Breaking News

AA နှင့် စစ်ကောင်စီရဲ့ အပစ်ရပ် သဘောတူညီမှုရဲ့ ဂယက်

မြန်မာ့နွေဦးခရော်နီကယ် - နိုဝင်ဘာ ၂၇ မြင်ကွင်း

မိုးမခ - နိုဝင်ဘာ ၂၈၊ ၂၀၂၂


AA နှင့် စစ်ကောင်စီရဲ့ အပစ်ရပ် သဘောတူညီမှုရဲ့ ဂယက်

စစ်အာဏာသိမ်းပြီးနောက် တနှစ်ကျော်အကြာထိ ရခိုင်ပြည်နယ်က ပြည်မမှာ ဖြစ်ပျက်နေတဲ့ ဆန္ဒပြမှု၊ မြို့ပေါ် ပစ်ခတ်မှုတွေ၊ ဗုံးကွဲမှု၊ ကျေးရွာတွေမှာ လက်နက်ကိုင် အဖွဲ့သစ်တွေ အသီးသီးပေါ်လာပြီး စစ်ကောင်စီနဲ့ တိုက်ခိုက်နေတဲ့ အဖြစ်အပျက်တွေမှာ ပေါ်ပေါ်ထင်ထင် ပါဝင်ခဲ့ခြင်း မရှိပဲ၊ ၄င်းတို့ ရခိုင်ပြည်နယ်ထဲမှာသာ AA ရဲ့ စည်းရုံးရေး ၊ အုပ်ချုပ်ရေး၊ အင်အားစုဆောင်းရေး တို့ကို အားစိုက်လုပ်နေခဲ့တာ ဖြစ်ပါတယ်။ 

၂၀၁၈ နဲ့ ၂၀၁၉ မှာ စစ်ကောင်စီနဲ့ တိုက်ပွဲပေါင်းများစွာ တိုက်ခိုက်ခဲ့ပြီး နှစ်ဖက် ဖမ်းဆီးမှုတွေ အရပ်သား သေဆုံးမှုတွေ များစွာဖြစ်ပွားခဲ့သလို ရခိုင်မြောက်ပိုင်း တပိုင်းလုံး ဒုက္ခသည်သောင်းနဲ့ သိန်းနဲ့ချီ ရှိခဲ့တာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ် မြောက်ပိုင်းနဲ့ အလယ်ပိုင်း အချို့ဒေသတွေအထိ စစ်ရဲ့ဒဏ်ကို အနည်းနဲ့အများခံစားခဲ့ကြရပြီး ရိက္ခာမစိုက်ပျိုးနိုင်တာ၊ မရိတ်သိမ်းနိုင်တာ၊ ငါးဖမ်း လုပ်ငန်းကောင်းစွာ မလုပ်နိုင်တာ ၊ ပညာမသင်ကြားနိုင်ကြတာ ၂ နှစ်ကျော်ကြာမြင့်ခဲ့တာဖြစ်ပါတယ်။ 

ပြည်မက ကိစ္စတွေမှာ ဝင်မပါရခြင်းကလည်း ၂၀၁၈၊ ၂၀၁၉ ခုနှစ် အန်အယ်လ်ဒီလက်ထက် စစ်တပ်က AA ကို နှိမ်နှင်းချေမှုန်းရာမှာ အန်အယ်လ်ဒီအစိုးရကပါ သဘောတူညီပြီး ကျောသားရင်သား မခွဲခြားဘဲ ပုန်ကန်မှုကို ချေမှုန်းဖို့ သဘောတူခဲ့လို့ အာဏာရ အရပ်သား အစိုးရက စစ်တပ်ဘက်က ထောက်ခံခဲ့တဲ့ အကြောင်းအချက်နဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ် ၉ မြို့နယ်မှာ မကျင်းပဖို့ ဆုံးဖြတ်ခဲ့တဲ့အပေါ် ရခိုင်ပြည်နယ်က နိုင်ငံရေးသမားတွေအနေနဲ့ မကျေလည်မှုတွေ ရှိခဲ့တာကြောင့်လို့ ဆိုရင်မမှားပါဘူး။ ဒီအချက်တွေက စစ်အာဏာသိမ်းအပြီး ပြည်မမှာဖြစ်နေတဲ့ အဖြစ်အပျက်တွေမှာ ဘေးထွက်နေတယ်လို့ ယူဆစရာတွေရှိခဲ့တာ ဖြစ်ပါတယ်။

 ဒါကြောင့် စစ်အာဏာသိမ်းပြီး ပြည်မနဲ့ ပြည်နယ်အချို့မှာ လက်နက်ကိုင် ပဋိပက္ခ၊ ဖမ်းဆီးမှု၊ နှိပ်စက်မှု ညှင်းပန်းမှု သတ်ဖြတ်မှုတွေ နဲ့ပတ်သက်လို့ ခပ်ဝေးဝေးမှာနေပြီး တိုက်ရိုက် မပါဝင် မပတ်သက်ပဲ နေခဲ့တာဖြစ်ပါတယ်။ အဲဒီကာလမှာလည်း မြန်မာပြည်မက နိုင်ငံရေးသမားတချို့၊  တက်ကြွလှုပ်ရှားသူ တချို့က AA အပေါ်မှာ အမြင်စောင်းခဲ့ကြတာလည်း ကြားသိနေရတာ ဖြစ်ပါတယ်။ 

အခု ဒုတိယအကြိမ် AA နဲ့ စစ်တပ်အကြား အပစ်ရပ်သဘောတူညီမှု ထွက်ရှိလာတဲ့အခါ အခြားသော ပြည်နယ်တွေ ဒေသတွေမှာ စစ်ကောင်စီတပ်တွေနဲ့ တိုက်ခိုက်နေချိန်ဖြစ်လို့ ပိုပြီး ဘဝင်မကျကြတာလည်း ဖြစ်ပါတယ်။ စစ်ကောင်စီကို စစ်မျက်နှာ အစုံဖွင့်ပြီး တိုက်ခိုက်နိုင်ရင် စစ်ကောင်စီ ဘက်က ကြံ့ကြံ့မခံနိုင်ဘူးလို့ စစ်ရေးအရ ယူဆချက်တွေ ရှိနေတာကြောင့် အခုချိန်မှာ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေ အားလုံး ကိုယ့်နေရာနဲ့ကိုယ် စစ်ကောင်စီကို တိုက်ခိုက်သင့်တယ်လို့ ယူဆချက်ရှိနေတာ ဖြစ်ပါတယ်။ 

ဒီယူဆချက်က စစ်ရေးအရ ယူဆချက်က အငြင်းပွားစရာမရှိပေမယ့် စစ်ရေးလုပ်ဆောင်မှုရဲ့ ရည်ရွယ်ချက်ဖြစ်တဲ့ နိုင်ငံရေး ရည်မှန်းချက်၊ အကျိုးစီးပွားအပိုင်းကို ထည့်သွင်းစဥ်းစားဖို့လည်း အရေးကြီးတာကြောင့် ကိုယ့်ရန်သူကို အားလုံးရဲ့ ရန်သူအဖြစ် သတ်မှတ်တာ တစိတ်တပိုင်းမှန်ပေမယ့် အောင်မြင်မှုက ဘယ်သူတွေ ခံစားကြမလဲဆိုတဲ့ ကိစ္စပါ ရှင်းလင်းစွာ နားလည်မှု ရယူထားဖို့ လိုအပ်တာပါ။ အတူတူတိုက်ခိုက်ကြလို့ အကယ်၍ စစ်ကောင်စီ ပြိုလဲသွားရင် ပါဝင်တဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ နိုင်ငံရေးရည်မှန်းချက်က အောင်မြင်ပေါက်မြောက်မှာလားဆိုတဲ့ မေးခွန်းကို ပြတ်ပြတ်သားသား ရှင်းရှင်းလင်းလင်း အဖြေပေးနိုင်ဖို့ လိုအပ်ပါတယ်။ 

တနည်းအားဖြင့် ဆိုရရင် နိုင်ငံရေး ရည်မှန်းချက်မှာ ထပ်တူထပ်မျှတူညီဖို့ လိုအပ်ပါတယ်။ ဆွေးနွေးမှု ညှိနှိုင်းမှု လိုက်လျောမှု သဘောတူညီမှု ကတိကဝတ်တွေ ရှိမှသာ တပ်ပေါင်းစု ပေါ်ထွန်းနိုင်မှာဖြစ်ပြီး အဲဒီအခြေအနေမျိုး မရှိနိုင်ခဲ့ရင် တဖက်ဖက်က အခက်အခဲတွေ့နေချိန်မှာ မိတ်ဆွေဖြစ်မယ့်သူက ကြားနေတာ သို့မဟုတ် ကိုယ့်အတွက် အခွင့်အလမ်းလို့တောင် မှတ်ယူ အသုံးချနိုင်စရာတွေ ရှိနေတာဖြစ်ပါတယ်။ 

မိမိတို့ရဲ့ လွတ်မြောက်ရေးက အခြားသူတွေအတွက် ခြိမ်းခြောက်မှု မဖြစ်ဖို့ မိမိတို့ လွတ်မြောက်သလို အခြားသူတွေလည်း လွတ်မြောက်မှုကို အာမခံနိုင်မှသာ လက်တွေ့သမိုင်း အဖြစ်အပျက်တွေအရလည်း အဆိုပါ အခြေအနေမျိုးကို ယုံကြည်လောက်တဲ့ အာမခံမှုမျိုးဖြစ်မှသာ စည်းရုံးမှုက အောင်မြင်နိုင်မှာ ဖြစ်ပြီး အတိတ်မှာ မှားခဲ့ရင် အတိတ်က အမှားကို သင်ခန်းစာယူနိုင်ဖို့ ရိုးသားစွာ ဝန်ခံတောင်းပန်တတ်ဖို့က အရေးကြီးတာလည်း ဖြစ်ပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar