ကျိုက်ထီးရိုးတောင်ခြေ ကင်မွန်းစခန်း ပစ်ခတ်မှု အတွင်း ဘုရားဖူး ၃ ဦးသေဆုံး
မြန်မာနွေဦး ခရိုနီကယ် - အောက်တိုဘာ ၁၂ မြင်ကွင်း
(မိုးမခ) အောက်တိုဘာ ၁၃၊ ၂၀၂၂
ကျိုက်ထီးရိုးတောင်ခြေ ကင်မွန်းစခန်း ပစ်ခတ်မှု အတွင်း ဘုရားဖူး ၃ ဦးသေဆုံး
ဒီနေ့ နေ့ခင်းပိုင်းမှာ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ထဲက ကျိုက်ထီးရိုးဘုရားကို တက်မယ့် တောင်ခြေက ကင်မွန်းစခန်း ဝင်းထဲမှာရှိတဲ့ စစ်ကောင်စီလုံခြုံရေးကင်းစခန်းကို အမည်မသိရသေးတဲ့ လက်နက်ကိုင် အဖွဲ့တဖွဲ့က ကားနဲ့ လာရောက်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါတယ်။
စစ်ကောင်စီဘက်က ပြန်လည်ပစ်ခတ်ရာမှာ ဘုရားဖူး ၃ ဦး ကျည်ထိမှန် သေဆုံးပြီး တဒါဇင်ကျော် ဒဏ်ရာရတဲ့ အဖြစ်အပျက် ဖြစ်ပွားခဲ့ပါတယ်။
ကျိုက်ထီးရိုး နဲ့ ဆက်စပ်နေတဲ့ ကင်မွန်းစခန်းက ရဲကင်း ၊ ရဲစခန်းတွေကို PDF တွေက ပြီးခဲ့တဲ့ ၁ နှစ်ကျော်ကာလအတွင်း တကြိမ်မက ပစ်ခတ်ခဲ့တာတွေရှိခဲ့ပြီး ရဲအချို့ သေဆုံးခဲ့တာတွေ ရှိခဲ့တာဖြစ်ပါတယ်။ ကျိုက်ထိုမြို့နယ်ထဲက သိမ်ဇရပ် အနီးတဝိုက် ၊ ရန်ကုန်-မော်လမြိုင်ကားလမ်း မှာလည်း မကြာခဏ စစ်ကောင်စီယာဥ်တန်းတွေကို ပစ်ခတ်တိုက်ခိုက်တာတွေ ဖြစ်ပွားလေ့ရှိတာ ဖြစ်ပါတယ်။
ဒီနေ့ဖြစ်ပွားတဲ့ ပစ်ခတ်မှုမှာတော့ သီတင်းကျွတ်လပြည့်ပြီးနောက်ပိုင်း ပွင့်လင်းရာသီ ကျိုက်ထီးရိုး ဘုရားဖူးသူများပြားလာချိန်လည်း ဖြစ်လို့ သေဆုံးမှုနဲ့ ဒဏ်ရာရမှုတွေ ရှိခဲ့တာပါ။ ဒီနေ့ ဖြစ်ပွားတဲ့ တိုက်ခိုက်မှုကို ဘယ်အဖွဲ့က လုပ်ဆောင်တာလဲဆိုတာတော့ ထုတ်ပြန်ပြောဆိုမှုတွေ မရှိသေးပေမယ့် ဒေသအလိုက် ဖွဲ့စည်းထားကြတဲ့ PDF အဖွဲ့တွေ ဖြစ်လိမ့်မယ်လို့ ခန့်မှန်းယူဆကြတာပါ။ ဒီဒေသမှာ လှုပ်ရှားနေတဲ့ ကေအန်ယူရဲ့ အကူအညီလည်း ပါကောင်းပါရှိနိုင်ပါတယ်။
စစ်ကောင်စီတပ်တွေ ကင်းချထားတဲ့ ကင်းစခန်းကို ပစ်မှတ်ထား တိုက်ခိုက်မှုဟာ စစ်ရေးအရ ကြီးကြီးမားမား အရေးပါတဲ့ ပစ်မှတ်မဟုတ်ဘဲ စစ်ကောင်စီတပ်သား အများအပြားလည်း ထိခိုက်နိုင်တာမဟုတ်ပေမယ့် တဖက်မှာတော့ ဘုရားဖူးသူတွေ ထိခိုက်သေဆုံးမှုရှိတာကြောင့် စစ်ကောင်စီ ဝါဒဖြန့်ချိရေးမှာ အသုံးချဖို့ရာအတွက် အချက် တချက် ဖြစ်နိုင်ပါတယ်။ ဘုရားဖူးတွေ ထိမှန်သေဆုံးရတဲ့ အကြောင်းရင်းက စစ်ကောင်စီတွေဘက်က ပြန်ပစ်ခတ်မှုကြောင့်လို့ ပြောဆိုမှုတွေ ရှိပေမယ့် ဒီလိုပစ်မှတ်ကို အလစ်အငိုက် တိုက်ခိုက်ဖို့ ရွေးချယ်မှုအပေါ်မှာ ဝေဖန်စရာတွေ ရှိကောင်းရှိနိုင်တာ ဖြစ်ပါတယ်။
ဘုရားဖူးအရပ်သားတွေ ရှိတဲ့နေရာမျိုးကို တိုက်ခိုက်ဖို့ ရွေးချယ်မှုက ဘာသာရေးကို အသုံးချပြီး ဝါဒဖြန့်တာတွေ လုပ်လာနိုင်တာလည်း ဖြစ်ပါတယ်။
၈၈ အရေးအခင်း မတိုင်မီကာလတုန်းက ကျိုက်ထီးရိုးတောင်ပေါ်က စခန်းနဲ့ စျေးဆိုင်နေရာတွေကို ကေအန်ယူက တိုက်ခိုက်ခဲ့ဖူးတဲ့ ဖြစ်ရပ်တခုရှိခဲ့ပြီး ခုဖြစ်ရပ်က တောင်ခြေ ကင်မွန်းစခန်းက ကင်းစခန်းကို တိုက်ခိုက်တဲ့ ဖြစ်ရပ်ဖြစ်ပါတယ်။
စစ်ကောင်စီ ဆန့်ကျင်ရေး လက်နက်ကိုင် အဖွဲ့တွေအနေနဲ့ စစ်ကောင်စီ ကင်းစခန်း ယာဥ်တန်းတွေကို တိုက်ခိုက်တာဟာ သဘာဝကျပါတယ် သို့ပေမယ့်အချို့သော အရပ်သား နေရာတွေ ဘာသာရေးနေရာလိုမျိုးတွေမှာ တိုက်ခိုက်တာမျိုးကို သတိပြုပြီး ရွေးချယ်ဆုံးဖြတ် သင့်တယ်လို့မြင်မိပါတယ်။
ဒီနေ့အဖို့ အခြားသတင်းတပုဒ်ကတော့ ဒေါ်အောင်ဆန်းစုကြည်အပေါ် စစ်ကောင်စီက စွဲဆိုထားတဲ့ အဂတိလိုက်စားမှု အမှုတမှုအတွက် ထောင်ဒဏ် ၃ နှစ် နေပြည်တော်မှာ ဒီနေ့ ထပ်မံချမှတ်လိုက်တာကြောင့် စုစုပေါင်းထောင်ဒဏ် ၂၆ နှစ် ရှိသွားတဲ့ သတင်းဖြစ်ပါတယ်။ စေပိုင် ကုမ္ပဏီပိုင်ရှင်နဲ့ လူသိများတဲ့ မြန်မာခရိုနီလုပ်ငန်းရှင် ဦးမောင်ဝိတ်က သိန်းဂဏန်းနဲ့ချီရှိတဲ့ ဒေါ်လာတွေ လက်ခံရယူခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ တရားရုံးက ပြစ်ဒဏ်ချခဲ့တာဖြစ်ပါတယ်။
ဒီ ၂၆ နှစ်ဆိုတဲ့ ပြစ်ဒဏ်ပမာဏဟာ တရားမျှတမှုလည်း မရှိသလို အမှန်တကယ် ကျခံရမယ်လို့လည်း ဘယ်သူကမှ မယုံကြည်ကြသော်လည်း ဒီလို အမှုပေါင်း ၁ ဒါဇင်ကျော်နဲ့ စွဲဆိုပြီး ထောင်ဒဏ်တွေ တခုပြီးတခု တိုးပြီးရင်းတိုးနေတာကိုကြည့်ရင် စစ်ကောင်စီအာဏာရှိနေသရွေ့ NLD ခေါင်းဆောင်ကို နိုင်ငံရေး နယ်ပယ်ထဲ ပြန်မလာနိုင်အောင် ရည်ရွယ်လုပ်ဆောင်တယ်ဆိုတာ မှန်းဆနိုင်ပါတယ်။
ဒီနေ့ ထောင်ဒဏ်ချမှတ်ခံရတဲ့ အခြားတဦးကတော့ ဂျပန်နိုင်ငံသား မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူ တိုရုကူဘိုတာ ဖြစ်ပါတယ်။ လအနည်းငယ်က မြန်မာနိုင်ငံရန်ကုန်မြို့ကို အလည်အပတ်ဗီဇာနဲ့ ဝင်ရောက်လာပြီး ဆန္ဒပြမှု တခုကို မှတ်တမ်းရုပ်ရှင်ရိုက်ယူနေစဥ် စစ်ကောင်စီတပ်တွေက ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ သူ့ကို ယခင်လက ပုဒ်မ ၂ ခုနဲ့ ထောင် ၇ နှစ်ချမှတ်ခဲ့ပြီးအခု လူဝင်မှုကြီးကြပ်ရေး ပုဒ်မနဲ့တဖန် ၃ နှစ်ချမှတ်ခဲ့တာဖြစ်ပါတယ်။ ဂျပန် မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူ အဖမ်းခံရပြီးနောက်မှာ စစ်ကောင်စီနဲ့ ဆက်ဆံရေးကောင်းမွန်တဲ့ ဂျပန်လွှတ်တော်အမတ်တဦး နေပြည်တော်လာရောက်ခဲ့ပြီး ၄င်းတို့နိုင်ငံသား လွတ်မြောက်ရေးအတွက် ပြောဆိုမှုတွေရှိခဲ့ပြီး တရားစီရင်ရေး ကိစ္စတွေပြီးနောက်မှ ပြန်လွှတ်ပေးဖို့ စဥ်းစားမယ့်သဘော ပြောဆိုဖူးပါတယ်။
စစ်ကောင်စီလက်ထက် မြန်မာနိုင်ငံသားပေါင်း ထောင်နဲ့ချီ အသက်ဆုံးရှုံးခဲ့ရပြီးဖြစ်သလို သောင်းနဲ့ချီ ဖမ်းဆီးခံနေကြရပြီး အကျဥ်းထောင်တွေမှာ နိုင်ငံရေးအကျဥ်းသား သောင်းဂဏန်းနဲ့ ချီရှိနေတဲ့ စံချိန်တင်ရမယ့် ကာလတခုလည်း ဖြစ်နေပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar