လှကျော်ဇော - တက္ကသိုလ်ရိပ်သာလမ်း၊ ခြံအမှတ် (၅၄)
လှကျော်ဇော - တက္ကသိုလ်ရိပ်သာလမ်း၊ ခြံအမှတ် (၅၄)
(မိုးမခ) စက်တင်ဘာ ၇၊ ၂၀၂၂
တခါတုန်းက လူ့ပြည်မှာ ကပ်ဖားရပ်ဖားလုပ်ပြီး ချမ်းသာလာတဲ့လူတယောက် (အခုခေတ်အခေါ်-ခရိုနီ) သေတဲ့အခါ ယမမင်းကြီးရဲ့ ငရဲပြည်ကို ရောက်လာသတဲ့။
ဒီတော့ တရားစီရင်ခါနီးမှာ တရားသူကြီးလုပ်မယ့် ယမမင်းကြီးကို သူ့ရဲ့ပီ-အေ(ကိုယ်ရေးအတွင်းဝန်)က ဒီလို သတိပေးသတဲ့။
"မင်းကြီး သတိထားပါ။ အခု ဒီလူက အာဂလူ။ လူ့ပြည်မှာ ကပ်ဖားရပ်ဖား မြှောက်ပင့်ပြီး ကြီးပွားလာတဲ့လူ။ ဒီအမှုနဲ့ ငရဲပြည်ရောက်လာတာ"လို့။
အမှုစစ်တော့ အဲဒီလူက ယမမင်းကြီး မေးသမျှ ဘာမှ မဖြေဘဲ၊ သူ့ကိုပဲ ပါးစပ်အဟောင်းသားနဲ့ငေးစိုက်ကြည့်နေသတဲ့။
ဒီတော့ ယမမင်းကြီးက စိတ်တို စိတ်ဆိုးပြီး "မောင်မင်း ဘာလို့ ကျုပ်မေးတာတွေကို မဖြေသလဲ" လို့ မေးတဲ့အခါ တရားခံက "အောင်မယ်လေး။ ယမမင်းကြီးရယ်။ ယမမင်းကြီး ယမမင်းကြီးနဲ့ နာမည်ကြားကတည်းက ကြောက်စရာပုံပန်းကြီးကိုပဲ မြင်ယောင်နေမိတာ။ အခုလို ရုပ်ရည်ခန့်ညားတည်ကြည်တာ တွေ့လိုက်ရတော့ အရမ်းကိုအံ့သြသွားမိလို့ပါ" လို့ ဖြေသတဲ့။
ဒီတော့ ပီ-အေလုပ်သူက ယမမင်းကြီး နားကပ်ပြီး "မင်းကြီး သတိထား။ သတိထား။ အဲဒါ ဒီကောင် မြှောက်ပင့်ပြီး ဖားနေတာ"လို့ သတိပေးတော့ ယမမင်းကြီးက ဒီလိုပြန်ပြောသတဲ့။
"အို မင်းကလဲ၊ ဟုတ်တာ မှန်တာပြောတာတော့ ပြောပါစေကွာ"တဲ့။
ပုံပြင်လေးကတော့ ဒီလောက်ပါပဲ။
ဒီပုံပြင်ကို ကျွန်မတို့ငယ်ငယ်က အဲဒီခြံအမှတ် (၅၄) က ကြားခဲ့ဖူးတာပါ။
အဲသလို ဗိုလ်နေဝင်းရဲ့မဆလ ခေတ်ကို သရော်ထားတဲ့ ပုံပြင်ပေါင်းများစွာကို အဲဒီခြံကြီးထဲမှာ ကြားရလေ့ရှိပါတယ်။
ကျွန်မမိဘများက အစ်မကြီးလို့ခေါ်ပြီး ကျွန်မတို့မောင်နှမတွေက မေမေကြီးလို့ခေါ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းကတော် ဒေါ်ခင်ကြည်ရဲ့ အဲဒီအိမ်ကြီးကို ကျွန်မမိဘများ အပါအဝင် ဗမာပြည်အရပ်ရပ်က တပ်မတော်နဲ့ ပတ်သက်ခဲ့ဖူးပြီး တပ်က လွင့်စဉ်သွားခဲ့တဲ့ လူဟောင်းတွေ အများအပြားဝင်ထွက်သွားလာခဲ့ကြဖူးပါတယ်။ (ဒီအထဲမှာ တောထဲက ပြန်လာသူများလည်း ပါတာပေါ့။) အပြင်မှာ တွေ့ဖို့ ခက်ခဲပေမယ့် အဲဒီအိမ်ကြီးထဲမှာတော့ မိတ်ဟောင်းဆွေဟောင်းတွေ ပြန်လည်ဆုံစည်းတတ်ကြပါတယ်။ အထူးသဖြင့် အခါကြီးရက်ကြီးများ နီးရင် (ဇူလိုင် ၁၉ ရက်မျိုး)ပေါ့။ တခါတရံ နိုင်ငံခြားရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည် ၂ နှစ် တခေါက် မိခင်ကြီးဆီ ပြန်လာချိန်မျိုးမှာလည်း လူစုံတတ်ပါတယ်။ ဒါကြောင့်လည်း ဒေါ်စုက ဗမာပြည် နိုင်ငံရေးနဲ့ သိပ်မကင်းကွာတာ ဖြစ်ဟန်ရှိပါတယ်။
စစ်တပ်ရဲ့ ထောက်လှမ်းရေးက သိပ်အကွက်စေ့ပေမယ့် ဒီ အိမ်ကြီးကိုတော့ ဘေးမဲ့ပေးထားရဟန်ရှိပါတယ်။ ဒီအိမ်မှာ လာလည်သမျှလူတွေက သူတို့ တွေ့ခဲ့ကြုံခဲ့ရတဲ့ မဆလခေတ် မထော်မနန်းဖြစ်ခဲ့မှုတွေကို ဒေါ်ခင်ကြည်ဆီ လာပြီး ရင်ဖွင့်တတ်ကြပါတယ်။
ဒီတော့ ဒီအိမ်ကြီးဟာ မဆလ ဆန့်ကျင်ရေး သင်္ကေတလို ဖြစ်နေပါတော့တယ်။ ဒါကိုလည်း အစိုးရက သိပုံရပါတယ်။ တခါတော့ ဒေါ်ခင်ကြည်အိမ် သူခိုးတက်ပါတယ်။ သူခိုးက အိမ်အပေါ်ထပ်ကို ၀ရန်တာက ခိုတက်ပြီး အိပ်ခန်းဗီရိုလေးထဲက တချို့ (နိုင်ငံခြားသံတမန်များကအမှတ်တရ လက်ဆောင်ပေးထားတဲ့)ပစ္စည်းများ ပါသွားပါတယ်။ ဒေါ်ခင်ကြည် အိမ်ရှိ ဥယျာဉ်စောင့် (မာလီ)က လက်ထောက်ချပြီး ထောက်လှမ်းရေးက လုပ်ပုံရပါတယ်။ ဒေါ်ခင်ကြည်ကို အစိုးရဆန့်ကျင်ရေးတွေ မပြောဆိုဖို့ ဟန့်တား ခြိမ်းခြောက်တာပါ။ တဆက်တည်း အဲဒီအိမ် ဝင်ထွက်နေသူများကိုလည်း ခြိမ်းခြောက်လိုက်ဟန်ရှိပါတယ်။
နောက်ပိုင် း၁၉၈၈ ခုနှစ် (၈) လေးလုံးအပြီး ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေးထဲပါဝင်လှုပ်ရှားလာတဲ့ အချိန်မှာတော့ ဒီအိမ်ကြီးရဲ့ သမိုင်းဟာ ပိုတောက်ပလာခဲ့ပါတယ်။နဝတ-နအဖ ခေတ်အဆက်ဆက် ဒီခြံအမှတ်(၅၄)ဟာ စစ်အာဏာရှင်စနစ်ကို အနုနည်းနဲ့ ဆန်ကျင်တော်လှန်တဲ့ သင်္ကေတဖြစ်လာခဲ့ပါတယ်။အဲဒီ အိမ်ရှေ့က လူစုလူဝေးတွေ၊လူထုတရားပွဲတွေ ရဲ့ ပုံရိပ်တွေဟာ ဗမာပြည်သူတရပ်လုံးရဲ့စစ်အာဏာရှင်ဆန့်ကျင်ရေးစိတ်ဓာတ်ကိုအဆက်မြပတ် မြှှင့်တင်ပေးနေခဲ့တာပါ။၂၀၁၀ နောက်ပိုင်းမှာတော့ ဒီအိမ်ကြီးထဲမှာ ဒေါ်စုကိုနိုင်ငံခြားခေါင်းဆောင်များ ကတလေးတစားလာတွေ့ခဲ့ရပါတယ်။
စစ်အာဏာရှင်တွေဟာ ခေါင်းကိုင်ဖခင်ကြီးက စလို့ အလွန်စိတ်သဘောထားကျဉ်းသူများ ဖြစ်ပါတယ်။ ပြည်သူလူထုရဲ့ တစုံတရာ လေးစားခံရတဲ့ လူများကို အတော်မျက်မုန်းကျိုးတတ်ပါတယ်။မိမိတို့ကို လူတွေ မကြည်ညိုမှုအပေါ် အငုံ့စိတ် သိမ်ငယ်စိတ်လည်း ဝင်တတ်ပါတယ်။ ဆင်ဖြူ့မျက်နှာ ဆင်မဲ မကြည့်ဝံ့သလို ဖြစ်ရာက သမိုင်းဝင်ပုဂ္ဂိုလ်တွေ သမိုင်းဝင်အဆောက်အဦတွေကိုတောင် လုံးလုံး မကြည့်ချင် မမြင်ချင်တဲ့ စိတ်ဓာတ်မျိုးတွေ ဖြစ်လာပါတယ်။
ဥပမာအားဖြင့် ၁၉၆၂ ခုနှစ် ဇူလိုင် ၈ ရက်နေ့က တက္ကသိုလ်ယူနီယံအဆောက်အဦကြီးကို ဖြိုဖျက်ပစ်လိုက်တဲ့ ဖြစ်စဉ်ကို ကြည့်ပါ။ ဗမာ့လွတ်လပ်ရေးလှုပ်ရှားမှု သမိုင်းအတွင်း ထဲထဲဝင်ဝင် ပါဝင်ဖူးသူတိုင်း ဒီ ယူနီယံအဆောက်အဦကြီးအပေါ် အလွန်သံယောဇဉ်ကြီးပါတယ်။ စိုင်ကော်လို့ ချုံပေါ်ရောက်လာရသူများကတော့ ဒီသမိုင်းနဲ့ဆက်စပ်ပြီး လူထုက ကြည်ညိုရင်းစွဲရှိနေတဲ့ သူများအပေါ် မနာလိုဝန်တိုစိတ် အခြေခံနဲ့ ဒီအေဆာက်အဦကြီးကို ဖြိုဖျက်လိုက်တာပါ။ ဒါပေမဲ့ ဒီအဖြစ်အပျက်ကြီးဟာ ဒီ စစ်အာဏာရှင်ကြီးတွေကို တသက်ပတ်လုံး ထမင်းလုံး တစ္ဆေခြောက်သလို ခြောက်နေခဲ့တာပါပဲ။ (ဒါကို အခုခေတ် စစ်အုပ်စုက သင်ခန်းစာယူပုံမရပါဘူး။)
အခုလည်း လာပြန်ပါပြီ။
ဒီခြံကြီးကို အမွေခွဲဝေမှုဆိုင်ရာ အမှုကြီး။ ဒါ ရိုးရိုးသာမန် တရားရေးဆိုင်ရာ အမွေမှု မဟုတ်ပါဘူး။ နိုင်ငံရေးအမှုပါ။
၁။ ဗမာပြည်သူလူထုက စွဲလမ်းကြည်ညိုနေတဲ့ မိသားစုကို နိုင်ငံရေးအရ လုပ်ကြံမှုပါ။
ဗိုလ်ချုပ်အောင်ဆန်းရဲ့ တဦးတည်းကျန်သောသား (သားကြီး)အောင်ဆန်းဦးကို ဗမာပြည်သူလူထုရှေ့မှောက်မှာ ဘယ်ေတာ့မှ နာလန်မထူနိုင်အောင် နိုင်ငံရေးအရ လုပ်ကြံလိုက်တာ ဖြစ်ပါတယ်။ ဒေါ်စုအတွက်လည်း မောင်နှမချင်းတောင် မစည်းရုံးနိုင်သူ ဆိုပြီး တပ်ထဲမှာ သြဇာချမှုတွေလုပ်တယ်လို့လည်း ကြားရပါတယ်။
၂။ စစ်အာဏာရှင်တွေအတွက် အသားထဲ စူးဝင်နေသလို မျက်မုန်းကျိုးစရာဖြစ်နေရတဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး အမှတ်သေင်္ကတ အိမ်ကြီးကိုလည်း ပျောက်ပျက်သွားစေချင်တဲ့ စေတနာဆိုးလည်း ပါပုံရပါတယ်။
စာရေးဆရာမကြီး(ဒေါ်)ခင်နှင်းယုရဲ့ 'ပန်းများကို ပွင့်စေသူ' ဆိုတဲ့ဝတ္ထုကို (၁၉၆၀-၇၀ များအတွင်း) ဖတ်ရစဉ်က ဒါ ဘယ်သူ့ကိုများ စောင်းရေးတာလဲလို့ စဉ်းစားကြည့်ခဲ့ဖူးပါတယ်။
ခင်နှင်းယု ဆိုတာက ဖဆပလခေတ် ဝန်ကြီးချုပ်ဦးနုရဲ့ ဝမ်းကွဲညီမအဖြစ်နဲ့ရော၊ ဝန်ကြီးချုပ်ရဲ့ ပီအေအဖြစ်နဲ့ရော အာဏာအဝန်းအဝိုင်းအတွင်း နေခဲ့ရသူ ဖြစ်လေတော့ အဲဒီအဝန်းအဝိုင်းထဲက ဇာတ်ကောင်များကို သူ့ဝတ္ထုတွေထဲ ထည့်ရေးတတ်တယ်လို့ ကြားဖူးထားလို့ပါ။
မိမိ ရန်ငြိုးထားသူကို ဆွေစဉ်မျိုးဆက်လိုက်ပြီး အလွန်ကောက်ကျစ်စွာ လက်စားချေတတ်သူတယောက်အကြောင်း။ မိမိ လက်စားချေတာ ခံရသူကိုယ်တိုင် မသိအောင်လည်း ကြောင်သူတော်နည်းတွေ သုံးတတ်သူ။
မဆလခေတ်က ပထမဆုံးသော စစ်အာဏာရှင်ခေတ်ဖြစ်တော့ ပြည်သူလူထုကို လှည့်ဖြားနိုင်တဲ့ နည်းလမ်းတွေ များတယ်လေ။ သတင်းနည်းပညာတွေကလည်း မတိုးတက်သေးတော့ သတင်းတွေ ပိတ်ဆို့မှုတွေ၊ မှောင်ချထားမှုတွေ လုပ်နိုင်တယ်။ ဒါကြောင့် အဲဒီခေတ်က ကြောင်သူတော်တွေကို ပြည်သူတွေက သိပ်မသိလိုက်ဘူး။
အခု မအလ ရဲ့ စစ်ကောင်စီခေတ်မှာတော့ ပြည်သူလူထုအဖို့ အနှစ် ၆၀ ကျော်အတွင်း ဗိုလ်ချုပ်ကြီးများရဲ့ စိတ်စေတနာရော၊ အရည်အသွေးကိုရော တွေ့ရပြီးပါပြီ။ သံယောဇဉ်လည်း အတော်ပြတ်နေပါပြီ။ သူတို့ကလည်း မလုပ်ရဲတာ ဘာမှမရှိဘူးလို့ ဗြောင်ပြောတတ်လာကြတာပါ။ ဒါ့ကြောင့် သူတို့စည်းစိမ်အာဏာအတွက် မီးကုန်ယမ်းကုန် လုပ်ကြတော့မှာပါ။ ပြည်သူတွေကလည်း ရသမျှ အင်အားစုစည်းပြီး ဒီတခါတော့ အဆုံးထိ သွားကြရတော့မှာပါ။ တခြာ ရွေးစရာမရှိပါ။
လှကျော်ဇော
၃-၉-၂၀၂၂။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar