ကိုအောင်မှိုင်း - ကြွေနေတဲ့ ပန်းရထား
ကိုအောင်မှိုင်း - ကြွေနေတဲ့ ပန်းရထား
(မိုးမခ) အောက်တိုဘာ ၂၅၊ ၂၀၂၂
ကချင်အမျိုးသား ၁၀၀ လောက်
ရက်ရက်စက်စက် အသတ်ခံရချိန်မှာ
Rest in Peace ဆိုတာလောက်နဲ့တော့
မလုံလောက်တော့ပါဘူးဗျာ။
ကျသွားတဲ့သွေးတွေ
ကျိုးပဲ့သွားတဲ့ အသက်တွေတွက်
ပေးကိုပေးဆပ်ရစေမယ်ဆိုတဲ့
သန္နိဋ္ဌာန်လောက်တော့ အနည်းဆုံးလိုချင်တယ်။
လူကြားကောင်းအောင်
နားထောင်ကောင်းအောင်
ပြောနေကြတာတွေ
ရေးနေကြတာတွေထက်
သန္နိဋ္ဌာန်ချ သက်စွန့်ရန်မကြောက်
အခက်အခဲ ဖယ်ရှား အောင်ပွဲအရယူ
ဆံချည်တမျှင်မှ နောက်မဆုတ်
တိုက်ပွဲတွေဆက်လုပ် ဆိုတာသာ ကြားချင်တယ်။
ပန်းပွင့်လေးတွေ
သိပ်လှတယ်ဆိုတာထက်
ပန်းတခင်းလုံး မီးလောင်နေချိန်မှာ
ပန်းရိုင်းတွေနဲ့အတူ
တိုက်ပွဲဆက်မယ် ဆိုတာသာကြားချင်တယ်။
တော်လှန်ရေးကို
ဟန်ပြပုံဖျက် မပေါ့ပျက်ကြပါနဲ့။
တော်လှန်ရေးကို
ထင်တရေးနဲ့ အဟောသိကံမဖြစ်ပါစေနဲ့။
တော်လှန်ရေးကို
ပေါင်းသင်ပါ ရေလောင်းပါ
နောက်ပြီး ကိုယ်တိုင်တူးဆွကြပါ။
တကယ်တော့
သူတို့စွန့်သွားခဲ့ကြပါပြီ
သူတို့ ပြန်မလာကြတော့ပါဘူး။
ဒါပေမဲ့ သူတို့ဝိညာဥ်တွေဟာ ကြိမ်ကြိမ်ခါခါ
ငါတို့အနား လာလာသွားသွား
တရားများစွာနဲ့ စောင့်ရှောက်နေမှာပါ။
နုတ်ဆက်ဂတိ
ပြုလိုပါတယ် ခေါင်းတလားတို့ရယ်
အောင်ပွဲရတဲ့နေ့ လွတ်မြောက်တဲ့နေ့
ပန်းမျိုးစုံပွင့်တဲ့နေ့မှာ ဆီမီးပွင့်တွေနဲ့အတူ
ငါတို့
မင်းတို့ကို
ကြိုလို့နေပါ့မယ်
ကြွေသွားတဲ့ပန်းရထားတို့ရယ်
လွမ်းလှပါတယ်။
ကိုအောင်မှိုင်း