်းဘက် အတက်ဘက်ကို ရှေးရှုလျက်ရှိနေတယ်လို့ မြင်ပါတယ်။ 

ပဋိပက္ခမျိုးစုံဆိုတာထဲမှာ ရန်သူနဲ့ ထိပ်တိုက်ရင်ဆိုင်ရတဲ့ နိုင်ငံရေး - စစ်ရေးဆိုင်ရာပဋိပက္ခတွေက အဓိကဖြစ်ပြီး၊ အခြားမျက်နှာမူနေရတဲ့ ပဋိပက္ခတွေကတော့ မိမိအတွင်းပိုင်းမှာ ရင်ဆိုင်နေရတဲ့ (မတူညီတဲ့ အမြင် ၂ ရပ် - နည်းနာ ၂ ရပ် ပဋိပက္ခ စတဲ့) နေ့စဉ်နဲ့အမျှ လက်တွေ့အကောင်အထည်ဖော်မှုထဲမှာ တမျိုးပြီးတမျိုး ဆက်တိုက်ဆိုသလို  မလွဲမသွေကြုံ နေရတဲ့ ပဋိပက္ခတွေနဲ့ မိမိနဲ့မဟာမိတ်တွေအကြားမှာတွေ့ရကြုံရတဲ့ ပဋိပက္ခတွေ ပါဝင်ပါတယ်။

 ဒါဟာ ဒီနေ့ တော်လှန်ရေးရဲ့ ဦးဆောင်မှုနေရာကို (အခြေအနေအရပ်ရပ်က တွန်းပို့လိုက်ဖြစ်စေ - မိမိတို့ရှေ့ရှု ဆောင်ရွက်နေတဲ့ လက်တွေ့လုပ်ငန်းများအရဖြစ်စေ ) ရရှိနေတဲ့ NUG – CRPH ခေါင်းတည်ပြီး ၊ (ဖိုးကပ်စ်) လုပ်ပြီးကြည့်တဲ့ အခါ မြင်တွေ့ရဲ့ ပဋိပက္ခတွေရဲ့ အခြေခံအနေအထားဖြစ်ပါတယ်။

ဒီအခါမှာ “ရန်သူ (စကစ) စစ်အုပ်စု” ၊ “လူမျိုးစုလက်နက်ကိုင်အဖွဲ့အစည်းများ”၊ “NUG – CRPH – PDF”  ၊  ဆိုတဲ့ ဘက် ၃ ဖက်၊ ခေါင်းစဉ် ၃ ခုအကြားမှာ နေ့စဉ်နဲ့အမျှ အချက်အလက်အကြောင်းအရာ အဟောင်း/အသစ်အပေါ် အခြေခံပြီး ပုံစံမျိုးစုံနဲ့ အပြန်ပြန်အလှန်လှန် ဖြစ်ပေါ်နေတဲ့ အမျိုးမျိုးသော ပဋိပက္ခတွေကို လေ့လာဆန်းစစ်ကြရမှာပါ။ 


ရန်သူ (စကစ) စစ်အုပ်စု

 အဓိကရန်သူဖြစ်တဲ့ မင်းအောင်လှိုင်ဦးစီးတဲ့ (စကစ) စစ်အုပ်စုက အစကာလမှာ  NUG – CRPH – PDF  တို့ကို အကြမ်းဖက်အုပ်စု - အကြမ်းဖက်သမား ဦးတည်ရန်သူအဖြစ် သတ်မှတ်ထားပါတယ်။ အခုနောက်ပိုင်းမှာတော့ PDF ကို အဲဒီ ရန်သူစာရင်းထဲကနေ ခွဲထုတ်ပြီး NUG – CRPH နဲ့ PDF တွေအကြားမှာ သွေးခွဲရန်တိုက်ပေးမှုမျိုးစုံကို ကျင့်သုံးနေပြန်ပါ တယ်။ တစ်ဖက်မှာလည်း PDF တွေ ခိုင်မာအားကောင်းတဲ့ စစ်ကိုင်းတိုင်း - ကယားပြည်နယ် - ချင်းပြည်နယ် - မန္တလေးတိုင်း - ကရင်ပြည်နယ် - ကချင်ပြည်နယ်တို့ကို မီးကုန်ယမ်းကုန် တိုက်ခိုက်ထိုးစစ်ဆင်လျက်ရှိတာတွေ့ရပါတယ်။ 

တပြိုင်နက်တည်းမှာ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေကို ပုံစံမျိုးစုံနဲ့ အချိုသပ်နေပြီး NUG – CRPH – PDF တို့နဲ့ ရန်တိုက်ပေးပါတယ်။ ရန်သူရဲ့ အဲဒီ သွေးခွဲသပ်လျှိုမှုနည်းနာကလည်း “မိမိအတ္တကိုယ်ကျိုးစီးပွားကို ဗဟိုပြုလွန်းတဲ့ - ကျဉ်းမြောင်းတဲ့လူမျိုးရေးအခံ အားကောင်းတဲ့ နေရာဒေသတွေ” မှာ တကယ်ထိရောက်တာကိုတွေ့ရပါတယ်။ 

(စကစ) စစ်အုပ်စုက လူမျိုးစုတွေကို “(NCA) စာချုပ် လက်မှတ်ရေးထိုး/ မထိုးဆိုတဲ့အချက်” အပေါ် အခြေခံထား ပြီး အပိုင်း၂ ပိုင်း ခွဲထားပါတယ်။ အပိုင်း ၂ ပိုင်းလုံးမှာလည်း “တပ်ဖွဲ့အင်အား - နယ်မြေဒေသစိုးမိုးထားနိုင်မှု” စတဲ့အချက် အပေါ်မူတည်ပြီး စစ်အုပ်စုက ခွဲခြားဆက်ဆံနေတာကို မြင်ရပါတယ်။ ဒါ့အပြင် လူမျိုးစုအဖွဲ့အားလုံးရဲ့ နိုင်ငံရေး - စစ်ရေး လှုပ်ရှားမှုတွေကို အမြဲမပြတ်ထိုးဖောက်စုံစမ်းနေတယ်။ အမြင်သာဆုံး လက်တွေ့တစ်ခုကတော့ ‘ဝ’ အဖွဲ့ (UWSP) အပေါ်မှာ ဆက်ဆံနေပုံပါပဲ။  ‘ဝ’အဖွဲ့ (UWSP) ဒီနေ့လှုပ်ရှားမှုကြီးထဲ (ကိုယ်တိုင် သို့မဟုတ် ဘေးကနေ အားပေးကူညီသူအဖြစ် ) ပါဝင် မလာစေရေးဟာ (စကစ) စစ်အုပ်စုအတွက် သေရေးရှင်ရေးတမျှ အရေးကြီးပါတယ်။ 

“အစိုးရဘက်မှ မည်သူအုပ်ချုပ်သည်ဖြစ်စေ ဗမာတိုင်းရင်းသားများ၏ အတွင်းရေးသာဖြစ်ပြီး ပဋိပက္ခပို၍ မဖြစ်စေ လိုသောကြောင့် မည်သည့်ဘက်မှပါဝင်ပတ်သက်မည် မဟုတ်ပါ - အစိုးရနှင့်ချုပ်ဆိုထားသော ပြည်နယ်အဆင့် ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေးစာချုပ်ကို ဆက်လက်လိုက်နာပြီး ငြိမ်းချမ်းရေးကို ထိန်းသိမ်းသွားမည်” ဆိုတဲ့  ‘ဝ’ အဖွဲ့ (UWSP) ရဲ့ သဘောထားဟာ ပြည်တွင်းပြည်ပ အကြပ်တည်းပေါင်းစုံလည်မျိုထိနစ်နေတဲ့ မင်းအောင်လှိုင်(စကစ) စစ်အုပ်စု အဖို့ အင်မတန်ကောင်းတဲ့ အနေအထားပဲ မဟုတ်ပါလား။ 

 ဒီအနေအထားအောက်မှာ မင်းအောင်လှိုင်(စကစ) စစ်အုပ်စုဟာ အကြမ်းဖက် အုပ်စုလို့ ကြေညာထားတဲ့ “NUG – CRPH – PDF” မှ အပ  လူမျိုးစုတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအားလုံးနဲ့ “ကြိုတင်သတ်မှတ်ချက်မထားဘဲ တွေ့ဆုံ ဆွေးနွေးမယ်” ဆိုတဲ့ ပရိယာယ်ခြေလှမ်းကို တဆင့်ပြီးတဆင့် လှမ်းလာပါတယ်။

 ဒီခြေလှမ်း အောက်မှာ (NCA) စာချုပ်လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့ ၁၀ ဖွဲ့အနက် ၇ ဖွဲ့ဟာ မင်းအောင်လှိုင် ထံသွားပြီး ဆွေးနွေးနေပါတယ်။  အဲဒီလိုဆွေးနွေးကြတဲ့ အဖွဲ့ ၇ ဖွဲ့ထဲက (PNLO – LDU – ALP) တို့ကတော့ မင်အောင်လှိုင် ခေါ်သွင်းတဲ့ လမ်းအတိုင်း အဆုံးထိလိုက်ကြမယ့် အရိပ်အခြည်ကို အထင်အရှားမြင်နေရပါတယ်။ ‘အမာကို ရှောင် - အမွကို တိုက် - အပျော့ကိုစား’ ဆိုတာ စစ်အုပ်စုရဲ့ လက်သုံးနည်းပဲ မဟုတ်ပါလား။ ပျော့နေတဲ့ (PNLO – LDU – ALP) တို့ဟာ (စကစ) စစ်အုပ်စုက အချိန် မရွေးကောက်စားနိုင်တဲ့ ခက်ရင်းတစ်ကမ်း - ဇွန်းတစ်ကမ်းကို ရောက်ရှိနေကြပါပြီ။ 

(စကစ) စစ်အုပ်စုနဲ့ ဆွေးနွေးနေတဲ့ အဖွဲ့ ၇ ဖွဲ့ထဲမှာ အင်အားအကြီးဆုံးလို့ပြောရမယ့် စဝ်ယက်ဆစ် (RCSS) ကိုတော့ (စကစ) စစ်အုပ်စုက တမျိုးသဘောထားပါတယ်။ (UWSP) ကိုဖြစ်စေ၊ (SSPP) ကိုဖြစ်စေ၊  (TNLA) ဖြစ်စေ စစ်ရေး အရ နယ်မြေဒေသအရ ‘ထောက်’ ထားဖို့ဆိုရင် စဝ်ယွက်ဆစ်(RCSS) က (စကစ) စစ်အုပ်စုအတွက် အကောင်းဆုံး ‘ဖဲချပ်’  တစ်ခုပဲ မဟုတ်ပါလား။ ပြီးတော့ (RCSS)နဲ့(SSPP) အကြားမှာ၊ (RCSS) နဲ့ (TNLA) အကြားမှာ တည်ဆဲပဋိပက္ခတွေဟာ သွေးထွက်သံယိုဖြစ်တဲ့အထိရှိနေကြပြီး အကင်းမသေနိုင်ဘဲ အငွေ့တလူလူနဲ့ ရှိနေကြဆဲ မဟုတ်ပါလား။ 

(စကစ) စစ်အုပ်စုက (KNU) အပေါ်မှာလည်း ‘ဗဟို’ကို တစ်မျိုး၊ ‘တပ်မဟာ’ တစ်ခုချင်းစီကိုတစ်မျိုး၊ ‘တပ်မဟာ’ တစ်ခုနဲ့တစ်ခုကိုတစ်မျိုး စသဖြင့် ‘သဘောထားပုံ’အမျိုးမျိုးနဲ့ ဆက်ဆံနေတာပါ။ ‘တပ်မဟာ ၅’ အပေါ် သဘောထားပုံနဲ့ ‘တပ်မဟာ ၆’ သဘောထားပုံ မတူပါဘူး။ ‘တပ်မဟာ ၄’ နဲ့ ‘တပ်မဟာ ၆’ ကိုလည်း အတူတူတစ်တန်းတည်း သဘောမထား ပါဘူး။ ဘယ် ‘တပ်မဟာ’ ကို ပိုပြီးတိုက်ခိုက်ထိုးစစ်ဆင်‌နေသလဲဆိုတာကိုပဲ ကြည့်ပါ။ “NUG – CRPH – PDF တွေကို လက်မခံနဲ့မောင်းထုတ် - ဒီကောင်တွေရှိနေလို့ ဒီကောင်တွေကို လက်ခံထားလို့ တပ်မတော်က တို့ဒေသကို ဗုံးကြဲနေတာ” ဆို တဲ့ လေထုကိုတော့ မပြတ်ဖြန့်ဖြူးပါတယ်။ အထက်မှာပြောခဲ့သလိုပါပဲ အဲဒီလို သပ်လျှိုသွေးခွဲမှုက “မိမိအတ္တကိုယ်ကျိုး စီးပွားကို ဗဟိုပြုလွန်းတဲ့ - ကျဉ်းမြောင်းတဲ့လူမျိုးရေးအခံ အားကောင်းတဲ့နေရာဒေသတွေ” မှာ တကယ်ပဲ ထိရောက်ပါတယ်။

ဒါ့အပြင် (စကစ) စစ်အုပ်စုက (KNU/KNLA-PC) နဲ့ (DKBA)အပေါ်မှာလည်း (KNU) အပေါ်ထားတဲ့ သဘောထားနဲ့  မတူညီတဲ့သဘောထားပုံ အခြားတစ်မျိုးထားရှိပြီး ဆက်ဆံနေတာကိုတွေ့ရပါတယ်။ တကယ်တော့ (စကစ) စစ်အုပ်စုက (KNU/KNLA-PC)နဲ့ (DKBA) တို့အပေါ်ကိုလည်း (PNLO – LDU – ALP) တို့အပေါ်ထားတဲ့သဘောထားပုံနဲ့ဆင်တူတဲ့ သဘော ထားမျိုးထားနေတာပါ။ (KNU) ကို ရင်ဆိုင်တဲ့နေရာမှာ (စကစ) စစ်အုပ်စုအဖို့ (KNU/KNLA-PC)နဲ့ (DKBA) တို့ဟာ လက်တွေ့အသုံးဝင်တယ်မဟုတ်ပါလား။ 

မြောက်ဘက်ဖျားက (KIO/KIA)ကိုလည်း “ရှမ်းနီ”နဲ့ တေ့ပေးထားတယ်။ ရန်တိုက်ထားတယ်။ စစ်ရေးအရ တိုက်ခိုက် တယ်။

လူမျိုးစုဒေသတွေနဲ့ပတ်သက်လို့ ခြုံငုံပြောရရင် (စကစ) စစ်အုပ်စုဟာ  ဟိုးယခင်ကလို စစ်ရေးအရ ကြီးကြီးမားမား တိုက်ခိုက်တာမျိုးလည်း မလုပ်သေးဘူး။ ဟန့်စစ် - တားစစ် သဘောမျိုးလောက်ပဲ လုပ်နေတာလို့ မြင်တယ်။ ဒီလိုလုပ်နေတာကလည်း အကြောင်း ၃ ခု ရှိတယ်လို့မြင်တယ်။ 

ပထမတစ်ခုက  (၂၀၂၂ ခုနှစ်) ကို “ငြိမ်းချမ်းရေးနှစ်” လို့ လိမ်ညာကြေညာထားချက် ပွင့်ကျသွားမယ် (တကယ်တော့ လိမ်ညာချက်ဆိုတာ ပြည်တွင်း/ပြည်ပက သိပြီးသားပါ)။ ဒုတိယတစ်ခုက သူ့တပ်ရဲ့ တိုက်ရည်ခိုက်ရည်ကျဆင်းနေတာနဲ့ တပ်အင်အားမလုံလောက်မှုကိစ္စ။ တတိယအချက်က ဒီလိုထိုးစစ်ဆင်တဲ့အတွက် အဲဒီဒေသနဲ့ လူမျိုးစု လက်နက်ကိုင်အဖွဲ့အစည်းရဲ့ နိုင်ငံရေး/စစ်ရေးပုံရိပ် ကြီးမားကျယ်ပြန့်လာအောင် အရောင်တင်ပေးသလို ဖြစ်မှာကိုလည်း ဒီကောင်တွေ စိုးရိမ် ပူပန်နေဟန်ရှိတယ်။ လက်တွေ့မှာ သက်ဆိုင်ရာလူမျိုးစုဒေသတွေကို ထိုးစစ်ဆင်တယ်/ဗုံးကြဲတယ်ဆိုရင် ပြည်သူအများစုက “(စခ)စစ်တပ် များများသေပါစေ - လူမျိုးစုတပ်တွေ အောင်ပွဲခံပါစေ” လို့ ပုံစံမျိုးစုံနဲ့ ဆုတောင်းအားပေးနေကြတယ် မဟုတ်ပါလား။ အကူအညီမျိုးစုံနဲ့ ဝန်းရံနေကြတယ် မဟုတ်ပါလား။ ဒီအချက်တွေက သူတို့တပ်အောက်ခြေထုကိုပိုပြီး ဂယက်ရိုက်စေပြန်တယ်။ ဒါကြောင့် စစ်ရေးတိုက်ပွဲကိုလည်း ကြီးကြီးမားမား ဖိဖိစီးစီး မလုပ်ရဲဘူး ဖြစ်နေပုံပေါ်တယ်။ ဒါကြောင့် လက်နက်ကြီးနဲ့ရမ်းသမ်းပစ်ခတ်တာ - ဝေဟင်ကနေ ဗုံးကြဲတာကိုပဲ ပင်တိုင်ထားလုပ်နေရတယ်။


လူမျိုးစုလက်နက်ကိုင်အဖွဲ့အစည်းများ

ဘဝလက်တွေ့အရ ရန်သူတစ်ဦးတည်း (မဟာလူမျိုးကြီးဝါဒလက်ကိုင်ထားတဲ့ စစ်အုပ်စု) ၊ ဖိနှိပ်ခံရတာချင်းအတူတူ ဖြစ်သော်လည်း အခြေခံ ၃ မျိုးအရ (လူမျိုး -  နေရာဒေသ  - အကျိုးစီးပွား) ကွဲကွာနေကြပါတယ်။ လူမျိုးစုတစုတည်းမှာပဲ ကွဲအက်မှု - ခွဲထွက်မှုတွေနဲ့ အဖွဲ့တွေကွဲနေကြသလို၊ လူမျိုးစုတစ်စုနဲ့တစ်စုအကြားမှာလည်း အစေးမကပ်နိုင်ကြဘဲ ရှိနေပါ တယ်။ 

‘မဟာဗမာရန်သူ’ လို့ဆိုတဲ့ စစ်အုပ်စုနဲ့တော့ (NCA) စာချုပ်နဲ့ နားလည်မှု ယူထားနိုင်သူတွေရှိသလို - “ပြည်နယ် အဆင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးစာချုပ်” နဲ့ နားလည်မှုယူထားနိုင်တဲ့ အဖွဲ့အစည်းတွေလည်းရှိပါတယ်။ ကြားပွဲစား ကတဆင့် အပြန်အလှန် စာပို့လိုက်၊ စကားပြောလိုက်၊ အောက်ချေမှာတော့ နှစ်ဖက်တပ်အချင်းချင်း ပြောင်းဖူးဖုတ်သည် မီးသွေးပေါက်သလို ထိတွေ့မှုမျိုးတွေ မကြာခဏဖြစ်နေတဲ့ နားလည်မှုပုံစံတစ်မျိုးနဲ့ နားလည်မှုယူနေကြတာကိုလည်း လေ့လာတွေ့ရှိရပါတယ်။ 

ဒါ့အပြင် မင်းအောင်လှိုင်က “ NUG – CRPH – PDF မှ အပ ကျန်တဲ့လူမျိုးစုမှန်သမျှ လာခဲ့ကြ” လို့ခေါ်တဲ့အခါမှာ  (NCA) စာချုပ်နဲ့ နားလည်မှုယူထားတဲ့ အဖွဲ့အစည်း ၁၀ ဖွဲ့ထဲက အဖွဲ့ ၇ ဖွဲ့က မင်းအောင်လှိုင်ခေါ်တဲ့ဆီ သွားကြပြန်ပါတယ်။ အဖွဲ့ ၃ ဖွဲ့က မသွားသေးဘဲ ကျန်ရစ်ခဲ့တယ် သို့တည်းမဟုတ် ချန်နေရစ်ခဲ့တယ်။ 

ဘယ်လောက်များ ကြေကွဲစရာကောင်းလိုက်ပါသလဲ။ 

တတိုင်းတပြည်လုံးအနှံ့ လူထုအုံကြွမှုကြီးကနေ လက်နက်ကိုင်ခုခံစစ်ကို ခုန်ကူးသွားပြီးတဲ့နောက်မှာ လူမျိုးစု အဖွဲ့အစည်းတရပ်ရပ်က ခေါင်းဆောင်တစ်ဦးဦး ရှေ့ထွက်လာပြီး  ‘ခင်ဗျားတို့ ကျနော်တို့ ဒီစစ်အုပ်စုကို တကွဲတပြားတိုက်နေလို့ မဖြစ်ဘူး။ ကျနော်တို့ တိုက်ခိုက်လာတာလည်း နှစ် ၇၀ ကျော်လာပြီ၊  ခင်ဗျားတို့ ကျနော်တို့ အတူတကွတိုက်ကြစို့ - ဒီလို တိုက်ဖို့အတွက်တော့ ဟောဒီလို အချက်တွေ (မူနဲ့လုပ်ငန်းစဉ်တွေ)ကို အခြေခံထားပြီး နှစ်ဖက်လုံးက တိတိကျကျ လိုက်နာကြစို့လား - ကျနော်တို့ရဲ့ အတွေ့ အကြံဖြတ်သန်းမှုတွေနဲ့ ခင်ဗျားတို့ရဲ့ နုပျိုတက်ကြွပြီး ထက်သန်တဲ့လှုပ်ရှားမှုတွေကို အပြန်အလှန်ပေါင်းစပ်ကြရအောင်’ ဆိုပြီး ရှေ့ဆောင် ရှေ့ရွက်ပြုလေမလဲလို့ ကျနော်ဒီနေ့အထိ မျှော်လင့်နားစွင့်နေဆဲပါ။

ဒီနေ့တော်လှန်ရေးရဲ့ဦးဆောင်မှုဟာ နိုးကြားလာတဲ့ တော်လှန်ရေးကို ဦးဆောင်အခန်းက ပါဝင်လာတဲ့ လူများစု ဗမာတွေနဲ့ တော်လှန်ရေးဝါကြီးတဲ့ လူမျိုးစုတွေအဖွဲ့အစည်းတွေ အပြန်အလှန်နားလည်မှုနဲ့သွေးစည်းမှုအပေါ်မှာ အခြေခံပြီး တည်ဆောက်ကြရမှာပါ။ အကောင်အထည်ဖော်ကြရမှာပါ။ ရှေ့ဆက်ကြရမှာပါ။ စုပေါင်းခေါင်းဆောင်မှုကို တည်ဆောက် ကြရမှာပါ။ လက်တွေ့ဘဝအနေအထားက ‘တစ်ကိုယ်တော် - တစ်ဖွဲ့စွမ်း’ ချီတက်လို့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ 

မဟာဗမာလူမျိုးကြီးရန်သူနဲ့ နင်လား ငါလား အပြိုင်ကြဲလာတဲ့ လူမျိုးစုတွေအချင်းချင်းအကြားမှာလည်း “နောင်တော် ညီတော်တို့ - ဒို့တတွေ စုစည်းကြပြီး အရှိန်အဟုန်နဲ့နိုးကြားလာတဲ့ မြေပြန့်လူများစုတွေနဲ့ သွေးစည်းကြရအောင်” ဆိုပြီး လူမျိုးစုအချင်းချင်းလည်း နားလည်မှု ယူစေချင်တာပါ။ မဟာဗမာရန်သူကြီးနဲ့(ယာယီဖြစ်စေ - တဖွဲ့ချင်းအခြေအနေအရဖြစ်စေ - မလွန်ဆန်နိုင်တဲ့ အကြောင်းအချက်အရဖြစ်စေ) တဖွဲ့စီနားလည်မှုယူနိုင်ပြီး၊ ဘဝတူတွေ အချင်းချင်းအကြား ဘာဖြစ်လို့များ နားလည်မှု သွေးစည်းမှု မယူနိုင်ကြရသေးတာလဲလို့ မချင့်မရဲတွေးမိပါတယ်။  မျိုးဆက်ဟောင်း ခေါင်းဆောင်ကြီးတွေ သူတို့အကြောင်းအချက်နဲ့ သူတို့ ထားခဲ့ကြတဲ့ ‘အတ္တမာန- အာဃာတတွေ’ ကို မျိုးဆက်သစ်တွေအနေနဲ့ ထမ်းရွက်သယ်ပိုး မလာကြတော့ပဲ အတိတ်မှာပဲ ချထားပစ်ခဲ့ကြပါစို့လား။ 

အသက်ရှူပေါက်ပိတ်နေတဲ့ ဗမာမဟာရန်သူတော်ကြီးက ယာယီဖြစ်စေ အသက်ရှူပေါက်ရစေဖို့ လူမျိုးစုတွေကို ချော့မြှူနေပါတယ်။ အချိုသပ်နေပါတယ်။ ရန်သူကို အသက်ရှူခွင့်ပေးလိုက်တာဟာ မိမိကိုယ်ကိုယ် သေကြောင်းကြံတာမျိုးပါပဲ။ 

အထက်က “ရန်သူ (စကစ) စစ်အုပ်စု” ခေါင်းစဉ်အောက်မှာလည်း ထည့်သွင်းသုံးသပ်ထားတာတွေပါရှိနေတာမို့ ဒီလောက်နဲ့ပဲ ရပ်ထားပါမယ်။ 


NUG – CRPH – PDF

အများစုက “ပြန်လည်သင့်မြတ်ရေးရင်ခွင်ဖွား သားသမီးတွေ” ဖြစ်ပါတယ်။ သူတို့လက်နက်ကိုင်တော်လှန်ရေးကို ခုန်ကူးသွားတာဟာ မင်းအောင်လှိုင် စစ်အုပ်စုက အတင်းအကြပ် ဖန်တီးတွန်းပို့လိုက်တာပါ။ ဒီလမ်းကြောင်းပေါ်မှာ သူတို့ တတွေရဲရဲရင့်ရင့်တက်လှမ်းလာကြတာ၊ ဆက်လက်လျှောက်လှမ်းနေကြတာ၊ နေရာဒေသမျိုးစုံမှာတိုက်ပွဲဝင်ရင်း သူရဲကောင်း ပီသစွာ ကျဆုံးသွားကြသူတွေကို လေးလေးစားစား အလေးပြုပါတယ်။ “အကုန်ရရင်ရ မရရင် အဆုံးထိသွားမှာ” ဆိုတဲ့ သူတို့ရဲ့ ပြတ်သားတဲ့ ဟစ်ကြွေးသံအတိုင်း အဆုံးထိသွားကြရတော့မှာပါ။ နောက်ပြန်ဆုတ်လို့ မဖြစ်နိုင်တော့ပါဘူး။ 

(NUG)ဟာ “သံတမန်ရေးနဲ့ စစ်ရေး”ကို ဘယ်လိုမျှခြေထားပြီး လုပ်ကိုင်ဆောင်ရွက်နေသလဲတော့ အတိအကျ မသိ ပါဘူး။ လက်တွေ့လိုအပ်ချက်အရ လက်နက်ကိုင်တော်လှန်ရေးကို ဦးစီးပေးရမယ့် ယခုလိုအနေအထားအောက်မှာ စစ်ရေး ကိစ္စကို အာရုံစိုက်ပြီး ဖိဖိစီးစီးလုပ်ဖို့လိုအပ်ပါတယ်။ သံတမန်ရေးကို မလုပ်ရဘူး မဟုတ်ပါဘူး။ လက်နက်ကိုင်တော်လှန်ရေး အတွက် အရန်/အကူသဘောပဲ လုပ်သင့်တာပါ။ ကိန်းဂဏန်းနဲ့မြင်သာ အောင်ပြောရရင် “စစ်ရေးကို ၇၅ ရာခိုင်နှုန်း” – “သံတမန်ရေး ကို ၂၅ ရာခိုင်နှုန်း” လောက်ထားပြီး လုပ်ဖို့သင့်တာပါ။ အမေရိကန်နဲ့ အနောက်အုပ်စုက ယူကရိန်းကို ‘ကူညီသလို’ မြန်မာ့ အရေးကို ဘယ်လိုမှ ‘ကူညီ’ မှာ မဟုတ်ပါဘူး။ ကုလသမဂ္ဂကလည်း အလားတူပါပဲ။ 

ပြီးခဲ့တဲ့ ၁ နှစ်တာအတွင်းမှာ အင်မတန်ထင်ရှားတဲ့သက်သေပြချက် ၃ ခုရှိပါတယ်။ ပထမတစ်ချက်က “အမေရိကန် တပ်ကြီး ဝေဟင်က ပဲလာမှာလိုလို -ပင်လယ်ကပဲ ဝင်လာတော့မှာလိုလို - ကုလသမဂ္ဂကစေလွှတ်တဲ့ ဦးထုပ်ပြာတပ်ကြီးပဲ ဝင်လာတော့မှာလိုလို” မျှော်လင့်ခဲ့ကြတဲ့ စိတ်ကူးယဉ်အိပ်မက်ကို လက်တွေ့ကျတဲ့ ‘တူမီးသေနတ်သံ’တွေနဲ့နိုးထ သဘော ပေါက်စေခဲ့ကြရပါတယ်။

ဒုတိယအချက်က တော်လှန်ရေးကို ‘တူမီးသေနတ်’နဲ့စတင်ခဲ့ရပြီး၊ ‘သေနတ်တစ်လက် - ကျည်ဆံတစ်တောင့်’  ဘယ်တိုင်းပြည်ကမှ အလကားမရသေးပါဘူး။

တတိယအချက် တော်လှန်ရေးရဲ့အဓိကရန်ပုံငွေဟာ ပြည်တွင်း ပြည်ပ ပြည်သူတွေဆီကလာပြီး၊ ဒီငွေတွေနဲ့ တော်လှန်ရေး လိုအပ်ချက်တွေမှန်သမျှကို ဖြည့်ဆီးနေရတာပါ။  ဒါ့ကြောင့် ဒီငွေကြေးတွေကို ကိုယ်ကျိုးအတွက် အလွဲသုံးစား မသုံးကြဖို့ သိပ်ကို အရေးကြီးပါတယ်။ ဝယ်ယူရရှိထားတဲ့ သေနတ်တစ်လက် - ကျည်ဆံတစ်တောင့် - ယူနီဖောင်းတစ်ထည် ကို ရိုရိုသေသေလေးလေးစားစားကိုင်တွယ်အသုံးပြုကြဖို့ လိုအပ်ပါတယ်။ အလဟဿဖြုန်းတီးမပစ်ဖို့ပါပဲ။ 

အားရစရာအကောင်းဆုံးနဲ့ မှတ်တမ်းတင်ထားရမယ့် ထင်ရှားတဲ့ အခြားအချက်တစ်ခုကလည်း  တော်လှန်ရေး ရန်ပုံငွေရှာဖွေရေးလှုပ်ရှားမှုတွေပါပဲ။ ရန်ပုံငွေရှာဖွေပေးနေသူတွေကို ချိုးချိုးဖဲ့ဖဲ့ ပြောနေကြတာကတော့ အင်မတန်သေး သိမ် လှပါတယ်။ 

 NUG က လက်တွေ့ကျင့်သုံးနေတယ်ဆိုတဲ့ C- O- C  ၂ မျိုး( chain of command & code of conduct ) ကိုလည်း လက်တွေ့စစ်မြေပြင်မှာ ထိထိရောက် ရောက်ကျင့်သုံးစေဖို့ (NUG) က ကြိုးပမ်းဖို့လိုပါတယ်။ ဒေသအနှံ့အပြားမှာရှိတဲ့ NUG (MOD)ရဲ့ ကွပ်ကဲမှုအောက်က မဟုတ်တဲ့ အခြားလက်နက်ကိုင်အဖွဲ့တွေနဲ့ NUG - (MOD) တိုက်ရိုက်ကွပ်ကဲမှုအောက်က PDF တွေရဲ့ဆက်ဆံရေးကိုလည်းကောင်းမွန်စွာ ထိန်းချုပ်ကိုင်တွယ်နိုင်ဖို့လိုပါတယ်။ “ ဒီနယ်မြေ ဒီဒေသမှာ  PDF ကလွဲပြီး အခြား ဘယ်အဖွဲ့မှ မရှိစေရဘူး၊ မလှုပ်ရှားရဘူး” ဆိုတဲ့ ပြောဆိုမှုမျိုးကလည်း အင်မတန်မောက်မာဗိုလ်ကျတဲ့ သဘောထား မျိုးဖြစ်ပါတယ်။ ဒါ့အပြင်မတူတဲ့တပ်ဖွဲ့တွေ အချင်းချင်းအကြား အပြန်အလှန်မခံချင်အောင် နောက်ပြောင်ကြတဲ့ သာမန် ပဋိပက္ခလေးတွေကနေ ပြသာဒ်မီးလောင်စေတဲ့  သူတစ်ပြန်ကိုယ်တစ်ပြန် “ဖမ်းဆီးနှိပ်စက်ကြတဲ့ - သေနတ်သံထွက်ကြတဲ့ - ဒဏ်ရာရသေကြေရတဲ့အထိ” ကြီးမားကျယ်ပြန့်မသွားစေဖို့လည်းတာဝန်ရှိသူများက အချိန်မီထိန်းထိန်းသိမ်းသိမ်းလုပ်ဆောင် သွားဖို့လို အပ်မှာပါ။ ဒါ့အပြင် လက်နက်ကိုင်တပ်ဖွဲ့တွေအကြားမှာ တဒင်္ဂစိတ်ခံစားမှု သို့မဟုတ် အငြိုးအတေးဟောင်းကို အခြေခံပြီး လက်လွတ်စပယ် ဖမ်းဆီးတာသတ်ဖြတ်တာမျိုးတွေမဖြစ်ဖို့လည်း တင်းတင်းကျပ်ကျပ် ထိန်းချုပ်ကြရမှာပါ။ သူလျှိုမှု၊ လူသတ်မှု၊ မီးရှို့မှု၊ မုဒိမ်းမှု စတဲ့ စတဲ့အမှုကြီးတွေကို ကိုင်တွယ်စီရင်တဲ့အခါမှာလည်း ဘက်စုံထောင့်စုံ ထည့်သွင်း စဉ်းစားပြီး အထူးသတိထားဆောင်ရွက်ဖို့ အရေးကြီးပါတယ်။ ‘အဆုံးစီရင်တာ’ - ‘ကွပ်မျက်တာ’ ကို ထမင်းစား ရေသောက်သလို လွယ်လွယ်ပြုလုပ်ခွင့် မပေးသင့်ပါဘူး။ 

တော်လှန်ရေးကို မနက်ဖြန် သန်ဘက်ခါ အောင်ပွဲရချင်တာဟာ ဆန္ဒဖြစ်ပါ။ လက်တွေ့မှာ ရန်သူ(စကစ)က  သူ့ရဲ့ ကြည်းတပ် - ရေတပ် - လေတပ်တွေကို အမိန့်ပေးထိန်းချုပ်နိုင်ဆဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် အဆင်အခြင်ကင်းမဲ့လွန်းတဲ့ မစားရဝခမန်း စကားတွေ၊ မျှော်လင့်ချက်တွေကို တာဝန်ရှိသူတွေက လွယ်လွယ်ပေါ့ပေါ့ မပြောမိကြဖို့လိုပါတယ်။ 

ဒီနေ့ တော်လှန်ရေးအရှိန် အနှေးအမြန်၊ တော်လှန်ရေးအောင်ပွဲခံမှုတို့ဆိုတာဟာ အဖိနှိပ်လူမျိုးပေါင်းစုံပြည်သူတွေ၊ တော်လှန်တဲ့ အဖွဲ့အစည်းတွေ  ဘယ်လောက်အတိုင်းအတာထိ အတူတကွဆောင်ရွက်နိုင်ကြသလဲ၊  သွေးစည်းညီညွတ်နိုင်ကြသလဲ ဆိုတဲ့အချက်တွေပေါ်မှာ မူတည်နေပါတယ်။ မျှော်မှန်းချက်ကိုယ်စီ၊ အတွက်အချက်ကိုယ်စီ၊ အကွက်အကွင်း ကိုယ်စီနဲ့ ဆိုရင်တော့ တော်လှန်ရေး မအောင်နိုင်ပါဘူး။ 

လက်တွေ့အကျဆုံး ပြောရရင် အခုအခါဟာ လူမျိုးစုအတွက် အခွင့်အခါကောင်းပါ။ အုပ်စိုးသူ စစ်အုပ်စုက မျက်နှာ ချိုသွေးနေရတဲ့အချိန်ပါ။ ဈေးကောင်းပေးနေရတဲ့အချိန်ပါ။  (စကစ)စစ်အုပ်စု အဲဒီလိုဖြစ်နေတာဟာ လူမျိုးစုလက်နက် အင်အားစုတွေ တိုက်ရိုက်တိုက်ပွဲဝင်မှုကြောင့် ရရှိလာတဲ့ အခွင့်အလမ်းတော့ မဟုတ်ပါဘူး။ စစ်အုပ်စုကတဖက် အုပ်စိုးခံ ပြည်သူတွေကတစ်ဖက် ဖြစ်ပွားနေတဲ့ ပဋိပက္ခဟာ မတူတဲ့အတိုင်းအတာနဲ့ ကြီးထွား ပေါက်ကွဲ ကျယ်ပြန့်လာလို့သာ ဖြစ်ပါတယ်။ ဒီပဋိပက္ခမှာ အများစုဖြစ်တဲ့ အုပ်စိုးခံပြည်သူတွေဘက်က ပြတ်ပြတ်သားသား ရပ်ပြီး ဆောင်ရွက်ကြမယ်ဆိုရင် အားလုံး မျှော်မှန်းနေတဲ့ ပြည်ထောင်စုစစ်စစ်နိုင်ငံတော် ပေါ်ထွန်းလာဖို့ လွယ်ကူဖြောင့်တန်းသွားပါလိမ့်မယ်။ ဒီလိုမှ မဟုတ်ဘဲ ‘ဈေးတွက်’ တွက်ပြီး စစ်အုပ်စု အကျပ်တွေ့နေတာကို ကြိုက်ဈေးဆစ်ယူကြမယ်ဆိုရင်တော့ ၁၉၆၂ ခုနှစ်နောက်ပိုင်း၊  ၁၉၇၄ ခုနှစ်နောက်ပိုင်း၊  ၁၉၈၈ ခုနှစ်နောက်ပိုင်းက အခြေအနေတွေလိုဘဝမျိုးကိုပဲ တပတ်ပြန်လည်ရောက်သွားပြီး စစ်အုပ်စုပဲ ပန်းပန်သွားပါလိမ့်မယ်။ 

စစ်အုပ်စုက သူ့အနေနဲ့ ရင်ကော့ခေါင်းမော့လာနိုင်တာနဲ့ သူ လျှော့ပေးခဲ့ရတာတွေကို အတိုးနဲ့ပြန်ပြီး သိမ်းယူပါလိမ့်မယ်။ ပက်ပက်စက်စက် လက်စားချေပါလိမ့်မယ်။ ဒါ့ကြောင့် အခုလို ပြည်တွင်း ပြည်ပ အကြပ်အတည်းတွေနဲ့ ဝိုင်းဝိုင်းလည်နေချိန်မှာ(စကစ)စစ်အုပ်စုကို အကုန်အစင်ချေမှုန်းပစ်ကြပါစို့။ ဒီမိုကရေစီရဲ့အဓိကအတားအဆီး - ဖက်ဒရယ် အတွက် ခလုတ်ကန်သင်းဟာ စစ်အုပ်စု - စစ်အာဏာရှင်စနစ် - စစ်စိုးရတို့ပဲ ဖြစ်ပါတယ်။ 



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar