Breaking News

ဗေဒါညို - ဒါလေးများ


ဗေဒါညို - ဒါလေးများ

(မိုးမခ) စက်တင်ဘာ ၉၊ ၂၀၂၂


တော်သလင်းနေကတော့ ကော့နေအောင် ပူသဗျ။ ကျွန်တော်လည်း FB မှာ ပေါ်မလာ အတော်ကြာနေသမို့ တပည့်လေးတစ်ယောက်က ဆရာ နေကောင်းရဲ့လားလို့ ချက်ဘောက်တဆင့် လှမ်းမေးပါတယ်။ နေကောင်းပါတယ်ကွာလို့ပဲ ဖြေလိုက်ပါတယ်။ ကျန်တာတွေကတော့ တောင်မင်း မြောက်မင်း မကယ်နိုင်တဲ့ ခေတ်ကာလကြီးကို အတူတကွ ဖြတ်သန်းနေကြရတာ ဆိုတော့လည်း သူလည်းနားလည်ပြီးသားဖြစ်လို့ ရှည်လျား‌ထွေပြားစွာ ပြောစရာမလိုတော့ဘူးပေါ့။

အခုချိန်မှာ နံပြားဖိုထဲ ရောက်တဲ့သူနဲ့ ဆီပူတိုက်ထားတဲ့ ဒယ်အိုးကင်းထဲ ရောက်ရတဲ့သူနဲ့လို့ ဆိုရလောက်အောင် အားလုံးလိုလို အပူတိုက်ခံနေကြရတာ မဟုတ်ပါလား။ ပြောရရင် ကိုယ့်ဒုက္ခနဲ့ကိုယ်ပေါ့။

တ‌လောတုန်းက ကျောင်းနေဘက်သူငယ်ချင်းကို CB ကတဆင့် နေကောင်းကျန်းမာရဲ့လားလို့ပဲမေးမိပါတယ်၊ သူက နေကောင်းတယ်ဟဲ့ ကိုဗစ်ဖြစ်တုန်းက မသေလို့ ငါ့ကိုယ်ငါပဲ ဒေါသဖြစ်နေတာဆိုပြီး အဲသလိုပြန်ရေးလိုက်လို့ ကျွန်တော့်မှာ ဟယ်ခနဲ။ သူက ကိုယ့်ထက်ပွဲကြမ်းပြီး‌ ဒေါသမာန်ဟုန် ဆွေ့ဆွေ့ခုန်နေလေတော့ ဘာဆက်ပြောရမှန်းတောင် မသိတော့ပါဘူး။

တကယ်တော့ ဇရာဘက် ချဉ်းနင်းနေတဲ့ ကျွန်တော်တို့အရွယ်တန်းမှာ စိတ်ဖြောင့်လက်ဖြောင့်ကလေးကို နေခွင့်မရ ခေတ်က ပေးလိုက်တဲ့ ဒုက္ခအိုးကြီးကို ထမ်းရွက်နေရလို့ အတော်ခွကျပါတယ်။

လူတွေဟာ နိုင်ငံရေးသတ္တဝါတွေ ဖြစ်တယ်လို့ နိုင်ငံရေးပညာရှင်ကြီးတစ်ယောက်က ပြောဖူးတယ်။ ထားလိုက်ပါ။

ကျွန်တော်လည်း နိုင်ငံရေးအကြောင်း သိပ်နားမလည်လို့ ဒီကိစ္စကို မသိချင်ယောင်ဆောင်လိုက်ပါ့မယ်။ ဒါပေတဲ့ နိုင်ငံရေးဟာ မီးဖိုချောင်မှ ဟိုးထိပ်ဆုံးက သမ္မတတို့၊ ဝန်ကြီးချုပ်တို့အထိ ပါဝင်ပတ်သက်နေတာတော့ သေချာတယ်ဗျ။

အဲတော့ ကျွန်တော့်အထင် ပြောရရင် နိုင်ငံရေးဟာ မီးဖိုချောင်မှစပြီး တာထွက်ပါတယ်။ အမေရယ် သားအတွက် ဒီဟင်းကလေး ချက်ပေးပါ။ သမီးကလည်း ဘယ်လိုလေး ချက်ကျွေးပါ အမေရယ် စသဖြင့် သားသမီးတွေက ကိုယ် ကြိုက်တာကို လွတ်လပ်စွာ တောင်းဆိုကြပြီး အိမ်ရှင်မကလည်း မိသားစုရဲ့ စားချင်တာမှန်သမျှကို ပျော်ပျော်ရွှင်ရွှင် ချက်ပြုတ်ကျွေးနိုင်ရင် မီးဖိုချောင်ထဲမှာဒီမိုကရေစီအပြည့်ရှိနေတဲ့အကြောင်း ပေါ်လွင်နေတယ်။

ဒီလိုမဟုတ်ပဲ မနက်လည်း ကန်စွန်းရွက်ကြော် ကြက်ဥပြုတ် ညနေလည်း ဒီအတိုင်း နောက်တစ်နေ့လည်း ထူးမခြားနား၊ စကားမများနဲ့ စားချင်စားကြလို့ဆိုရင် တသွေး တသံ အမိန့်အောက်ရောက်သွားပြီး မအိုကေ မစိုပြေတော့ဘဲ ဖြစ်ကုန်တော့မှာပေါ့။

ကျွန်တော်ကတော့ ငယ်ကတည်းက စားချင်တာလေးကို အမေက ချက်ကျွေးခဲ့လို့ ဟန်ကျသွားတယ်။ နို့ပေမယ့် အရွယ်အိုစပြုလာတဲ့ အခုချိန်မှာတော့ အိမ်ရှင်မရဲ့ တသွေး တသံ အမိန့်အောက်မှာပဲ စားချင်တာစားဖို့အရေး တို့အရေးလို့ ဆန္ဒထုတ်ဖော်ခွင့်တွေ ဘေးချိတ်ပြီး ငြိမ်ကုပ်စွာ နေထိုင်ရပါတယ်။ အိုဇာတာမကောင်းလိုက်ပုံက အဲလိုပါပဲ။

ကျွန်တော်တို့ လူမျိုး (တိုင်းရင်းသားအားလုံး အပါအဝင်)ရဲ့ နေ့စဉ် စားသောက်နေကြတဲ့ ထမင်းဝိုင်းက ကြီးကြီးကျယ်ကျယ် မဟုတ်ပါဘူး။ အောက်အရပ်ဒေသဆိုရင် အခုလို မိုးရာသီအချိန်မှာ ငါးတွေပေါတော့ အိုးတွေထဲထည့်ပြီး ငါးပိသိပ်ထားကြတယ်။ ဆောင်းနဲ့ နွေ ရောက်ရင် သိပ်ထားတဲ့ ငါးပိအိုးဖွင့်ပြီး စားလိုက်ကြရုံပါပဲ။ ငါးပိရေဖျော်ကလေးနဲ့ အိမ်ဝင်းထရံနဘေးက အသီးအရွက်တွေ ခူးပြီး တို့မြှုပ်စရာ လုပ်လိုက်ရင် ဟင်းတစ်ခွက်ဖြစ်သွားတယ်။ ဘယ်လောက်အဆင်ပြေလဲ။

အဲလိုပဲ တောင်ပေါ်ဒေသတွေမှာလည်း အိမ်နောက်ဖေးမှာ မုံညင်းခင်းရှိရင် စားရေးသောက်ရေးအတွက် ပူပန်စရာတွေ ကင်းဝေးသွားတယ်။ မုံညင်းနဲ့ ပဲပုတ်ကို နေ့တိုင်း အုပ်ကြတယ်။အထူးသဖြင့် မုံညင်းကတော့ မပါမဖြစ် ပင်တိုင်ဟင်းလျာပေါ့။

ကျွန်တော်တို့ အညာဒေသက ထမင်းဝိုင်းတွေမှာတော့ ပဲက မပါမဖြစ်လို့ ဆိုရမှာပ။ ပဲကိုပြုတ်/ကြော်/လှော် စသဖြင့် ကြိုက်သလိုဖန်တီးပြီး ကဆစ်သီးနဲ့ ချဉ်ပေါင်ဟင်း ငရုပ်သီးထောင်းလေးများ တွဲဖက်စားလိုက်ရရင်ဖြင့် အမလေးဗျာ နတ်စည်းစိမ်က ဘယ့်နှယ်နေမှန်းမသိလို့ မပြောတတ်ပေမယ့် ကျွန်တော့်အဖို့တော့ ဒါက ဒိတ်ဒိတ်ကြဲ ကြယ်ငါးပွင့်အဆင့်ပဲဗျ။ ဘာမှတ်နေလဲ။ ဟွန်း - -

အဲတော့ ကိုယ့်လောက ကိုယ့်ဝန်းကျင် အရပ်ဒေသတွေမှာ ကိုယ် ကြိုက်တာလေးတွေကို ချက်စားခွင့်ရရင် ဘဝဟာ နေပျော်ဖို့ကောင်းသွားပါပြီ။ ဒါပေသိဗျာ ကျေးလက်ဒေသတွေမှာ စစ်မီးတွေတောက်ကုန်လို့ ဟေ့ သူငယ်ချင်းရေ ရှေးကတော့ ပိုချစ်ကြတယ် မလုပ်နိုင်ကြတော့ဘဲ ကိုယ့်ရွာ ကိုယ့်ယာနဲ့ ကိုယ့်အခင်းတွေကို ပစ်ပြီး အသက်လု ပြေး‌ကုန်ကြရတဲ့ သတင်းတွေကို နားမဆံ့အောင် ကြားရလို့ စိတ်မောသွားခဲ့ရတယ်။

လူတိုင်း လူတိုင်းမှာ စားဝတ်နေရေးကိစ္စကြီးကို နေ့တိုင်း ဖြေရှင်းနေကြရတယ်။ အဲဒီအရေးသုံးပါးထဲမှာ ကျန်နှစ်ခုထက် နေရေးက အရေးကြီးဆုံးပဲ။ မြို့မှာနေနေ တောမှာပဲနေနေ နေစရာမရှိတော့ရင်မောစရာကြီး။ စားစရာမရှိလည်း ငပိရည်လေးရှိရင် ထမင်းစားလို့ရ ဝတ်စရာမရှိလည်း ဘေထုပ်သည်ဆီကိုသွားပြီး ဖွလို့ ရသမို့ မပူပေါင်။ ဒါပေသိ နေစရာမရှိရင်တော့ ငိုချင်းနဲ့နောက်ပိုင်းဇာတ်ထုပ်ခင်းရတော့မယ့်ကိန်းပေါ့။‌ အရင်တုန်းက ကျေးလက်ဒေသတွေမှာ မြေတွေပေါလို့ နေစရာအတွက် သိပ်စိတပူစရာမလိုဘူးလို့ တွေးခဲ့ဖူးပေမယ့် လက်တွေ့ရင်ဆိုင်နေကြရတဲ့အခြေအနေတွေကိုကြည့်ပြီး ကိုယ့်အတွေးကို ကမန်းကတန်းနဲ့ အမြန်ဖျောက်ပစ်လိုက်ရတယ်ဗျ။

ဒေါ်လာဈေးတွေ ရွှေဈေးတွေ တက်တယ်။ ပိုက်ဆံရှိတဲ့သူတွေက ထိုင်းကို ပြောင်းရွှေ့ပြီးဘန်ကောက်မှာ ကွန်ဒိုတွေ ဝယ်ကြတယ်လို့ ဖေ့စ်ဘွတ်မှာ ဖတ်လိုက်ရတယ်။ ဒါက ပိုက်ဆံရှိတဲ့သူတွေရဲ့ကိစ္စဖြစ်ပြီး ကိုယ်နဲ့ အလှမ်းမမီလို့ သိပ်စိတ်မဝင်စားပါဘူး။ ထို့အတူပဲ အိမ်ခြံမြေဈေးတွေတက်ကုန်တဲ့သတင်း ကြားရပေမယ့် ကိုယ်နဲ့မဆိုင်လို့ မတုန်လှုပ်ပါဘူး။ ခက်တာက အခုခေတ်ကာလမှာ ဘယ်ဟာမှ ကိုယ်နဲ့မဆိုင်ဘူးရယ်လို့ ပစ်ပယ်ထားလို့ မရပြန်ဘူး။ ကျိုးကြောင်းဖြစ်ပျက်မှုအားလုံးက တစ်ခုနဲ့တစ်ခု ဆက်စပ်နေလျက်ရှိတယ်။

တစ်‌နေ့က တူမ‌ကလေးတစ်ယောက် သူ တတ်နိုင်တဲ့ငွေအင်အားနဲ့ အိမ်ဝယ်ဖို့ လိုက်ရှာပေမယ့်လက်လန်ပြီး ပြန်လာခဲ့ရတယ်။ ဈေးနှုန်းက သူ့တန်ဖိုးနဲ့သူ မဟုတ်ဘဲ မတရားတက်နေလို့တဲ့။ ပွဲစားတွေကလည်း ရောင်းသူထက် ဝယ်သူကများလို့ လေသံခပ်တင်းတင်းတဲ့။ အကြောင်းရင်းကကျူးတွေဆိုပြီး အဖယ်ရှားခံကြရတာရယ် နယ်တွေမှာ စစ်မီးတောက်လို့ မြို့ကို ပြေးလာကြရတဲ့သူတွေရယ် ပေါင်းဆုံလိုက်ကြလို့တဲ့။ ကျွန်တော်ဖြင့် စစ် ဆိုတဲ့အသံကို ကြားကိုမကြားချင်ပါဘူးဗျာ စစ်ပွဲဆိုတာ ရုပ်ရှင်ထဲမှာပဲ ရင်တဖိုဖိုနဲ့ ကြည့်လို့ကောင်းပါတယ်။

အီလျာအာရင်ဘတ်က အရာအားလုံး ပြောင်းလဲသွားခဲ့ပါပြီ။ ကျွန်‌တော်တို့ ငယ်ငယ်တုန်းကသမုဒ္ဒရာကြီးများကို နာရီအနည်းငယ်ဖြင့် ဖြတ်သန်းနိုင်မည်ဟု အဘယ်မှာလျှင် သိခဲ့ပါမည်နည်း။ရေဒီယိုနှင့် ရုပ်မြင်သံကြားတို့ ပေါ်လာမည်ဟု အဘယ်မှာလျှင် သိခဲ့ပါမည်နည်း။ အာကာသထဲတွင်လူရောက်မည်ဟု အဘယ်မှာလျှင် သိခဲ့ပါမည်နည်း။ တကယ့်အဆန်းတကြယ်များပင် ဖြစ်ပါသည်လို့ သူ့ရဲ့လူများသက္ကရာဇ်များ ဘဝများစာအုပ်မှာ ရေးထားပါတယ်။ 

နည်းပညာ တိုးတက်ဖွံ့ဖြိုးတဲ့ အခုခေတ်ကြီးကိုတော့ အာရင်ဘတ်လည်း မြင်တွေ့ခွင့်မရရှာလိုက်လို့ တော်သေးရဲ့လို့ ဆိုရမယ်။ ပြောရရင် ခေတ်တွေ ဘယ်လောက်ပဲ တိုးတက်နေလည်း တစ်ဖက်နဲ့တစ်ဖက် အုပ်ကြ ဆော်ကြနဲ့ စစ်ပွဲတွေ ဖြစ်နေကြပြီး အရင်ကထက်တောင် လက်သံပြောင်နေတာဗျ။

လူတိုင်း လူတိုင်း နေခွင့်ရသမျှ လူ့ဘဝမှာ ငြိမ်းချမ်းစွာနဲ့ ပေါ့ပေါ့လွင်လွင် ပျော်ပျော်ရွှင်ရွှင် နေချင်ကြတယ်။ တချို့က ဒီနိုင်ငံမှာ လူဖြစ်ရတာ သိပ်နာတယ်လို့ ပေါက်ကွဲကြတယ်။ ဟဲ့ ဘယ့်နှာကြောင့် စိတ်လွတ်ကိုယ်လွတ် ပြောနေကြရတာတုံး။ ကျွန်တော်ဖြင့် အဲလို မတွေးမိပါဘူးဗျာ။ကျွန်တော်တို့အဖြစ်က ဥပမာနှိုင်းယှဉ်ပြောရရင် ပြိုင်ပွဲနည်းမျိုးစုံဝင်တဲ့ အားကစားသမားတွေနဲ့ ခပ်ဆင်ဆင်ပါပဲ။ ပြေးရင်းနဲ့ လမ်းမှာ‌တွေ့ရတဲ့ အဆီးအတားတွေကို တန်းခုံကျော်လွှားရ။ ခဏနေတော့ ရွှံ့ဗွက်တွေထဲ ဖြတ်ပြေးရ ဒါနဲ့မပြီးသေး မြစ်ထဲ လက်ပစ်ကူးလိုက်ရ စသဖြင့် အမျိုးစုံဖြတ်သန်းကြရသလိုပဲ ကျွန်တော်တို့လည်း ခေတ်တွေက ပေးလိုက်တဲ့ ဒုက္ခမျိုးစုံကို ဖြတ်သန်းရင်းနဲ့ အသက်အရွယ်တွေ ကြီးရင့်လာခဲ့ကြတယ်။ အံမယ် ကံကောင်းချင်တော့ အရေးကြုံလို့ ပြေးဟဲ့ လွှားဟဲ့ ဆိုရင်လည်း ပုဆိုးကလေးကို ဘယ်ညာအစုံ မပြီး ခြေကုန်သုတ်ပြေးတဲ့နေရာမှာလည်း (သေချင်စော်နံသွားပေမယ့်)ဂုဏ်ထူးထွက်ပြီး တကယ့်ကို အိတ်စပတ်ဖြစ်သွားလို့ ကျေနပ်စရာကောင်းသွားတယ်။

ဒီတော့ ဆရာဦးဝင်းတင်ရဲ့ စကားကို ငှားပြီး ပြောရရင် ခေတ်ဝန်ကို ထမ်း ခေတ်လမ်းကိုလျှောက်ရင်း ကြံ့ကြံ့ခံနိုင်တဲ့ ကိုယ့်ကိုယ်ကိုယ် ကြည့်ပြီး ကိုယ့်အစွမ်းကို မြင်လိုက်ရလို့ အံမယ် တယ်ဟုတ်ပါလားလို့ တွေးပြီး ဘဝင်မြင့်ချင်သွားသဗျ။ ဟို အမေရိကန်တို့ အင်္ဂလန်တို့လိုနိုင်ငံတွေမှာ နေရင်ဒီလို ငုပ်လျှိုးနေတဲ့ အစွမ်းသတ္တိတွေကို ဖော်ထုတ်နိုင်ပါ့မလား။ ခံရဲတာ သတ္တိလို့ ပြောတဲ့သူကပြောသမို့ အီဆောင့်နေအောင် ခံရလဲ ဘာအရေးလဲ။ အပြုံးမပျက်ဘဲ အောင်မောင်း တောင့်ထားကြမှဖြစ်ပေမယ်။

ယင်းသမို့ကြောင့် ခေတ်ကပေးတဲ့ ဒုက္ခကြီးနဲ့ နပန်းလုံးနေရလို့ စိတ်ပျက်နေပြီလား၊ စိတ်ဓာတ်‌ကျနေပြီလားလို့ မေးစရာရှိလာတယ်။ ဟာဟ-ဘိုးတော်တို့ကတော့ နိုးပါ။ ဘာမှမဖြစ်ပါဘူး။ တခါတလေတော့ လူ့သဘာဝအတိုင်း ညည်းမိတဲ့အခါလည်း ရှိသပေါ့။

စိတ်ဓာတ်ကျရင် အပေါ်ကို ပြန်တင်လိုက်မယ်။ စိတ်ပျက်နေရင်လည်း ပြန်ပြီး ပြုပြင်လိုက်မယ်။စိတ်ညစ်ရင်လည်း ဖြူစင်အောင် လျှော်ဖွပ်လိုက်မယ်။ ငါ့လခွေး ဒါလေးများဗျာ။ ဟရောင်. .ဖိုက်တင်း . .။ 

အဲလို ပြောလိုက်ရင် ချစ်မိတ်ဆွေတို့အားလုံး အဟုတ်တကယ်မှတ်ပြီး အားတက်သွားကြမလား။ဘယ်လိုပဲဖြစ်ဖြစ်ပေါ့ဗျာ၊ ကျွန်တော်တို့ အားလုံး တစ်ယောက်ကို တစ်ယောက် အားပေးကြရင်းနဲ့ ဒီကာလကြီးကို ဖြတ်သန်းကြရမှာပဲပေါ့။ ခေါင်းအလေးခံပြီး ဘာဖြစ်လို့ စိတ်ရှုပ်စရာတွေချည်း တွေးနေရမှာတုံး။

ဤတွင် ကားလိပ်ချ။

(နံနက်ခင်းမှာချစ်မိတ်ဆွေများအားလုံးပျော်ရွှင်ချမ်းမြေ့ကြပါစေ)

ဓာတ်ပုံ ထန်းရိပ်ညိုက ပန်းချီကားပါ။

ဗေဒါညို


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar