ကိုအောင်မှိုင်း - နင်းပြားတို့တွက် ကဗျာ
ကိုအောင်မှိုင်း - နင်းပြားတို့တွက် ကဗျာ
(မိုးမခ) အောက်တိုဘာ ၁၃၊ ၂၀၂၂
နေလုံးကြီး
ကမ္ဘာမြေထဲ တိုးဝင်သွားတဲ့အခါ
နေရောင်ခြည်တွေ ကြွေကျသွားတယ်။
အစာအိမ်တွက်
လောင်စာထမင်းကြမ်း
တဝက်ထက် လျှော့ရတဲ့အခါ
လူတန်းစားနဲ့ တိုက်ပွဲတွေအကြောင်း
တဖွဖွပြောရင်း ဖောင်တွေ ပျက်သွားတယ်။
သိမြင်ခြင်းဟာ
အလျော်အစားတခု မဟုတ်သလို
ကြိုးပြတ်နေတဲ့ ဇာတ်ရုပ်လည်း မဟုတ်ဘူး။
စုတ်ပြတ်သတ်နေတဲ့
အိမ်အိုအိမ်ဟောင်းကြီးကို
ဖာထေးဖို့ ကြိုးစားရင် မိုးစိုနေဦးမှာပဲ။
နွေခေါင်ခေါင် မိုးကြိုးပစ်
အလစ်သုတ်ဆွဲခဲ့တဲ့ ဥပဒေကို
မငြင်းမဆန် မျှဥ်းခံလို့ကတော့
တသက်လုံး ဗျင်းခံနေရမှာ သေချာတယ်
မှတ်မှတ်ရရစကား စစ်ကျွန်တသက် ခံမလားတဲ့။
မွေးကထဲက ပျက်ခဲ့ဖောင်တွေကြား
နင်းပြားဆိုတာ ဆင်းရဲသားတွေလား
အဖေ နင်းပြား အမေ ဆင်းရဲသား
သားနင်းပြား သမီးဆင်းရဲသား
သားနဲ့သမီး ဆင်းရဲသားနဲ့နင်းပြား
ထူးမခြားနားတဲ့ လောကီဇတ်ထား။
အစာအိမ်သီချင်း
ရှိန်ဟုန်ပြင်းပြင်း မုန်တိုင်းတစင်းလို
အရပ်ရှစ်မျက်နှာ လေဟုန်စီးသွား
တိုက်တွေကိုဖြတ် သမုဒ္ဒရာကိုပတ်
မှန်တမ်းကျမှုကို ရိုက်ချိူး
ဖြစ်တည်မှုတွက် စစ်ထိုး
စွန်းထွက်တန်ဖိုးတွက် စစ်ခင်း
စစ်တလင်းမှာစု ဒေါမာန်ဟုန်ပြု
ရှင်သန်မှုတွက် အဘိဓမ္မာတခု။
စစ်ချီတေးတွေ ဟာမိုနီဖြစ်
ရုပ်ပုံလွှာအလှ သီချင်းသစ်ကြ
မြစ်ကမ်းပါးရံကို အောင်လံနဲ့ထွင်းထု
ရေဟုန်ကိုအားပြုလို့ ရဲရဲနီတို့အစု
နိုးထကြလော့ နင်းပြားများ
နိုးလော့ထလော့ ကမ္ဘာတလွှား
အားသစ်တို့ အားပြုအားစုကြ။
နေလုံးကြီး
ကမ္ဘာမြေပေါ် နိုးထတဲ့အခါ
ရောင်နီဟာ နေ့သစ်ကိုကြို
နင်းပြားဆိုတာ ကမ္ဘာတလွှားက
နိုင်ငံသားသစ်တွေပဲပေါ့။
ကိုအောင်မှိုင်း
-