Breaking News

မောင်လူရေး - အနုယောဂနိုင်ငံရေးလုပ်ငန်း


မောင်လူရေး - အနုယောဂနိုင်ငံရေးလုပ်ငန်း

(မိုးမခ) အောက်တိုဘာ ၁၃၊ ၂၀၂၂


အနုယောဂ ဆိုတာ ခဏခဏလုပ်တာ၊ ထပ်ထပ်လုပ်တာပေါ့လေ။ အထပ်ထပ်အခါခါ လုပ်နေရင် အစွန်းရောက်တော့တာကိုး။  ပြဿနာတခုပေါ်လာရင် သူများကို အပြစ်ပုံဝေဖန်တတ်တာ ဓမ္မတာပေါ့။ ဒါပေလို့ တခါ နှစ်ခါဆို အရေးမကြီး၊ အဲဒါမျိုးကို မနားတမ်း အထပ်ထပ် လုပ်နေရင်တော့ အစွန်းရောက်သွားပြီ။ အဲဒီအစွန်းကို လက်ယာစွန်းလို့ ခေါ်ရဲ့။ 

ကာမသုခလ္လိကာနုယောဂ ဆိုတာပေါ့။ 

ပြဿနာကို ဖြေရှင်းဖို့ ချဉ်းကပ်တာမဟုတ်ဘဲ ဘယ်သူ သောက်သုံးမကျလို့ဆိုပြီး ပုံချတာမျိုးဟာ အာသာဖြေတဲ့ နည်းလမ်းတခုဖြစ်လို့ ကာမသုခလ္လိကာနုယောဂတဲ့။ ပြဿနာဆီ ဦးတည်၊ ပြဿနာပြေလည်ရေးဆီ ချီတက်တာမဟုတ်လို့ မလျှောက်ရမယ့်လမ်းတဲ့။ လူတကာအလွယ်တကူလုပ်တဲ့ဟာတဲ့။ ဉာဏ်ရည်နိမ့်ပါးသူတွေ လုပ်လေ့ရှိသတဲ့။ ဘာမှလည်း အကျိုးမထင် လူစင်မမီတဲ့ အလုပ်တဲ့။ ငပိန်းတွေ လုပ်ကြသတဲ့။ 

အဲဒီ သူများ သောက်သုံးမကျဘူး ပြောရတဲ့ အာသာဖြေနိုင်ငံရေးလုပ်ငန်းမှာ ကြောက်စရာကောင်းတဲ့အချက်က သွေးခွဲရ လွယ်ကူတဲ့ အချက်ပဲ။ သူများ အပြစ်ပြောရတာ အရသာလေးကလည်းပြင်းတော့ ဂျင်းထည့်ရ သိပ်လွယ်သကိုး။ မကြာခင် ကိုယ်ပါ အလိုတူအလိုပါဖြစ်လာ ဂျင်းပါကြိုက်လာရော။ သူက အသိအမှတ်ပြုခံချင်တာနဲ့ရောနေတော့ ကိုယ့်ကို အသိအမှတ်ပြုထောက်ခံ "အင်း" လိုက်ပေးလိုက်ရင် ကြိုက်သကိုးနော့။ အဲဒီ"အင်း"နဲ့အတူ သူ ထည့်ချင်တာလေးလည်း ထည့်ပေးလိုက်တော့ ကိုယ်က ပြန်"အင်း"ပေးရင်း ဂျင်းသတင်း ဂျင်းချင်းဆောင် အမောင်ဂျင်းကုန်သည် ဖြစ်မှန်းမသိ ဖြစ်လာတာလေ။ အဲဒီမှာ ကိုယ့်တော်လှန်ရေး ကိုယ်သတ်မိတော့တာဘဲ။ တဖြည်းဖြည်းနဲ့ ကိုယ်က ပြဿနာနဲ့ဝေး၊ ပြဿနာဖြေရှင်းရေးမှာမပါ၊ ပြဿနာသစ်ဖန်သူသာ ဖြစ်လာတာပဲ။ 

ကိုယ့်နိုင်ငံရေးအင်အားစုတွေကို ဖြုန်းတီးတာ၊ ကိုယ့်တော်လှန်ရေးအင်အားစုတွေကို နှိပ်ကွပ်တာ၊ ခွဲခြားဆက်ဆံတာ၊ တဖက်ကို တွန်းပို့တာ၊ ချောင်ပိတ်ရိုက်တာ၊ အသိအမှတ်မပြုတာ၊ ချေတာ၊ ‌အပြုသဘောစောကြောတာတွေကို ဂရုမစိုက်တာ၊ အချက်အလက်တွေကို မသိကျိုးကျွံပြုတာ၊ မျှော်လင့်ချက်အမှားတွေ ပေးတာ၊ တန်းတူမထားနိုင်တာ။

အဲဒါမျိုးကတော့ အတ္တကိလမထာနုယောဂ = ကိုယ့်သေတွင်းကိုယ်တူး နိုင်ငံရေးလုပ်ငန်းပါ။

အဲဒီလမ်းကို လျှောက်ရင်တော့ တော်လှန်ရေးပျက်သုဉ်း ဒုက္ခလုံးလုံးကြီးရောက်မယ်တဲ့။ အမျှော်အမြင် အဆင်ခြင်မဲ့တဲ့‌ခြေလှမ်းတွေတဲ့။ ဘာကောင်းကျိုးမှ မရဘူးတဲ့။ 

ဒါ့ကြောင့် ဒွေမေ ဘိက္ခဝေ အန္တာ ပဗ္ဗဇိတေန နသေဝိတဗ္ဗာ။

ဘိက္ခဝေ၊ မိဘကိုပစ် ချစ်သူကိုခွာ ပညာသင်ရပ် မြို့ပြကိုအဆက်ဖြတ်ပြီး တောကြီးမြိုင်လယ်မှာ စစ်ဘီလူးလက်ထဲက နိုင်ငံကိုပြန်ကယ်မည်အဓိဌာန်ဖြင့် စိတ်ကြံကာတိုက်ပွဲဝင်နေကြသည့် ရဲဘော်အပေါင်း သူတော်ကောင်းတို့။

ပဗ္ဗဇိတေန၊ အိုးပစ်အိမ်ပစ် အလုပ်ပစ်အကိုင်ပစ် စီးပွားပစ်ရည်းစားပစ် မယားပစ်သားပစ် ပညာပစ်ကြင်ယာပစ် လူငယ်ဘဝ မိသားစုဘဝ လူ့လောကစည်းစိမ်မှန်သမျှအကုန်ပစ်ပြီး စစ်အာဏာရှင်စနစ်ဆိုးကို ရိုက်ချိုးမည်ရည်ရွယ်ချက်နှင့် လက်နက်ကိုင်တိုက်ပွဲဝင်နေသည့်ရဲဘော်သည်။

ဒွေဣမေအန္တာ၊ ဤသူတပါးကို အပြစ်လုံးလုံးတင်သည့်အာသာဖြေနိုင်ငံရေးလုပ်ငန်းနှင့် ကိုယ့်ဘက်တော်သား ကိုယ့်အင်အားများကို မထီမဲ့မြင်ပြုသည့် ကိုယ့်သေတွင်းကိုယ်တူးနိုင်ငံရေးလုပ်ငန်းနှစ်ခုတို့ကို။ နသေဝိတဗ္ဗာ၊ မမှီဝဲအပ်ကုန်။

မောင်လူရေး


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar