ဟိန်းထက်ဇော် - ဆိုးခိုးလုယက်ခြင်းစစ်ပညာနဲ့ နှင်းဆီဖြူရဲ့အဝေးဆုံးလူတွေ
ဆိုးခိုးလုယက်ခြင်းစစ်ပညာနဲ့ ;နှင်းဆီဖြူ 'ရဲ့အဝေးဆုံးလူတွေ
ဟိန်းထက်ဇော်
(မိုးမခ)နိုဝင်ဘာ ၁၆၊ ၂၀၂၂
မနက်ခင်းအိပ်ရာကနိုးလို့ မျက်စေ့နှလုံးဖွင့်လိုက်တာနဲ့ ဆိုးခိုးလုယက်သတင်းတွေကစတင်နေရာယူလာတယ်။ တနေ့တာလုံးအဲ့ဒီသတင်းတွေကပဲဖိစီးနေတော့တာပဲ။ အချို့ကတော့ ‘တောမီးလောင်လို့ တောကြောင် လက်ခမောင်းခတ်တာ’တဲ့။ ဘယ်ကလာဟုတ်ရမလဲ။ တကယ်တော့ ‘တောကြောင်တွေလက်ခမောင်းခတ်ဖို့ စစ်တပ်ကတောမီးရှို့ပေးလိုက်တာ။’
အဲ့သလိုဖြစ်ဖို့အတွက် စစ်တပ်ကအာဏာလုယူချိန်ကစပြီးဆိုးခိုးလုယက် မုဒိမ်းကောင်တွေကိုအကြိမ်ကြိမ် လွတ်ငြိမ်းခွင့်တွေပေးပြီးတောကြောင်တွေကိုလက်ခမောင်းခတ်ဖို့ တောမီးရှို့ပေးခဲ့တာ။ အဲ့ဒါကို ‘ဆိုးခိုးလုယက် ခြင်းစစ်ပညာ’လို့ခေါ်တာပေါ့။ အဲ့လိုဓားပြဉာဉ်ခိုးဆိုးလုယက်ဉာဉ်ရဖို့ စစ်တက္ကသိုလ်မှာ ၄ နှစ်၄ မိုးသင်ကြားခဲ့ရတာကလား။
ဆိုးခိုးလုယက်ခြင်းစစ်ပညာဆိုတာ ဂရိခေတ်ကတည်းကရှိခဲ့တာ။ မက်ခီယာဘယ်လီတို့ခေတ်ကတည်းက ရှိခဲ့တာ။ အခုမှပေါ်လာတဲ့ အသစ် အဆန်းမဟုတ်။ အာရစ္စတိုတယ်လည်းဆိုးခိုးလုယက်ခြင်းစစ်ပညာကိုတန် ပြန်တော်လှန်ရေးအတွက်သုံးကြပုံကို ရေးသားဖော်ပြခဲ့ဖူးတယ်။
“အုပ်ချုပ်သူမင်းကို တိုင်းသူပြည်သားတွေကမကြေနပ်လို့အုံကြွတော်လှန်ပြီဆိုတာနဲ့နယ်စပ်ဒေသတွေမှာ ပြင်ပစစ်တပ်တွေရောက်နေတယ်ဆိုတဲ့ကောလဟလတွေဖြန့်ချိပြီး ပြည်သူလူထုကိုထိတ်လန့်နေအောင်လုပ်ရတယ်။ ရေတွင်းရေကန်တွေထဲမှာ အဆိပ်ခပ်ထားတာ။ အစွန်အဖျားဒေသတွေမှာခိုးဆိုးလုယက်မှုတွေကျူးလွန်ကြပုံတွေကို ကောလဟလပုံကြီးချဲ့ဝါဒ ဖြန့်ပေးကြရမယ်။ တော်လှန်ပုန်ကန်သူတွေထိပ်လန့်တုန်လှုပ်သွားအောင် တန်ပြန်တော်လှန်ရေးကိုအဲ့သလိုလုပ်ကြရမယ်’ ရယ်လို့ ဖော်ပြခဲ့တယ်။ အဲ့ဒါတန်ပြန်တော်လှန်ရေးဆင်နွှဲခြင်းပါပဲ။ ဆိုးခိုးလုယက်ခြင်းစစ်ပညာပဲ။ ၁၉၈၈ ခုနှစ် အရေးတော်ပုံမှာ ဗိုလ်ခင်ညွန့်တို့ ဒီအတိုင်းလုပ်ခဲ့တာ။
မက်ခီယာဗယ်လီလည်း ဆိုးခိုးလုယက်ခြင်းစစ်ပညာကို စနစ်တကျပညာပေးဖော်ပြခဲ့တာပါပဲ။ ‘လွတ်လပ်ခြင်းကိုခံစားထားတဲ့မြို့တွေ၊ ရွာတွေကိုသိမ်းပိုက်ရယူထားသူဟာ မြို့ရွာတွေကိုဖျက်ဆီးပစ်ကြရမယ်။ မြို့ရွာတွေပျက်စီးရာပျက်စီးကြောင်း လုပ်ကြရမယ်။ သိမ်းပိုက်ခံနယ်မြေတွေကပုန် ကန်ထကြွလာခဲ့ရင် လွတ်လပ်ခြင်းဟာ ကြွေးကြော်သံတွေဖြစ်လာတတ်တယ်။ ရောမသားတွေကဂရိကိုထိန်းချုပ်ချင်တဲ့အတွက် ဂရိနိုင်ငံရဲ့မြို့ရွာတွေကိုဖျက်စီးပစ်ကြရတယ်။ မီးတင်ရှို့ကြရတယ်။ ဒီနည်းကလွဲပြီးတခြားနည်းမရှိ” လို့ ဆိုပါတယ်။
ပိုဆိုးတာက အရင်ကအရှင်သခင်များရဲ့ကျန်ရစ်တဲ့မိသားစုကို ‘ကျူပင်ခုတ်ကျူငုတ်မကျန်’ အပြတ်ရှင်းပြစ်ကြရမယ်လို့ သွန်သင်ခဲ့တယ်။ အဲ့ဒါတွေဟာ အာဏာရှင်တိုင်းကျင့်သုံးလေ့ရှိတဲ့ ‘ဆိုးခိုးလုယက်ခြင်း စစ်ပညာရပ်’ တွေပါပဲ။ ဒီပညာရပ်တွေနဲ့ပဲ ဗမာနိုင်ငံရေးမှာ စစ်တပ်ကဗိုလ်ကျလာခဲ့တာ။ ဗိုလ်နေဝင်းလက်ကိုင်တုတ် ဗိုလ်မောင်မောင်တို့ ဗိုလ်အောင်ကြီးတို့ကစပြီး ဆိုးခိုးလုယက်စစ်ပညာနဲ့ လူထုကိုချုပ်ကိုင်ခဲ့တာ။ ဗမာပြည်မှာတော့ စစ်သားဆိုတဲ့သတ္တဝါအားလုံးက တယောက်မှ လူကောင်းမရှိဘူး။ ပန်းဖျက်ပိုးလိုကောင်တွေများတာပဲ။
ဗမာပြည် စစ်တပ်ကစတင်အာဏာလုယူခဲ့တဲ့ ၁၉၆၂ ခုနှစ်ကစပြီး ပေါ် ပေါက်လာခဲ့တဲ့ လူထုအုံကြွတော်လှန်မှုအရေးတော်ပုံအားလုံးမှ ာဒီနည်းတွေနဲ့ပဲ နှိမ်နင်းခဲ့တာကိုတွေ့ရတယ်။ နီးကပ်တဲ့ဖြစ်ရပ်တွေကိုသာဓကဆောင်ရရင် ၁၉၈၈ အရေးတော်ပုံကာလမှာ စစ်တပ်ဟာအကျဉ်း ထောင်တွေထဲက ဆိုးခိုးလုယက်တွေကို လွှတ်ပေးလိုက်တယ်။ သိုလှောင်ရုံတွေဂိုထောင်တွေကိုစစ်တပ်က ဦးဆောင်ပြီးဖောက်ထွင်းခိုးယူတယ်။ အကြွင်းအကျန်တွေဝင် ယူတဲ့သူတွေကို ပစ်သတ်ပြတယ်။ လူထုကပဲဖောက်ထွင်းခဲ့သလိုလို သရုပ်ဆောင်ပြတယ်။
ဆန္ဒပြသူတွေထိတ်လန့်သွားအောင် ‘သောက်ရေအိုးတွေထဲမသမာသူတွေကအဆိပ်ခတ်ခတ်ထားတယ်’ ဆိုတဲ့ ကောလဟလကို လွှင့်တယ်။ အချင်းချင်းအထင်မှားအောင်လုပ်ယူပြီး ခေါင်းဖြတ်သတ်တဲ့အရုပ်ဆိုးအကျည်း တန်မှုတွေဖြစ်အောင် ဖန်တီးယူခဲ့တယ်။ ၈၈ ကိုဖြတ်သန်းဖူးသူတိုင်းသိနေတယ်။ နောက်တော့ သူတို့နိုင်ငံရေးအရအသာစီးလည်းရလာရော “လှိုင်းကြီးလေထန်ဖြစ်ရပ်မှန်” ဆိုပြီး အကြီးအကျယ်ဝါဒဖြန့်တော့တာပဲ။ အဲ့ဒါကိုပဲ ခပ်တုံးတုံးတချို့က အဟုတ်ထင်ခဲ့ကြသေးတယ်။ ဒီအကြောင်းပြောတော့ သတိရမိတာလေးရေးချင်လာတယ်။
၈၈ ဆန္ဒပြနေအချိန်မှာပဲ ‘ရေတွင်းရေကန်တွေ သောက်ရေအိုးတွေထဲအဆိပ်ခပ်ထားတယ်’ ဆိုတာ မဟုတ်မမှန် ကြောင်းစစ်တပ်ရဲ့ တန်ပြန် တော်လှန်ရေးလုပ်ဆောင်မှုသာဖြစ်ကြောင်းတို့ကို အရစ္စတိုတယ်ရဲ့ ကျမ်းထဲကနေကောက်နုတ်ပြီး အဲ့ဒီအချိန်ကထုတ်ဝေခဲ့တဲ့ “နှင်းဆီဖြူ” စာ စောင်မှာ ရေးသားဖော်ပြခဲ့ဖူးတယ်။ အဲ့ဒီ အာရစ္စတိုတယ်ရဲ့စာကိုကိုးကားဖို့ ကောက်နုတ်ပေးခဲ့တာက သွားလေသူ ကျနော်တို့ရဲ့ဆရာဖြစ်တဲ့ ‘နန္ဒာသိန်းဇံ’ ကထုတ်ပေးခဲ့တာ။ အင်္ဂလိပ်လိုအပြည့်အစုံကောက်နုတ်ပေးလိုက်တာ။ ဆရာဟာလိုအပ်ရင်လိုအပ်သလို တာ ဝန်ကျေအောင်လုပ်ပေးလေ့ရှိခဲ့ပါတယ်။
အဲ့ဒီတုန်းက “နှင်းဆီဖြူ” စာစောင်ရဲ့အနီးဆုံးလူတွေထဲမှာအခု RFA ရောက်နေတဲ့ အင်္ဂလိပ်စာမေဂျာက ကိုသိန်းအောင်ခေါ် ကိုရဲအောင်ကအနီးဆုံးထုတ်ဝေသူ။ သူကဒုတိကမ္ဘာစစ်ကာလဖက်ဆစ်ကြီးစိုးစဉ်က ဂျာမဏီမှာဖက်ဆစ်ဆန့်ကျင်ရေးစာစောင်ဖြစ်တဲ့ White Rose ကိုယူပြီး “နှင်းဆီဖြူ” စစ်အာဏာရှင်ဆန့်ကျင်ရေးစာ စောင်အဖြစ် ထုတ်ဝေခဲ့တာ။ စာစောင်တခုလုံး သူပဲသူ့လက်ရေးနဲ့ရေးပြီး စာကူးစက်နဲ့လှည့်ထုတ်ခဲ့တာ။
မှတ်မိနေသေးတယ်။ ဆရာနန္ဒာသိန်းဇံက “ဟေ့ ကျောင်းသားတွေဆုံး ဖြတ်ချက်မှားနေလိမ့်မယ်။ သောက်ရေအိုးတွေရေတွင်းရေကန်တွေထဲအဆိပ်ခတ်တယ်ဆိုတာမဟုတ်ဘူး။ အဲ့ဒါအုပ်ချုပ်သူတွေရဲ့ တန်ပြန် တော်လှန် ရေးလုပ်ရပ်ဆိုတာသိအောင် ဖြန့်ဝေပေးကြပါ” လို့ စိုးရိမ်တကြီးတောင်းဆိုရင်း အဲ့ဒီကောက်နုတ်ချက်လေးပေးခဲ့တာ။ အဲ့ဒီကောက်နုတ် ချက်လေးကို “ဆိုးခိုးလုယက်စစ်ပညာ’ လို့ အဲ့ဒီကာလမှာကတည်းကဝိဂြိုဟ်ပြုခဲ့ဖူးတယ်။ နှင်းဆီဖြူစာစောင်ရဲ့ဝိုင်းတော်သားတွေအနေနဲ့ကတော့ မြန်မာစာဌာနကကျူတာပေါက်စလေးတွေဖြစ်တဲ့ ဆရာကိုနေဝင်းအောင်၊ ကိုမြင့်အောင်, ကိုခိုင်စန်းတို့လည်း နိုင်ရာအခန်းကဏ္ဍတွေကနေဝိုင်းဝန်ခဲ့ကြတယ်။ အထူးသဖြင့် မြန်မာစာမိသားစုတွေပေါ့။ စက္ကူထုပ်၊ ငွေကြေးတတ်နိုင်သလိုကူပံ့ပြီး ထုတ်ခဲ့ရတာ။
ထားပါလေ။ ဒါကကြုံတုန်းလေး မှတ်တမ်းတင်သင့်တင်ထိုက်သူတွေကိုမှတ်တမ်းပြုလိုက်တဲ့သဘောပါ။ အချို့အမည်တွေတော့လည်း အန္တရာယ်တွင်းထဲမှာကျနေကြတာကြောင့် ချန်ထားခဲ့ရတာတွေလည်း ရှိပါတယ်။နှင်းဆီဖြူကိုနောက်ဆုံးထုတ်မှာတော့ ဆရာတင်မိုးရဲ့ “ကွန်မြူနစ်ဆန့် ကျင်ရေးလူကြီးသို့” ကဗျာနဲ့ နိုင်ငံခြားကနေပြန်ရောက်စကဗျာဆရာလည်း ဖြစ်၊ အင်္ဂလိပ်စာဌာဟာ ဆက်လက်ရှင်သန်လိမ့်” ဆိုတဲ့ ဘာသာပြန်ကဗျာတွေပါခဲ့တာကို မှတ်မိနေတယ်။ စာအုပ်လည်းဖြန့်အပြီး ကိုသိန်းအောင်လည်း အဖမ်းခံရ။ ကိုနေဝင်းအောင်လည်း လွတ်မြောက်နယ်မြေရောက်။ ခိုင်စန်းတို့မြင့်အောင်တို့လည်း အဖမ်းခံထားရ။ ကိုယ်တိုင်လည်းထောင်နန်းစံရပေါ့။ ဒီလိုနဲ့ နှင်းဆီဖြူလည်းရပ်ဆိုင်းသွားတယ်။
အခုလည်း စစ်တပ်က ၈၈ တုန်းကလိုပဲ ‘ခိုးဆိုးလုယက်ခြင်းစစ်ပညာ’ ကိုကျင့်သုံးနေတာ အာနကျောင်းဆရာလည်းဖြစ်တဲ့သူက ကဲလ်ဆန်းဘတ်ရဲ့ “ပြည်သူးလုံးအသိ။ အတိတ်ကကြုံခဲ့ကြသလိုပဲ အခုလည်းကြုံနေရပြန်ပြီ။ တချိန်ကနှင်းဆီဖြူရဲ့ အနီးဆုံးလူတွေက အခုတော့ နှင်းဆီဖြူရဲ့ အဝေးဆုံးမှာရောက်နေကြပေါ့။ ကိုယ်တယောက်ထဲယောင်နနနဲ့ နှင်းဆီဖြူအဖွဲ့တွေေကိုပဲသတိရနေမိတယ်။
စစ်တပ်ကလည်းရွာတွေမီးရှို့၊ လုယက်၊ ဓားပြတိုက်၊ ဆန့်ကျင်သူရဲ့ မိသား စုမှန်သမျှလည်း ဖမ်းဆီးသတ်ဖြတ်။ အိမ်တွေချိတ်ပိတ်၊ မြို့ကြီးတွေမှာလုယက်လူသတ်ခွင့်ကို ခိုးဆိုးလုယက်သူတွေကိုခွင့်ပြုထားလေရဲ့။ စစ်ဓားပြနဲ့ ခိုးဆိုးလုယက်သူတို့ တဂိုဏ်းထဲပြားပြီး သူတော်ချင်းချင်းသဘော တွေ့နေကြလေရဲ့။ လူထုဆန့်ကျင်မှုကလည်း ကာလရှည်ကြာသည်အထိဆန့်ကျင်နေကြဆဲ။ အဲ့သလိုခိုးဆိုးလုယက်သူတွေများလာရင် စစ်တပ်ကိုလူထုကအားကိုးလာလိမ့်မယ်’ ဆိုတဲ့ ယူဆချက်လည်း အချိန်ရှည်ကြာတာနဲ့အမျှ ပျက်ပြယ်သွားခဲ့ပြီး။ စစ်တပ်အတွက်ကတော့ ‘မှန်းချက်နဲ့နှမ်းထွက်’ မကိုက်ညီတော့။ လူထုအမုန်းသာ အဖတ်တင်နေတော့တယ်။
ရာဇတောဝါ၊ စောရတောဝါ၊ မနုဿတောဝါ၊ အမနုဿတောဝါ၊ အဂ္ဂိတောဝါတို့ တခုတည်းတထပ်တည်းကျတဲ့ခေတ်မှာ စစ်မိစ္ဆာတို့ တခေတ်ဆန်းချိန်ပေါ့။ သူတော်မဟုတ် သူယုတ်တို့ လက်ခမောင်းခတ်ချိန်ပေါ့။
ဒါကလက်တွေ့ပြည်တွင်းမှာဖြစ်နေတဲ့အခြေနေ။ အမှန်တကယ်လည်းပြည်သူလူထုဟာ အထိတ်တလန့်ဖြစ်နေတဲ့အခြေနေ။ တပြိုင်တည်းဒါတွေဟာ စစ်အာဏာရှင်လှည့်ကွက်တွေနဲ့ယုတ်မာမှုတွေပဲဆိုတာကို လူထုကသိ မြင်ထားတယ်။ ကြုံတွေ့ခဲ့ဖူးတဲ့ စစ်တွင်းအတွေ့ကြုံကနည်းမှမနည်း တာပဲ။
ဒါတွေကိုမျက်ကွယ်ပြုပြီး စစ်တပ်ကပဲ အမှန်တရားတခုလိုလိုဖော်ပြနေတာကလည်း နိုင်ငံပြင်ပရောက် ‘စီအက်စ်အို’ စစ်လော်ဘီတချို့ပဲ ရှိတယ်။ အဲ့ဒီလူတွေကလည်း ၁၉၈၈ ကနေပေါက်ဖွားလာတဲ့မျိုးဆက်တချို့ဖြစ်နေပြန်တယ်။ စစ်တပ်အပေါ် အမုန်းမပွားကြဖို့၊ အမုန်းစကားမပြောကြဖို့ ပြောတာလည်း သူတို့ပဲ။ ၂၀၂၁ စစ်အာဏာသိမ်းပြီးမှ တိုင်းပြည်မှာရင်းနှီးမြှုပ်နှံမှုတွေ ပိုများလာသလိုလို DICA ကိုကားကားပြီး လူထုကိုထင် ယောင်ထင်မှားဖြစ်အောင် လုပ်တာတွေလည်း တွေ့နေရတယ်။
နောက်ကွယ်ကငွေကြေးထောက်ပံ့ပေးပြီး ပီအိပ်ချဒီ’တို့ ‘အမ် ဘီအေ’တို့ တက်လို့ရအောင် လုပ်ပေးခဲ့တဲ့ကျေး ဇူးရှင်အလိုကျလုပ်တာကိုနားလည်ပေးလို့ရပေမယ့် အဲ့ဒီအတွက်တော့ တိုင်းပြည်ကိုရောင်းစားနေတာကိုတော့ ခွင့်လွှတ်လို့မရ။ မပြောချင်သေးလို့ ကြည့်နေတာကြာပြီ။
ဘယ်လိုပဲဖြစ်ပါစေ ပြည်သူလူထုအနေနဲ့ကတော့ ‘ခိုးဆိုးလုယက်စစ် ပညာ’ ကိုအသုံးချနေတဲ့ စစ်မိစ္ဆာတို့ရဲ့ယုတ်မာရိုင်းစိုင်းမှုတွေကိုတော့ ဆက်လက်ဖော်ပြနေရအုံးမှာပဲ။ စစ်အာဏာရှင်ဗမာ့မြေပေါ်က ပျောက်ကွယ်သွားသည်အအထိ ဆက်လက်တိုက်ပွဲဝင်နေကြရအုံးမှာပဲဖြစ်တယ်။
စစ်မိစ္ဆာအုပ်စုသာမကစစ်အုပ်စုနဲ့ အလိုတူအလိုပါ အုပ်စုတွေကိုပါ ပြည်သူ့ရန်သူများအဖြစ် သတ်မှတ်ကြရမှာဖြစ်သလို အာဏာရှင်လက်ကိုင်တုတ် သမိုင်းတရားခံများအဖြစ် မှတ်တမ်းတင်ကြရမှာဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။
ဟိန်းထက်ဇော်
-
#MoeMaKaMedia
#WhatsHappeningInMyanmar