ဆားပုလင်းသာပိန် - မျက်ရည်ပေါက်ပေါက် ကျကြရသည့် ဒါရိုက်တာ ကိုကြင်၏ “သောက်မိသော ”
ဆားပုလင်းသာပိန် - မျက်ရည်ပေါက်ပေါက် ကျကြရသည့် ဒါရိုက်တာ ကိုကြင်၏ “သောက်မိသော ”
(မိုးမခ) အောက်တိုဘာ ၁၁၊ ၂၀၂၂
ဆားနဲ့ပက်ခံရသလိုဆိုတဲ့ ခေတ်စကားထက်ကို ပိုဆိုး၊ ပိုအခံရခက်ပါတယ်။ ပြောရမယ်ဆိုရင် ကြင်စိုးတယောက် ဆားတွင်းထဲ ချော်ကျသွားသလို ဖျပ်ဖျပ်ကို လူးနေပါတယ်။ တကမ္ဘာလုံးက ‘မသောက်မိသောမိုးခါးရေ’ကို တခဲတနက် အားပေးကြသတဲ့။ စိတ်ပုတ် စိတ်ယုတ်အခံရှိတဲ့ ကြင်စိုးဆိုတာက သူများ အောင်မြင်တာကို မြင်ရင် အော်တိုမက်တစ် ‘ဂျေ’ ဝင်တတ်သူ ဖြစ်ပါတယ်။ အခုလည်း ဟိုအမကြီးကို မဟုတ်တမ်းတရား အမှုဆင်ဖမ်းဆီးရအောင် ဝင်မိတဲ့ ‘ဂျေ’လောက်မကြီးပေမယ့် ထိုင်မရ၊ ထမရ လိပ်ခေါင်းပြူတစ်ခွ ‘ဂျေ’အဆင့်တော့ ရှိတယ်လို့ ပြောနိုင်ပါတယ်။
ဘယ်နေရာမှသာ အဖြစ်ကမရှိပေမယ့် အခုလည်း သူ ရိုက်ရင် ဒီထက်တောင် ပေါက်မယ့်ဇာတ် ကားဖြစ်မယ်ဆိုတဲ့ ပေါက်တတ်ကရ အတွေးကခေါင်းထဲ ဝင်နေပါတယ်။ ဒီအတွေးက တနေ့ထက်တနေ့ ကြာလာတာနဲ့အမျှ တကယ်ပဲ ဟုတ်နိုးနိုးထင်ယောင်လာပြန်ပါတော့တယ်။
‘အင်း အလုပ်မဖြစ်တော့တဲ့သမီးရဲ့ရုပ်ရှင်ကုမ္ပဏီနဲ့ ငါ့ဖာသာဇာတ်ကားရိုက်၊ ပြီးတော့ ‘မိုးခါးရေ’ လို ကမ္ဘာမပတ် နိုင်လည်း ရှိသမျှတပ်တွေ အကုန်ပတ်ပြီးတော့ လက်မှတ်ဝယ်ကြည့်ခိုင်းလိုက်၊ ဟား.......သောက်သောက်လဲ ရလိုက်မယ့် ပိုက်ဆံတွေ’။
အမြဲတမ်း တွက်ရေးမှာစက်သူဌေး ဖြစ်တတ်တဲ့ ကြင်စိုး၊ အခုလည်း ငွေနံ့လေးရလာတာနဲ့ စိတ်လှုပ်ရှားလာပါ တယ်။
‘မြန်မြန်တော့ လုပ်မှဖြစ်မယ်၊တပ်တွေက သက်ဆိုးသိပ်ရှည်ကြတာ မဟုတ်ဘူး၊ ရှေ့တန်းထွက်လည်း တပြုတ်ပြုတ်၊ နောက်တန်းမှာ ရှိလည်း တဖြုတ်ဖြုတ်နဲ့’
ပရော်ဖက်ရှင်နယ် ဒါရိုက်တာတွေကတော့ ဘယ်လိုရိုက်ကူးကြသလဲမသိ၊ ကြင်စိုးက ဇာတ်ကားနံမည်ကို အရင် စဥ်းစားပါတယ်၊ ဒါကလည်းသိပ်အခက်ကြီးတော့ မဟုတ်ပါဘူး၊ ဟိုဘက်က ‘မသောက်မိသော’ဆိုတော့ သူက ‘သောက်မိသော’ ဆိုပြီးလုပ်လိုက်တာပေါ့။ ဒါရိုက်တာနံမည်ကိုလည်း ခပ်တည်တည်နဲ့ ‘ကိုကြင်’ပေါ့၊ ဆင်တူရိုးမှား လုပ်လိုက်တယ်၊ ခိုးကျမ်းကျေသူ ကြင်စိုး အတွက်တော့ ဒီလိုကိစ္စမျိုးက ဘာမှပြဿနာမရှိဘူး။
ဇာတ်ကားကဖြင့် ဘယ်လိုလာမလဲ မသိသေးဘူး၊ သူကပိုသာတယ်လို့ ထင်နေမိတယ်၊ စဥ်းစားကြည့်လေ။ ဒါရိုက်တာ နဲ့ ဇာတ်လမ်းဇာတ်ညွှန်း ရေးတာကိုသာမက သူကိုယ်တိုင် မင်းသားဝင်လုပ်ထားတာဆိုတော့။
ဒီလိုနဲ့ မည်သို့မည်ပုံ ရိုက်လိုက်သည်မသိ၊ကြင်စိုးရဲ့ မဟာဇာတ်ကားကြီး ထွက်ချလာပါတယ်။ ကြင်စိုးက သုံးစား မရအောင်သာ တုံးချင်တုံး၊ ဖျင်းချင်ဖျင်းတာ၊ အခုဇာတ်လမ်းဇာတ်ညွှန်းကို လက် တန်းရေးလိုက်တာပါ။ တခါတလေ တော့လည်း ဦးနှောက်ချောင်ကြိုချောင်ကြားထဲ ကပ်နေတဲ့ မရှိမဲ့ရှိမဲ့ အကြံဥာဏ်လေးတွေက ထွက်လာတတ်ပါတယ်။ စိတ်ထဲကသိပ်မကြိုက်ပေမယ့် အခုခေတ်မှာ ပီဒီအက်ဖ်တွေက တတိုင်းပြည်လုံးရဲ့ အချစ်တော်ဖြစ်နေ တော့ ဇာတ်ကားထဲ ထည့်ရိုက်ထားတယ်။
ဒါပေမယ့် အဓိကဇာတ်လိုက်ကတော့ ကြင်စိုးကိုယ်တိုင်ပါပဲ။ ဇာတ်လမ်းဇာတ်ကွက်က ဘာမှမယ်မယ်ရရတော့မရှိ ပါဘူး။ ပီဒီအက်ဖ်တွေ အဝိုင်းခံနေရာကနေ ဇာတ်လိုက်ကြင်စိုး နောက်ဆုံးလွတ်သွားတဲ့ ဇာတ်လမ်းပါ။ ဒါကိုမဲလုံးက ဝင်ကန့်ကွက်ပါသေးတယ်၊ ‘ပီဒီအက်ဖ်တွေ အဝိုင်းခံရရင် လွတ်ဖို့လမ်းမရှိလို့ ကြင်စိုးဇာတ်လမ်းက ယုတ္တိမရှိဘူး’ တဲ့။
ဟုတ်တော့လည်း ဟုတ်တယ်၊ ကြင်စိုးကိုယ်တိုင် စစ်ရုံးကို တက်လာတဲ့ ကျဆုံးစာရင်းတွေ ဖတ်ရတာပဲ၊ လွတ်လမ်း မရှိမှန်း သိတာပေါ့၊ ဒါပေမဲ့ မဲလုံးဆရာဝင်လုပ်တာ မကြိုက်လို့ ကတ်သတ်ပြီး ပြန်ပြောလိုက်တယ် ‘အပြင်မှာသာ မလွတ်တာ၊ ရုပ်ရှင်ထဲမှာ လွတ်တယ်’ဆိုပြီး။
တိုတိုတုတ်တုတ်ပဲ ပြောလိုက်ပါတော့မယ်။ ကြင်စိုးရုပ်ရှင်က ခပ်ချာချာဇာတ်ကားပါ၊ ထူးတာတခုတော့ရှိတယ် ကြင် စိုးကသူ့ဇာတ်ကားနံမည်ကို သူများရုပ်ရှင်တွေမှာလို ကြော်ငြာမထားဘူး၊ ဇာတ်ကားအပြီးမှာမှ စာတမ်းထိုးမယ်၊ သူ ဘယ်ပုံဘယ်နည်းနဲ့ ဘာ့ကြောင့် လွတ်သွားတယ်ဆိုတဲ့ ပဟေဠိကို ဇာတ်ကားစာတမ်းထိုးတဲ့အခါ စောင့်ကြည့်ပြီး အဖြေရှာကြပေါ့။ အဲဒီလို စီစဥ်ထားတယ်။ သူများနဲ့ မတူထူးခြားတယ်ဆိုပြီး သူ့ဘာသာသူလည်း ကျေနပ်နေလေရဲ့။
ဘယ်ကနေ ဘယ်လို ဘာတွေကို ရိုက်ကူးပြသနေတာလည်း ဆိုတာတော့ ဘယ်သူကမှ လုံးစေ့ ပတ်စေ့ နားမလည် ကြ၊ နောက်ဆုံး အခန်းနားရောက်တော့ ကြင်စိုး အသားကုန်အစွမ်းပြပါတော့တယ်။
‘အရှေ့ အနောက် တောင် မြောက်၊ နေရာအနှံ့ကနေ ငါ့ကို ‘ပီဒီအက်ဖ်တွေ ဝိုင်းထားကြပြီ’ ကြင်စိုး လေသံ ဖျော့ဖျော့လေးနဲ့ ဆက်ရွတ်ရင်း မျက်ရည်လည်ပြလိုက်သေးတယ်။ နှာရည်တွေတောင် ရောပြီးထွက်လို့။
‘အပေါ်မှာဒရုန်း၊ အောက်မှာ ဗုံး’ ဘုရား ဘုရား ငါဘယ်လိုလွတ်နိုင်ပါတော့မလဲ’၊ ဆို့နင့်ခြောက်ခြားသော အသံက တဖြည်းဖြည်းတိုးသွားပြီးနောက် ရုတ်တရက် ကောက်ခါငင်ခါနဲ့
‘ဒိုးရတော့မယ် အချစ်ရယ်၊ နှုတ်ဆက်ခဲ့ပါတယ်’ ‘သွားရတော့မယ် အချစ်ရယ်၊ နှုတ်ဆက်ခဲ့ပါတယ်’ လို့ဆိုကာ အိပ်ကပ်ထဲက ဓါတ်ပုံတပုံကို ထုတ်နမ်းပြီး သီချင်းကောက်ဆို ပြလိုက်တယ်။ပရိတ်သတ်ထဲက တီးတိုးအသံတွေ ထွက် လာတယ်။
‘ပူတင့်ဓါတ်ပုံလား မသိဘူး’ ‘ဘယ်ကလာ ‘ရှီ’ရဲ့ ဓါတ်ပုံပါ’ ဆိုပြီး အော်ဟစ်ငြင်းခုန်နေကြလို့ ဘေးကလူတွေက တိတ်တိတ်နေဖို့ ဝင်ဟန့်ကြရပါတယ်။
အမှန်က ကြင်စိုးက အဆိုအငိုအပြော သူဘယ်လိုပိုင်တာပြချင်လို့ မဆီမဆိုင်တာတွေ အားလုံး ရောသမမွှေ လုပ်ပြ နေတာပါ။ တကယ်ကလည်း ကြင်စိုးက သရုပ်ဆောင်ခေသူမဟုတ်။ ‘ကျနော်ကတော့ ပြည်သူ့ဆန္ဒနဲ့ ထွက်ပေါ်လာ တဲ့ ရလဒ်ကို လက်ခံရမှာ။ဒါကတော့ ဘယ်လိုမှ ငြင်းပယ်လို့ မရဘူး၊ လက်ခံရမှာပဲ’ဆိုပြီး မင်သေသေနဲ့ မဲရုံကပြန် အထွက်မှာ သူပဲပြောခဲ့တာလေ၊ ဟုတ်မယောင်ယောင်နဲ့၊ နောက်တော့လည်း အရူးဇာတ်ခင်းသွားတယ်။
အခုလည်း ပီဒီအက်ဖ်တွေ အဝိုင်းခံထားရချိန်မှာ အရူးမီးဝိုင်း ဖြစ်သွားရတဲ့ပုံဆို၊ တကယ်ရူးသွားပြီတောင် ထင်ရ လောက်တယ်၊ အရူးကွက်ကို ပိုင်ချက်က အပြင်မှာလူကောင်းလို့ ကျိန်ပြောရင် တောင် ယုံမယ့်သူ မရှိရလောက် အောင်ကို ပီပြင်တာ။
‘စားစရာက ဆန်တစေ့မှမကျန်၊ သောက်စရာလည်း ရေတစက်မှမရှိ ၊ ရေလေးတစက်ဝင်ရင် တောင် အားအင်ပြန်ပြည့်ပြီး ပီဒီအက်ဖ်တွေလက်က လွတ်အောင် ငါထွက်ပြေးနိုင်မှာ အခုတော့၊ မပေး ပေးပေးပေး ငါ့ရေခွက်ပေး၊ မပေး ပေးပေးပေး ငါ့ရေခွက်ပေး’။
ဇာတ်ညွှန်းပဲ ဆက်မရေးတတ်တော့လို့လား၊ တမင်ဇာတ်နာအောင် လုပ်နေတာလားမသိ။ သောက်စရာ ရေတစက် မှ မကျန်တော့တဲ့အကြောင်းကို ကြင်စိုးက အထပ်ထပ်ဆက်ရွတ်နေတယ်။ အမှန်က ကြင်စိုးကအကြံနဲ့၊ ပါးစပ်ထဲ ရေတစက် ဝင်လိုက်ရုံနဲ့ ပြန်အားပြည့်လာပြီး ပီဒီအက်ဖ်တွေလက်က ဂျိမ်းစ်ဘွန်းမင်းသားလို ရှောင်ပြေးသွားနိုင်မယ့် အခန်းအတွက် ‘ပျိုး’ပြနေတာ။
နောက်ဇာတ်ဝင်ခန်းလည်းရောက်ရော သေနတ်သံဗုံးသံတွေကြားက မည်သို့မည်ပုံ လွတ်သွားသလဲမသိ၊ ကြင်စိုးတယောက် နေပြည်တော်က လိုဏ်ဂူထဲ ပြန်ရောက်သွားတာပြပြီး ဇာတ်ကားကို အဆုံးသတ်လိုက်တယ်။ လက်ဖက်ခြောက်နဲ့ မဲလုံးတို့တသိုက်ဆီက လက်ခုပ်သံ၊ လက်ခေါက်မှုတ်သံတွေ စထွက်လာတော့ ကျန်တဲ့သူတွေကလည်း လက်ခုပ်သံ တဖြောင်းဖြောင်းပေါ့။
တချို့ကတော့ မြန်မြန်ပြီး၊ မြန်မြန်အေးတာပေါ့ ဆိုတာမျိုး။ တချို့ကျ ကြင်စိုး ဘယ်လိုလွတ်သွားသလဲ ဆိုတဲ့ ပဟေဠိပါတဲ့ ဇာတ်ကားစာတမ်းအထိုးကို ကြည့်ချင်လွန်းလို့၊ အသက်ရှူဖို့တောင် မေ့မတတ် ဖြစ်နေကြသတဲ့။ ဟုတ်တယ်လေ၊ ရေတစက်ဝင်ရင် အားပြည့်ပြီး လွတ်အောင်ပြေးနိုင်မယ်ဆိုတာက ထားပါတော့ ယုတ္တိရှိရှိ မရှိရှိ၊ ရုပ်ရှင်ထဲမှာ ဆိုတော့။ ဒါပေမဲ့ မိုးလည်းမရွာ၊ရေသန့်ဗူးလည်း ရှာမတွေ့ပဲ ကြင်စိုးဘယ်လို အားအင်ပြန်ပြည့်ပြီး လွတ်မြောက်သွားတယ် ဆိုတာကို သိချင်ကြတာ ဘယ်လွန်ပါ့မလဲ။
ဟော စာတမ်းတလုံးချင်းထိုးနေပြီ၊မှန်းစမ်း သေချာဖတ်ကြည့်ရမယ်ဆိုပြီး တလုံးချင်း လိုက်ရွတ်ကြတော့မှ၊
ဒါရိုက်တာကိုကြင်၏ “သောက်မိသော ကျင်ငယ်ရေ” ဆိုပဲ။
အော် လက်စသတ်တော့ ကြင်စိုးတယောက် ကိုယ့်ကျင်ငယ်ရေကို သောက်ပြီး အားပြန်ပြည့်လို့ ပီဒီအက်ဖ်တွေ လက်က လွတ်သွားလေသတည်းပေါ့။
ဒီတော့မှ ပဟေဠိ အဖြေသိသွားရှာသူများလည်း မျက်ရည်ပေါက်ပေါက် ကျကုန်ပါတော့တယ်။ အော် ‘ငါတို့ဘဝမှာလည်း ဒီလို ကိုယ့်ကျင်ငယ်ရေ ကိုယ်ပြန်သောက်ပြတဲ့ ဇာတ်ကားကို ပိုက်ဆံကုန်ခံ အားပေးရ၊အဲဒီလို ‘မအလ’ ကောင်အတွက် အသက်လည်းပေးရ၊ ကိုယ့်မိသားစုကလည်း လိုက်ပြီးကျွန်ခံရနဲ့ ၊ဆိုးဝါးလိုက်တဲ့ ငါတို့အဖြစ်ပါလား’ ဆိုတဲ့ အတွေးနဲ့ ငိုမိကြတာပေါ့။
ဒါကို မသိတဲ့ ကြင်စိုးက ဝေးဝေးကလှမ်းကြည့်ရင်း ‘ငါ့ဇာတ်ကားကိုလည်း ‘မိုးခါးရေ’လိုပဲ ကြည့်တဲ့သူတိုင်းက ရင် နင့်အောင် ထိခိုက်ခံစား နေကြတာပါလား၊ ငါလိုစွယ်စုံရ အာဏာသိမ်းခေါင် းဆောင် (အဲ) အာဏာထိန်း ခေါင်းဆောင် ကမ္ဘာမှာ ဘယ်ရှိနိုင်ပါ့မလဲ’ဆိုပြီး ကျေနပ်နေပါသတဲ့။ ဆက်ပြီးတော့ စဥ်းစားနေတာက ကျင်ငယ်ရေသောက်ပြီး အကယ်ဒမီရတဲ့ ပထမဦးဆုံး သရုပ် ဆောင်လည်း ငါ ဖြစ်နိုင်သေးတာပဲတဲ့။ အော်.......ဒီ‘တမွန်းတည့်ချိန်’ ကလည်း ကြာနိုင်လိုက်ပါဘိလို့ ပြောကြရုံမှတပါး။
ဆားပုလင်းသာပိန်
-
t.me@moemaka#MoeMaKaMedia
#WhatsHappeningInMyanmar