Breaking News

လင်းလက်နွေဦး - မြေပြင်အခြေအနေ

မြေပြင်အခြေအနေ
လင်းလက်နွေဦး
(မိုးမခ) အောက်တိုဘာ ၃၀၊ ၂၀၂၂
 

သူငယ်ချင်းတယောက်က သင်ပေးထားတော့ Time Management ဆိုတာကို အလေ့အကျင့် လုပ်ထားပါတယ်။ လွယ်လွယ်ပြောရရင် အချိန်ကို အကျိုးရှိအောင် သုံးစွဲတဲ့နည်းလမ်းပေါ့။ သူက ကုမ္ပဏီတခုရဲ့ အရောင်းတာဝန်ခံဆိုတော့၊ Field တခု Trip တခု ဆင်းတော့မယ်ဆိုရင် ခရီးစဉ်အကြမ်းဖျင်း ရေးဆွဲရသူပေါ့။ အသေးစိတ်အတိအကျမဟုတ်ဘဲ၊ ဘာလို့အကြမ်းဖျင်းဆွဲတာလဲ မေးတော့၊ လမ်းခရီးမှာ မမျှော်မှန်းနိုင်တဲ့အချက်အလက်တွေ တွေ့ကြုံနိုင်သေးသတဲ့လေ။ ဆိုပါတော့၊ ဆိုင်ကယ်ဘီးပေါက်မယ်၊ အဖွဲ့ဝင်တယောက်က နေမကောင်းဖြစ်လာမယ်။ ဒါမှမဟုတ်၊ အရိပ်ကောင်းကောင်း ဘီယာဆိုင်ဝင်ထိုင်ချင် လာတာမျိုးပေါ့လေ။ သူနဲ့ ခရီးတကြောင်း ထွက်ဖူးတယ်။ ဟိုနား ဒီနားမဟုတ်တဲ့ ခရီးပေါ့။

ထုံးစံအတိုင်း သူကပဲ ဦးစီးဦးဆောင် ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် လူရည်လည်သူဆိုတော့ ကျနော်ကပဲ ဦးဆောင်နေသလိုလိုပေါ့။ ကြည့်လိုက်တော့ တလျှောက်လုံး သူ့အသိ သူ့မိတ်ဆွေတွေချည်းပဲ။ ဘယ်ရောက်ရင် ဘယ်ဆိုင်မှာ နားမယ်။ ဆိုင်ပိုင်ရှင်က သူ့သူငယ်ချင်း။ ဘယ်မြို့ရောက်ရင် ဘယ်မှာတည်းမယ်၊ သူ တည်းနေကျတည်းခိုခန်း။ ဆိုတော့ အစစအရာရာ အဆင် ပြေတယ်ပေါ့၊ လုံခြုံတယ်ပေါ့။ အဲတုန်းက ကျနော်တို့တတွေ လူပျိုလူလွတ်တွေချည်းပဲ။ နောက်ဆံတင်းစရာမရှိဘူး။ ဒါပေမယ့် သူကတော့ မရဘူး၊ သူမှန်းထားတဲ့အချိန် မှန်းထားတဲ့နေရာရောက်အောင် မောင်းတာပဲ။ ဒီ speed နဲ့ ဒီလမ်းနဲ့ ဒီကို ဒီအချိန် ရောက်ကိုရောက်သင့်တာပေါ့၊ ဆိုတဲ့လူ။ လမ်းမှာ ဝင်တွေ့တဲ့သူတွေကလည်း ထောမနာပြုကြတယ်၊ ဒီကောင်က ‘ဇယားသမား’  တဲ့။ အမြဲ ပေသီးခေါက်နေတဲ့သူပေါ့။

သူနဲ့ လေးငါးနှစ်လောက်အတူနေဖူးခဲ့တော့၊ အကျင့်တွေက ပါနေတာ။ အချိန်အားလေးရတာနဲ့၊ ဘာလုပ်သင့်လဲ၊ ခြံရှင်းရမလား ပေါင်းနှုတ်ရမလား၊ နေပူနေသေးတယ် စာဖတ်မယ်။ ဒီစာအုပ်က အတော်ကြာနေပြီ၊ ဒီနေ့အပြီးဖတ်မယ်။ စာရေးမယ်၊ ဘယ်ဂျာနယ်တိုက် ပို့ရအုံးမယ်။ အပြီးရေးရမယ့် ရက်၊ ပို့ရမယ့် ရက်၊ ပို့ရမယ့်စာပေတိုက်တွေ စာရင်းရေးထားလိုက်တယ်။ အရင်ကပေါ့။ စာမရေးရတဲ့ရက်မရှိဘူး။ အခုတော့ စာမူပို့ရမယ့်တိုက်မရှိဘူး။ အခြေအနေတွေကပြောင်းပြန်ဖြစ်ကုန်ပြီ။ သူ တိုက်ဆိုင်တိုင်း ပြောတတ်တဲ့ ‘အလုပ်ထွက်စမ်းပါကွာ’ အလှည့်တောင် မရောက်လိုက်ဘူးပေါ့။ လုပ်သက် (၁၃)နှစ်ထဲ၊ (၁၅)နှစ် ပြည့်ရင် ဆေးပင်စင်တင်မယ်ဆိုတော့၊ (၁၅)နှစ်ပြည့်အောင်စောင့်မနေနဲ့ကွာတဲ့လေ။ မင်းတို့ အစိုးရဝန်ထမ်းဆိုတာ ‘ခိုးတတ်ရတယ်’၊ ‘ဖားတတ်ရတယ်’၊ ‘အော်တတ် ဟောက်တတ်ရတယ်’။ ‘မင်းနဲ့ မဖြစ်ဘူး’ဆိုတဲ့ လူပေါ့။

သူပြောတတ်တဲ့ မမြင်ရတဲ့အတားအဆီးတွေကြောင့်၊ မျှော်မှန်းမထားတဲ့အခြေအနေတွေကြောင့်ပေါ့လေ။ ကျနော်က ‘ခပ်ထုံထုံ ခပ်အအ’မို့ ထင်ပါရဲ့။ မနေ့က နားထောင်လိုက်ရတယ်၊ ဆရာ ‘နွေဦးလွင်’ရဲ့ ‘ဆရာမင်းလူရဲ့ ခန့်မှန်းချက်’ဆိုတာလေ။ (၂၀၀၈)တုန်းက ခန့်မှန်းခဲ့တာပါ။ အဲတုန်းက ‘ဂျွန်ယက်တော’ ဆိုတဲ့ အမေရိကန်နိုင်ငံသားတယောက်၊ အင်ယားကန်ကို ရေကူးပြီး၊ ‘ဒေါ်အောင်ဆန်းစုကြည်’ အိမ်ကို ခိုးဝင်တယ် နော်။ လက်ခံမိတဲ့သူရော၊ ရေကူးချန်ပီယံကြီးကိုရော တရားစွဲခံရလို့ ဟိုးလေးတကြော်ကြော်ပေါ့လေ။ (၂၀၀၈) ခြေဥကတည်း အတည်ပြုပြီးကာစ၊ အမှားခြစ်တွေကြားက ဖူးပွင့်လာတဲ့ ဥကြီးပေါ့ဗျာ။ ‘ငါ့ခြံထဲမှာ ဥ’ တဲ့ ဥ’၊ ငါ့ ကြက်မရဲ့ဥ.....’။ ဒီဥကတော့ ကြက်ဖမရှိဘဲ၊ လေဥ ဥတဲ့ ‘ဥ’ ထင်ပါရဲ့။

ဆရာမင်းလူက ‘ဒါက တမင်သက်သက်လုပ်တဲ့ ဇာတ်လမ်းကြီးပါကွာ၊ ဘာဖြစ်လို့လဲဆိုတော့၊ သူတို့က မကြာခင်မှာ ရွေးကောက်ပွဲ ဟန်ပြကျင်းပလိမ့်မယ်။ ရွေးကောက်ပွဲဟန်ပြကျင်းပတဲ့အခါမှာ ဘာလုပ်မလဲဆိုတော့၊ ဒေါ်အောင်ဆန်းစုကြည်ကိုအပြင်မှာထားလို့မရဘူး၊ အခု (၂၀၀၈- ၂၀၀၉)ကာလဟာ နေအိမ်အကျယ်ချုပ်ကနေ လွှတ်ပေးရဖို့ နီးလာပြီ။ နီးလာတဲ့အတွက် ဒီအမှုက တမင်ဖန်တီးပြီး အမှုဆင်လိုက်တာ၊ မယုံရင်ကြည့်နေ သူလုပ်မယ့်အလုပ်ကို ငါ ကြိုပြောပြမယ်။ ဘာလုပ်မလဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ကို (၂၀၁၀)ရွေးကောက်ပွဲအပြီးအထိ နေအိမ်အကျယ်ချုပ် ချလို့ရတဲ့ ပြစ်ဒဏ်တခု ပေးလိမ့်မယ်။ ထောင်ဒဏ် တစ်နှစ်ခွဲ ချလိုက်သည်ဆိုပြီးတော့ ချလိမ့်မယ်၊ ချတဲ့အခါမှာလည်း သက်ညှာသောအားဖြင့် ထိုထောင် ဒဏ်ကို နေအိမ်၌သာ အကျယ်ချုပ်ကျခံစေလို့ ရေးလိမ့်မယ်။ အဲဒီမှာ (၂၀၁၀)ရွေးကောက်ပွဲကြီးကို လွတ်လွတ်ကင်းကင်း အားပါးတရ ကျင်းပလိမ့်မယ်။ အေး...ကျင်းပပြီးတဲ့အခါမှာတော့၊ သူ (၂၀၁၀)ကျော်လောက်၊ သူ ချည်ပြီးတုတ်ပြီးတဲ့အခါလောက်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်လိမ့်မယ်။ လွှတ်ပြီးတော့၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဓာတ်ပုံရိုက်၊ ပြန်လည်ရင် ကြားစေ့ရေး ဘာညာနဲ့၊ အတုအယောင် ဒီမိုကရေစီလမ်းကြောင်းကြီးကို ပျော်ပျော်ကြီး လျှောက်လှမ်းလိမ့်မယ်ဗျား’ ။ ဆရာက အဲလိုမှတ်ချက်ပြုပါသတဲ့။

ဆရာမင်းလူတို့ကတော့ စာပေသမားစစ်စစ်တွေဆိုတော့ နိုင်ငံရေးအမြင် စူးရှတယ်ပေါ့။ ကျနော်မှာတော့ ‘ဇော်မဲလုံး’က ‘အာဏာသိမ်းချင်လည်း သိမ်းမှာပေါ့’ ဆိုတာတောင် မရိပ်စားမိသေးဘူး။ သူနာပြုဆရာမလေးတယောက်က ‘စိုးရိမ်လွန်းလို့ ညအိပ်မပျော်ဘူး’ ဆိုတာကိုတောင် သွားနှစ်သိမ့်နေလိုက်သေးတယ်။ ဝါဝါမြင်တိုင်း ရွှေအစစ်လို့ ထင်ခဲ့တာကိုး။ ဒါကြောင်မို့ ချထားတဲ့ ဘဝပလန်ကြီး ခွေးစားသွားသည်ပေါ့ လေ။

အရင်က ဘာလုပ်သင့်လဲလို့ သူငယ်ချင်းနဲ့ တိုင်ပင်တယ်။ နောက်တော့၊ အလေ့အကျင့်ရအောင် ကိုယ့်ကိုယ်ကို ပြန်မေးတယ်။ အဆင်ပြေနေတာပေါ့၊ ဘယ်သွားမယ် ဘာလုပ်မယ်၊ လက် အောက်ဝန်ထမ်းတွေအပေါ် စည်းကမ်းကာလနားတွေနဲ့။ မိမိကိုယ်ကို ယုံကြည်မှုရှိရှိပေါ့လေ။ အထက်လူကြီးအပေါ်မှာလည်း ပြန်လည်တင်ပြရဲတဲ့သူ။ မဖြစ်နိုင်ဘူး၊ ဖြစ်နိုင်တယ် ဆိုတာမျိုးပေါ့။ လမ်းကလည်း ဖွင့်ပေးထားတဲ့ အချိန်တွေ ကိုး။

ခုတော့၊ စိတ်ဓာတ်တွေ အခါခါ ပြန်တင်နေရပေါ့။ နည်းနည်းလျှောက်မိတိုင်း နောက်ပြန်လှည့်ကြည့်နေမိတယ်။ စကားပြောရင် သတိနဲ့ထိန်းပြောနေရတယ်။ အစီအစဉ်တကျ အလေ့အထတွေလား၊ ဘာလုပ်လို့ ဘာကိုင်ရမလဲမသိတော့ဘူး။ ကိုယ့်ကိုယ်ကို နားချပြီးတော့၊ စာဖတ်ခိုင်းရ စာရေးခိုင်းရ ခြံရှင်းခိုင်းရ ဈေးရောင်းခိုင်းရပေါ့။ စားဖို့တော့ ငွေရှာရမယ်လေ။ မဟုတ်ရင် မန်မန် တူတူပုန်းသွားမယ်လေ။ မြစ်ထဲခုန်ချလိုက်ရင် ခဏပန်းပဲအေးချမ်းမှာ မဟုတ်လား။ ခဏနေ နစ်မွန်းသွားမယ်၊ နောက် ထာဝရနစ်မွန်းသွား မယ်။ ညနေဘက် တရားလေး ဘာလေး မှတ်ရတယ်။ အရင်ကတော့ မုန့်ဟင်းခါး ဘယ်နှယ့်ပွဲဆိုတာနဲ့ မိုတီယူရတာပေါ့။ သူငယ်ချင်းတွေနဲ့ နောက်လား ပြောင်လားလုပ်ရတာပေါ့။ ခုတော့၊ အနာဂတ်ဗမာပြည်ကြီးကို မျှော်ပြီး မိုတီယူနိုင်နေပါပြီ။ ဖောင်း ဒိုင်း အုန်း ခွမ်းတွေက ရိုးသွားပြီလေ။

လင်းလက်နွေဦး
၂၉.၁၀.၂၀၂၂ ညနေ ၂နာရီ ၁၀မိနစ်။
-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar