၂၀၀၈ ဖွဲ့စည်းပုံပြင်ဖို့ စစ်ကောင်စီက လုပ်ဆောင်နေ၊ ဖမ်းဆီးပြစ်ဒဏ်ချခံထားရသူ အချို့ပြန်လွတ်
မြန်မာနွေဦး ခရိုနီကယ် - အောက်တိုဘာ ၂၉ မြင်ကွင်း
(မိုးမခ) အောက်တိုဘာ ၃၀၊ ၂၀၂၂
၂၀၀၈ ဖွဲ့စည်းပုံပြင်ဖို့ စစ်ကောင်စီက လုပ်ဆောင်နေ၊ ဖမ်းဆီးပြစ်ဒဏ်ချခံထားရသူ အချို့ပြန်လွတ်
စစ်ကောင်စီက ၂၀၀၈ ဖွဲ့စည်းပုံရဲ့ အချို့သော အပိုင်းတွေကို ပြင်ဆင်ဖို့ နိုင်ငံရေးပါတီတချို့၊ လက်နက်ကိုင် အဖွဲ့အစည်းအချို့နဲ့ တွေ့ဆုံဆွေးနွေးတာတွေ ပြီးခဲ့တဲ့ လအတန်ကြာကတည်းက လုပ်ဆောင်နေတာ သတင်းတွေမှာ ပါရှိပြီးဖြစ်ပါတယ်။
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အချို့ကို လက်နက်ကိုင်တိုက်ပွဲတွေမှာ ပါဝင်လာပြီး စစ်ကောင်စီကို ဘုံရန်သူအဖြစ် တိုက်ခိုက်ခြင်းမပြုအောင် နိုင်ငံရေးအရ လုပ်ဆောင်တာဖြစ်တယ်လို့ ရှင်းလင်းတဲ့ ရည်ရွယ်ချက်ကို မြင်တွေ့နိုင်ပါတယ်။ ပြီးခဲ့တဲ့ မေလက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ ABSDF တို့ကို ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖိတ်ခေါ်ခဲ့ပြီး တိုင်းရင်းသားအဖွဲ့ ၇ ဖွဲ့ ဝန်းကျင်က သွားရောက် တွေ့ဆုံဆွေးနွေးခဲ့ကြတာကို စစ်ကောင်စီဘက်က ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ အဖြစ်ပုံဖေါ် ပြီးဝါဒဖြန့်ခဲ့ကြတာလည်း ဖြစ်ပါတယ်။
UWSA, RCSS, SSPP/SSA, ALP, MNSP, PNLO, KNU/KNLA (PC) အစရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေက စစ်ကောင်စီနဲ့ မဟာဗျူဟာ အရ ဒါမှမဟုတ် နည်းပရိယာယ် အရ တွေ့ဆုံဆွေးနွေးခဲ့ကြတာ ဖြစ်ပေမယ့် ဘယ်အဖွဲ့က မှ အခုငြိမ်းချမ်းရေး ဆွေးနွေးမှုကနေ အောင်မြင်မှုရလိမ့်မယ်လို့ ယူဆကြပုံမပေါ်ပါဘူး။
သက်ဆိုင်ရာ လက်နက်ကိုင်အဖွဲ့ရဲ့ ပိုနေမြဲကျားနေမြဲ အနေအထားကို မထိခိုက်စေချင်တာ သို့မဟုတ် နိုင်ငံရေးအရ စစ်ကောင်စီလက်မခံမှန်းသိပေမယ့်လည်း ရည်မှန်းချက်တခု ဖြစ်စေချင်တဲ့အကြောင်းအရာတခုကို အများသိအောင် ပလက်ဖောင်းအဖြစ်နဲ့ ထုတ်ဖေါ်ပြောဆိုတဲ့ အနေနဲ့ ဆွေးနွေးကြတာမျိုး ဖြစ်နိုင်ပါတယ်။ ဥပမာအားဖြင့် ဝ အဖွဲ့အနေနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဆိုတာထက် ပြည်နယ် အဖြစ်သတ်မှတ်ဖို့ တောင်းဆိုတာမျိုး ဖြစ်ပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အနေနဲ့ ပြည်မက နိုင်ငံရေးပြဿနာတွေကိုရှုမြင်ရာမှာ အများအားဖြင့် ပြည်မက ဗဟိုအာဏာကို ချုပ်ကိုင်ထားတဲ့ ဗမာနိုင်ငံရေးအင်အားစုတွေရဲ့ အားပြိုင်မှုအဖြစ် ရှုမြင်လေ့ရှိကြပါတယ်။ သူတို့ရဲ့ ဆယ်စုနှစ်နဲ့ချီတဲ့ လက်တွေ့ဘဝ အတွေ့အကြုံအရ အဲလို ယူဆကြတာလည်း မှားတယ်လို့ပြောဖို့မရတဲ့ အနေအထားဖြစ်ပါတယ်။ ပြည်မက အစိုးရတွေအဆက်ဆက်မှာ တိုင်းရင်းသားတွေရဲ့ ဖက်ဒရယ်အခွင့်အရေးနဲ့ပတ်သက်လို့ ရပ်တည်ချက်တွေက တဖွဲ့နဲ့တဖွဲ့ သိပ်မခြားနားကြပဲ ခေတ်အဆက်ဆက် လက်နက်ကိုင် တိုက်ခိုက်မှုတွေနဲ့သာ ဖြေရှင်းခဲ့ကြတာကြောင့် အခုတကြိမ် စစ်အာဏာသိမ်းမှုကိုလည်း ပြည်မရဲ့ အာဏာ ရယူမှုပြဿနာလို့ ယေဘုယျအားဖြင့် အကဲဖြတ်ကြတာ ဖြစ်ပါတယ်။
စစ်ကောင်စီကိုလည်း မယုံသလို စစ်ကောင်စီ ဆန့်ကျင်တိုက်ခိုက်မယ့်အဖွဲ့သစ်အဖြစ် ပေါ်ထွန်းလာတဲ့ NUG အပေါ်မှာလည်း သံသယ တစိတ်တပိုင်းထားပြီး ဆက်ဆံနေကြတဲ့ သဘောမျိုးဖြစ်ပါတယ်။
စစ်ကောင်စီက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့သာ ဆွေးနွေးဖို့ လုပ်တာမဟုတ်ပဲ နိုင်ငံရေးပါတီ တွေထဲက စစ်ကောင်စီရဲ့ ဖိတ်ကြားမှုကို လက်ခံတဲ့ တိုင်းရင်းသားနဲ့ ပြည်မက ပါတီအချို့နဲ့လည်း၊ ကိုယ်စားပြုရွေးကောက်ပွဲစနစ် နဲ့ပတ်သက်တာ၊ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး နဲ့ပတ်သက်တဲ့ ကိစ္စရပ်တွေကို အစုအဖွဲ့ ဖွဲ့ပြီးဆွေးနွေးနေတာ ဖြစ်ပါတယ်။ တရားဝင်ပါတီအဖြစ် ရပ်တည်နေတဲ့ နိုင်ငံရေးပါတီအချို့ကတော့အဆိုပါ ဆွေးနွေးပွဲတွေမှာ မပါဝင်ကြသော်လည်း အချို့သော ပြည်မပါတီတွေ တိုင်းရင်းသားပါတီတွေပါဝင်ပြီး ဆွေးနွေးမှုတွေ လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။
ခုရက်ပိုင်း သတင်းတပုဒ်မှာ ၂၀၀၈ ခြေ/ဥထဲက ပုဒ်မ ၂၆၁ လို့ခေါ်တဲ့ ပြည်နယ်၊ တိုင်းဒေသကြီးရဲ့ ဝန်ကြီးချုပ်ကို လွှတ်တော်က ၄င်းတို့လွှတ်တော်ရွေးကောက်ခံ ကိုယ်စားလှယ်တွေက မဲပေးရွေးချယ်ခွင့်မရှိဘဲ ပြည်ထောင်စုအစိုးရ သမ္မတက ရွေးချယ် ခန့်အပ်တဲ့ အချက်ကို ပြင်ဆင်ဖို့ သဘောတူညီမှုရပြီလို့ ဆွေးနွေးမှုကော်မတီထဲပါတဲ့ SNDP ပါတီခေါင်းဆောင်က သတင်းမီဒီယာကို ပြောဆိုတဲ့ သတင်းဖြစ်ပါတယ်။ အရင် အန်အယ်လ်ဒီအစိုးရ လက်ထက် လွှတ်တော်ထဲ ဆွေးနွေးစဥ်က အန်အယ်လ်ဒီကိုယ်စားလှယ်တွေ ပြင်ဆင်ဖို့ ကန့်ကွက်ခဲ့ကြတဲ့ ၂၀၀၈ ခြေ/ဥထဲက ပုဒ်မလည်း ဖြစ်တဲ့ ပုဒ်မ ၂၆၁ကို ပြင်ဆင်ဖို့ စစ်ကောင်စီဘက်က သဘောတူတဲ့ အဓိပ္ပာယ်လည်း ဖြစ်ပါတယ်။
ဒီ ၂၀၀၈ ခြေ/ဥ ရဲ့ အဓိကမကျတဲ့ အပိုင်းတွေကို ပြင်ဆင်ဖို့ သဘောတူခြင်းနဲ့ လက်ရှိဖြစ်နေတဲ့ နိုင်ငံရေး အကျပ်အတည်းက လွတ်မြောက်ဖို့တော့ မလွယ်ကူဘူးဆိုတာ နိုင်ငံရေးသမားတိုင်း လေ့လာသူတိုင်း သိရှိကြမှာ ဖြစ်ပါတယ်။ စစ်တပ်အနေနဲ့ နိုင်ငံရေးက ထွက်ခွာဖို့ သဘောတူမှသာ နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။
ခုရက်ပိုင်း အခြားသော သတင်းတွေကတော့ အနုပညာရှင် ၃ ဦး၊ အန်အယ်လ်ဒီလက်ထက် ပြည်ထောင်စုဝန်ကြီးတဦးနဲ့ အရင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ၂ ဦးတို့ကို လွှတ်ပေးတဲ့ သတင်းဖြစ်ပါတယ်။ စစ်ကောင်စီဘက်က တရားဝင်ထုတ်ပြန်ကြေညာတာမျိုး မရှိသေးပဲ နီးစပ်သူ နဲ့ မိသားစုဝင်တွေ ရဲ့ ပြောဆို အတည်ပြုမှုတွေအရ သတင်းမီဒီယာတွေက ဖေါ်ပြကြတာတွေ့ရပါတယ်။
ယခင် ပြည်ထောင်စု ရွေး/ကော် ဥက္ကဋ္ဌ နဲ့ အဖွဲ့ဝင် တဦးကို ပြစ်ဒဏ်ချမှတ်ထားပြီး ပြစ်ဒဏ်မစေ့ခင် ဘာကြောင့် ပြန်လွှတ်သလဲဆိုတာ ခန့်မှန်းရခက်ပေမယ့် စစ်ကောင်စီဘက်က အချို့သော နိုင်ငံရေးဖိအားတွေကို လျော့စေဖို့ ရည်ရွယ်ချက်နဲ့ ဖမ်းဆီးထိန်းသိမ်းထားသူတွေထဲက ၄င်းတို့အပေါ် အမြင်ပြောင်းလဲလာသူ ၊ ရပ်တည်ချက် ပျော့ပျောင်းသွားသူတွေကို ရွေးချယ် လွှတ်ပေးတာလို့ မှန်းဆကြည့်နိုင်ပါတယ်။ လာမယ့် လတွေမှာ ကျင်းပမယ့် အာဆီယံ အစည်းအဝေးမတိုင်ခင်မှာ စစ်ကောင်စီအနေနဲ့ ၄င်းတို့ရဲ့ နိုင်ငံရေးအရ အလျှော့ပေးတယ်လို့ အကြောင်းပြနိုင်ဖို့ အခုလို အရေအတွက်အနည်းငယ်ကို လွှတ်ပေးတာလို့လည်း တဖက်က ယူဆနိုင်စရာ ရှိနေတာ ဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar