Breaking News

ကိုသန်းလွင် - ပြည်တွင်းရေးကို ဦးစားပေးသူ ဂျိုကို ဝီဒိုဒို


ကိုသန်းလွင် - ပြည်တွင်းရေးကို ဦးစားပေးသူ ဂျိုကို ဝီဒိုဒို

(မိုးမခ) နိုဝင်ဘာ ၂၈၊ ၂၀၂၂


( ၁ )

ရုရှားက ယူကရိန်းကို ကျူးကျော်၍ လေးလခန့်ကြာသောအခါ အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒို (Joko Widodo)သည် ငြိမ်းချမ်းရေးအတွက် နည်းလမ်းရှာဖွေရန် ရုရှားနှင့် ယူကရိန်းနိုင်ငံများသို့ သွားရောက်ခဲ့ပါသည်။ 

သူသည် ယူကရိန်းသို့ သွားပြီး ဇယ်လင်းစကီးနှင့် တွေ့ဆုံခဲ့ပါသည်။ 

ဇယ်လင်းစကီး ပြောဆိုသည်များကို ရုရှားသမ္မတပူတင်သို့ ပြောနိုင်ရန်ဖြစ်ပါသည်။ သူသည် သမ္မတ ပူတင်ကို ငြိမ်းချမ်း ရေးဆွေးနွေးခြင်းကို စတင်ရန် ဆော်သြခဲ့ပါသည်။


( ၂ )

ငြိမ်းချမ်းရေးအတွက် ဆွေးနွေးခြင်းအပြင် ဂျိုကိုဝီ၌ အခြားအရေးကြီးကိစ္စရပ် များ ရှိနေပါသည်။ ရုရှားမှာ ယူကရိန်းမှ သီးနှံနှင့် မြေသြဇာတင်ပို့ခြင်းကို ပိတ်ဆို့ထားသည်။ ယူကရိန်းသည် အင်ဒိုနီးရှားနိုင်ငံအဖို့ ဂျုံကို ဒုတိယအများဆုံးဝယ်ယူသည့်နိုင်ငံ ဖြစ်သည်။ ငွေဖောင်းပွခြင်းသည် ဆိုးရွားနေပြီး အင်ဒိုနီးရှားမှ လယ်ယာစိုက်ပျိုးသူများသည် မြေသြဇာဈေးတက်ခြင်းကို ညည်းတွားနေကြသည်။

နောက်ဆုံးတွင် ဂျိုကိုဝီ သည်  အခက်အခဲများကိုဖြေရှင်းမပေးနိုင်ခဲ့သော်လည်း မစ္စတာပူတင်ကို ယခုကဲ့သို့ အစားအစာနှင့် မြေသြဇာတင်ပို့ခြင်းကို ပိတ်ဆို့ထားသည့်အတွက် မကောင်းသော အကျိုးဆက်များ ရှိနိုင်ကြောင်း ပြောပြနိုင်ခဲ့ပါသည်။ 

အင်ဒိုနီးရှားနိုင်ငံတွင်း၌မှု သူ့ခရီးစဉ်ကို ထောက်ခံသူများ ရှိခဲ့ပါသည်။ ရုရှားနှင့် ယူကရိန်းသို့ ပထမဆုံး ရောက်သွားသည့် အေရှမှ ခေါင်းဆောင်အဖြစ် သတင်းစာမျက်နှာဖုံးမှ ချီးကျူးခဲ့ပြီး မစ္စတာ ဂျိုကိုဝီ ကို နိုဗယ်ငြိမ်းချမ်းဆုချီးမြှင့်ရန်အတွက် ထိုက်တန်သည်ဟု ရေးသားခဲ့ကြပါသည်။

ပထဝီအနေအထားအရ ကြည့်လျှင် မစ္စတာဂျိုကိုဝီသည် ငြိမ်းချမ်းရေးသံတမန် မဖြစ်နိုင်ပါ။ သူ အုပ်ချုပ်ခဲ့သည့် ရှစ်နှစ်တာကာလအတွင်း လုပ်ဆောင်ချက်များမှာ ၂၇၆ သန်းမျှသော ပြည်သူများအတွက် အမြတ်များကိုချည်း ဖန်တီးပေးခဲ့ပါသည်။ ကမ္ဘာလှည့်ခရီးသွားများ များပြားလာခြင်းနှင့်ရင်းနှီးမြှုပ်နှံမှုများ တိုးပွားလာခြင်းတို့ ဖြစ်ပါသည်။

သို့ရာတွင် ယခုနှစ်၌ အရေးကြီးသော ဖြစ်ရပ်များ ဖြစ်ပေါ်ခဲ့ရာ ရုရှားနှင့် ယူကရိန်းစစ်ပွဲကြောင့် နိုင်ငံ တိုးတက်ရေးလုပ်ငန်းများကို မထိခိုက်စေလိုပါ။ သူ၏ ဒုတိယသမ္မတသက်တမ်း ကုန်ဆုံးဖို့နှစ် ၂၀၂၄  ခုနှစ်မှာလည်း နီးကပ်နေပြီ ဖြစ်ရာ သူ၏ သက်တမ်းကို အောင်မြင်မှုများနှင့် အဆုံးသတ်စေချင်ပါသည်။ 

ယခုအပတ်တွင် ကမ္ဘာ၏စက်မှုထွန်းကားသော နိုင်ငံများ၏ G20 စည်းဝေးပွဲကို အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းတွင် ကျင်းပသည့်အချိန်တွင် ကမ္ဘာ့နိုင်ငံရေးပြဿနာများကလည်း  ကြီးမားးသည့် ကာလသို့ ရောက်ရှိနေပါသည်။

မစ္စတာပူတင်က အခုတမျိုး ပြောလိုက်၊ တော်ကြာတမျို းပြောလိုက်နှင့် နောက်ဆုံးတွင် ယခုအကြိမ် စည်းဝေးပွဲသို့ မတက်ရောက်နိုင်ပါဟု ရုရှားအသံလွှင့်ဌာနမှ ကြေညာပါသည်။ 

မစ္စတာ ဂျိုကိုဝီ ကရုရှားခေါင်း ဆောင်ကြီးက အခြေအနေများ သင့်တော်မှန်ကန်ပါကဆွေးနွေးပွဲကိုတက်ပါမည်ဟု ပြောလိုက်ကြောင်းဆို ပါသည်။ ရုရှားသမ္မတက ဆွေးနွေးပွဲကိုတက်ရောက်လာပါက အနောက်နိုင်ငံများက ခေါင်းဆောင်များသည် စည်းဝေးပွဲကိုသပိတ်မှောက်မှာ သေချာပါသည်။ အမေရိကန်နှင့် တရုတ်နိုင်ငံ တို့သည်လည်း ပြသနာများမှာ ထိပ်ဆုံးရောက်နေသည်ဟုပြော၍ ရပါသည်။

မစ္စတာဂျိုကိုဝီ ၏ နောက်ခံအနေအထားနှင့် ဆန္ဒအရ ပြောရလျှင် သူသည်နိုင်ငံခြားရေးပေါ်လစီကို ဦးစားပေးသည့် ခေါင်းဆောင် မဟုတ်ပါ။ စကားကို အေးအေးဆေးဆေးနှင့် ပိုင်ပိုင်နိုင်နိုင် ပြောတတ်သည့်အပြင် သူ့ကိုယ်သူ ယုံကြည်မှုအပြည့်ဖြင့် ပြောတတ်ပါသည်။ သူသည် အင်ဒိုနီးရှား နိုင်ငံသားတို့၏ အရေးကိုသာ ဦးစားပေးသူ ဖြစ်ပါသည်။ သူ့ကို ရွေးကောက်တင်မြှောက်လိုက်ကြသောအခါ အင်ဒိုနီးရှားနိုင်ငံရှိ အလယ်အလတ်တန်းစားလူများက သူတို့သည် အနာဂတ်အသစ်ကို မြင်ကြရပြီဟု များစွာ နှစ်ထောင်းအားရ ဖြစ်ခဲ့ကြပါသည်။ သူသည် အထက်ပိုင်း လူတန်းစားနှင့် စစ်တပ်နှင့်မပတ်သက်သူ၊ နိုင်ငံရေးနှင့် ပတ်သက်၍ လူစိမ်း တစ်ယောက်သာ ဖြစ်ပါသည်။

ယခင်က အိမ်ထောင်သုံးပစ္စည်းများကို နိုင်ငံခြားသို့ တင်ပို့ရောင်းချသူသည်သူ၏အစိုးရကို စီးပွားရေးလုပ်ငန်းတခုကို အုပ်ချုပ်သကဲ့သို့ အုပ်ချုပ်ခဲ့ပါသည်။ 

သူ အာဏာရလာသည့် ပထမနှစ်က သူ့နောက်လိုက်များကို (Down to Earth) အောက်ခြေကို မြင်အောင်ကြည့်တတ်ရမည်ဟု ပြောခဲ့ပါသည်။ သူတို့၏ ရင်းနှီး မြှုပ်နှံမှုနှင့် ပို့ကုန်ကို တိုးမြှင့်ရန် ပြောခဲ့ပါသည်။ သံတမန်များကိုလည်း သူတို့၏ အောင်မြင်မှုကို သူတို့၏ကုန်ရောင်းဝယ်မှုအပေါ်တွင် အခြေခံ၍ဆုံးဖြတ်ပါသည်။ သံတမန်တစ်ဦးသည် ကုန်စည်ပြပွဲများ (Trade Fair) ဖွင့်နိုင်ရမည်၊ နိုင်ငံခြားသား တိုးရစ်များ ဝင်လာများအောင် ဆောင်ရွက်နိုင်ရမည်ဟု ညွှန်ကြားခဲ့ပါသည်။

၂၀၁၄ ခုနှစ်တွင် ရွေးကောက်ပွဲ အောင်နိုင်ခဲ့စဉ်က ဂျိုကိုဝီကို အကြံပေးသူများက G20 ဆွေးနွေးပွဲ သို့ တက်ရောက်ရန် ဝိုင်းဝန်းအကြံပေးခဲ့ကြသည်။ သူသည် လက်တွေ့အလုပ် လုပ်ကိုင်သူ ဖြစ်သောကြောင့် ဘာမှမလုပ်ဘဲ ဆွေးနွေးပွဲကိုတက်ရောက်ရုံသာ တက်ရောက်ခြင်းအလုပ်ကို မလုပ်လိုသူ ဖြစ်သည်။

ဘာလီတွင် ကျင်းပသော G20 ဆွေးနွေးပွဲမတိုင်မီက အင်တာဗျူးတခုတွင် ဂျိုကိုဝီက “သူ့အတွက် အရေးကြီးသည်မှာ တိုင်းပြည်၏ တည်ငြိမ်အေးချမ်းခြင်းနှင့် စီးပွားရေး ကြီးမားကျယ်ပြန့်လာခြင်းသာ ဖြစ်သည် “ဟု ပြောကြားခဲ့သည်။ “နိုင်ငံခြားရေး ဆိုသည်မှာ ပြည်တွင်းတွင် ဖြစ်ပေါ်နေသော ပြည်တွင်းရေးနှင့် ဆက်နွှယ်ပြီး အကျယ်ချဲ့ရတာပါ” ဟု ပြောသည်။ သူသည် ကုလသမဂ္ဂဆွေးနွေးပွဲများသို့ မတက်ရောက်ခဲ့ပါ။ သူ၏ နိုင်ငံခြားရေးဝန်ကြီး မာဆူဒီ (Retno Marsudi) ကိုသာ အမြဲစေလွှတ်ခဲ့သည်။ “ကျွန်တော်ဟာ လက်တွေ့ကျပြီး တကယ့်အစစ်အမှန် အဖြေထွက်တာကို သဘောကျတယ်” ဟုပြောခဲ့သည်။

သူ့အရင် သမ္မတဖြစ်ခဲ့သော ဘန်ဘန်း ယူဒိုရိုနို(Susilo Bambang Yudhoyono) လက်ထက်ကဆိုလျှင် သူသည် ဆယ်နိုင်ငံ ပါဝင်သော အရှေ့တောင်အာရှနိုင်ငံများ အသင်းကြီး၏ ခေါင်းဆောင်သဖွယ် (de fecto) ဆောင်ရွက်ခဲ့ပြီး ဒီမိုကရေစီ ခိုင်မြဲရေးအတွက်နှင့် လူ့အခွင့်အရေးတို့အတွက် အစည်းအရုံးတည်ထောင်ရေး၊ ခိုင်ခံ့ရေးတို့ကို ဆောင်ရွက်ခဲ့သည်။ ဂျိုကိုဝီကမူ ပြည်တွင်းရေးကိုသာ ဦးစားပေး ဆောင်ရွက်လိုသူ ဖြစ်ခဲ့ပါသည်။

သူသည် ပြည်တွင်း နီကယ် ထုတ်လုပ်ရေးနှင့် သစ်တောဖြုန်းတီးမှု ကာကွယ်ရေးအကြောင်း တက်တက်ကြွကြွဆွေးနွေးခဲ့ပြီး နိုင်ငံခြားရေးနှင့် ပတ်သက်သော မေးခွန်းများကို တိုကိုတုတ်တုတ်နှင့် လိုရင်းကိုသာ ပြောကြားခဲ့ပါသည်။

၂၀၂၁ ပြည်တွင်းစစ်တမ်းတခုတွင် အင်ဒိုနီးရှားအများအပြားကို မေးခွန်းမေးရာ၌ သူတို့သည် သူတို့ အစိုးရကို နိုင်ငံအတွင်း အလုပ်အကိုင်ရရှိရေးနှင့် စီးပွားရေးကို တိုးတက်အောင် ဆောင်ရွက်စေလိုသည်။ နိုင်ငံခြားသို့ ရောက်နေသောအင်ဒိုနီးရှားနိုင်ငံသားများကို လုံခြုံစွာ နေထိုင်စေလိုကြသည်။ နိုင်ငံ၏ စီးပွားရေးသည် ၅ ဒသမ ၄ ရာခိုင်နှုန်းမျှ တိုးတက်နေပြီး ဂျိုကိုဝီ မှာ အင်ဒိုနီးရှားသမ္မတများထံတွင် ပေါ်ပြူလာအဖြစ်ဆုံး သမ္မတ ဖြစ်ပြီး သူ့လုပ်ရပ်များကို တိုင်းသူပြည်သားများ၏ ၇၀ ရာခိုင်နှုန်းက ကြိုက်ကြသည်။

သူ၏ကိစ္စရပ်များတွင် လက်တွေ့ကျသော ဖြေရှင်းမှုများကို အင်ဒိုနီးရှားလို ဘလူဆူကန်(blusukan)  ဟု ခေါ်ပါသည်။ သူ၏ ဝတ်နေကျဖြစ်သော အဖြူရောင်ရှပ်အင်္ကျီလက်ရှည်ကို လက်ခေါက်ဝတ်ကာ ဖိနပ်အမည်းနှင့် တွေ့ရလေ့ရှိသည်။ သူ၏ (toll Bridge)  များ၊ လမ်းများကို စစ်ဆေးနေပုံများမှာ မြင်နေကျ ဖြစ်နေ သည်။ 

မကြာသေးမီက ဘာလီဟိုတယ်တွင် G20 အတွက် ကားများ အဝင်အထွက်ကို စောင့်ကြည့်နေခဲ့ပါသည်။ သူသည် အဘယ်ကြောင့် သံတမန်တို့၏ အလေ့အထများ စောင့်ကြည့်နေရပါသနည်းဟု မေးခွန်းထုတ်သောအခါ သူက အသေးစိတ်များကို စိုးရိမ်မိကြောင်း ပြောသည်။ သူသည် အောက်တိုဘာလတုန်းက မြို့ တော်ဝန်များ၊ အုပ်ချုပ်ရေးမှူးများကို စပါး နှင့် ငရုတ်သီး ဈေးမတက်စေရန် သယ်ဆောင်သည့် ကားခနှုန်း မတက်ရေးတို့ကို အသေးစိတ်မှာကြားခဲ့ပါသည်။


( ၃ )

“ဒါတွေဟာ အသေးစိတ်ကိစ္စတွေပါ၊ ဒီလို အသေးစိတ်ဖို့ကလည်း လိုသေးတယ်” ဟု ပြောခဲ့သည်။ သူသည် အခြေခံတည်ဆောက်ရေးလုပ်ငန်း (Infra Structure) ပရောဂျက်များအတွက် တရုတ်နိုင်ငံ၏ အကူအညီကို ယူခဲ့ရပါသည်။ သူ၏ သမ္မတသက်တမ်းအတွင်း တရုတ်ပြည်သို့ ၅ ကြိမ်သွားခဲ့ပါသည်။ အင်ဒိုနီးရှား နိုင်ငံအတွက် တရုတ်ပြည်သည် စင်ကာပူ ပြီးလျှင် ဒုတိယအများဆုံး ရင်းနှီးမြှုပ်နှံသူ ဖြစ်သည်။ ယခုနှစ်တွင်  ပထမ ၉ လအတွင်း ၅ ဒသမ ၂ ဘီလီယံဘိုးမျှ မြှုပ်နှံခဲ့သည်။ အမေရိကန်တို့ထက် ရင်းနှီးမြှုပ်နှံသောငွေမှာ ၂ ဆနီးပါးရှိခဲ့သည်။

ထိုဆက်သွယ်မှုများကြောင့် တရုတ်ပြည်ကို ဝေဖန်ရန် ငြင်းဆန်ခဲ့သည်။ ရာပေါင်းများစွာသော ငါးဖမ်းလှေများကို မြှုပ်ပစ်ခဲ့ရာတွင် တရုတ်ငါးဖမ်းသင်္ဘောများ အနည်းငယ်သာ ပါဝင်ခဲ့သည်။ တရုတ်ပြည်ကို ဝေဖန်ရန် အဘယ်ကြောင့် ခက်ခဲပါသနည်း ဆိုသည်ကို “အင်ဒိုနီးရှားသည် ပြည်တွင်းတည်ငြိမ်ရေးကို ဦးစားပေးနေရလို့ပါ” ဟု ပြောခဲ့သည်။

ကိုသန်းလွင်

Ref: Indonesia’s leader ease into bigger role in the world stage, By  Sui-Lee Wee 15 November 2022.



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar