Breaking News

ကရင်ပြည်နယ်က တိုက်ပွဲတွေ၊ မြို့တွေမှာ နေ့စဥ်ဖြစ်ပွားနေတဲ့ လုယက် ဓားပြတိုက်မှုတွေ

မြန်မာနွေဦး ခရိုနီကယ် - နိုဝင်ဘာ ၁၅ မြင်ကွင်း

(မိုးမခ) နိုဝင်ဘာ ၁၆၊ ၂၀၂၂


ကရင်ပြည်နယ်က တိုက်ပွဲတွေ၊ မြို့တွေမှာ နေ့စဥ်ဖြစ်ပွားနေတဲ့ လုယက် ဓားပြတိုက်မှုတွေ 

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက KNU က ကမကထ လုပ်ပြီး ကရင်ပြည်နယ်ထဲက ကရင်လက်နက်ကိုင် အဖွဲ့အစည်းတွေအကြား ဘုံသဘောတူညီမှု ရဖို့ လှိုင်းဘွဲမြို့နယ်ထဲက ကျေးရွာတရွာမှာ ဆွေးနွေးခဲ့ကြတဲ့ သတင်းဖော်ပြထားပါတယ်။ ကေအန်ယူ အပြင် ကရင်နိုင်ငံရေးပါတီက ခေါင်းဆောင်တဦးဖြစ်တဲ့ မန်းအောင်ပြည်စိုးနဲ့ ရပ်ရွာမှာ သြဇာရှိတဲ့ကရင်ဆရာတော်တချို့လည်း ပါဝင်တက်ရောက်ခဲ့ကြတာ ဖြစ်ပါတယ်။ 

စစ်ကောင်စီရဲ့ ထိန်းချုပ်မှုအောက်က ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ဖွဲ့က အကြီးအကဲဖြစ်သူလည်း တက်ရောက်သလို စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေးဆွေးနွေးနေတဲ့ KNU/KNLA (PC)  ထို့ကော်ကိုး အဖွဲ့လည်း တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲက ကရင်ပြည်နယ်ထဲမှာ ကရင်လက်နက်ကိုင် တပ်ဖွဲ့အချင်းချင်း အကြားတိုက်ခိုက်မှုတွေ မဖြစ်စေဖို့နဲ့ ကရင်လူမျိုးတွေရဲ့ ဒေသတည်ငြိမ်ရေး နဲ့ ကိုယ်ပိုင်ပြဌါန်းခွင့် ကိစ္စတွေကို ရည်ရွယ်ဆွေးနွေးကြတာလို့ ယူဆရပါတယ်။ 

ကချင်ပြည်နယ်မှာ ကေဘီစီလို့ ခေါ်တဲ့ ကချင် ခရစ်ယာန်ဘာသာရေး ခေါင်းဆောင်တွေက ဒေသခံလူထုအပေါ်မှာ သြဇာရှိသလို လက်နက်ကိုင် တပ်ဖွဲ့ဖြစ်တဲ့ ကေအိုင်အေနဲ့ လည်း ရင်းနှီးတဲ့ ဆက်ဆံရေး သြဇာအတိုင်းအတာတခုထိ ရှိပြီးကချင်ပြည်နယ်ရဲ့ နိုင်ငံရေး  လက်နက်ကိုင် ပဋိပက္ခလို ကိစ္စတွေမှာ ကြားဝင်ဆောင်ရွက်သလို ကရင်ပြည်နယ်မှာတော့ ဘာသာရေး အဖွဲ့အစည်းထက်ကို လက်နက်ကိုင် အဖွဲ့အစည်းအချင်းချင်းအကြား ဆက်သွယ်ရေး လမ်းကြောင်းတွေ ရှိနှင့်ပြီးဖြစ်ကာ အခါအားလျော်စွာ တွေ့ဆုံဆွေးနွေးနိုင်ကြတဲ့ အနေအထားက ကောင်းမွန်တဲ့ အနေအထားလို့ ဆိုရမယ့် သဘောလည်း ဖြစ်ပါတယ်။ 

မကြာခင်ရက်ပိုင်းက ကြာအင်းဆိပ်ကြီးမြို့နယ်က ချောင်းနှစ်ခွ ရဲစခန်းကို ကေအန်ယူတပ်တွေက သွားရောက်တိုက်ခိုက်ခဲ့ပြီး  စစ်ကောင်စီဘက်က လေကြောင်းပစ်ကူနဲ့ တိုက်ခိုက်ခဲ့တယ်လို့ သတင်းတွေမှာပါရှိပါတယ်။ မြဝတီမြို့နဲ့ နီးတဲ့ သေဘော့ဘိုး မှာတော့ ခုရက်ပိုင်းအတွင်း ကော်ဘရာစစ်ကြောင်းနဲ့ စစ်ကောင်စီတပ်တို့ တိုက်ခိုက်မှုတွေ ဖြစ်ပွားနေတယ်လို့လည်း သတင်းတွေထဲ တွေ့ရပါတယ်။ 

ပြီးခဲ့တဲ့ ရက်ပိုင်းမှာပဲ ကေအန်ယူရဲ့ တပ်မဟာ ၃ ဧရိယာထဲက ညောင်လေးပင် ခရိုင်ထဲက စစ်ကောင်စီတပ်စခန်း ၃ ခုလောက်ကို ကေအန်ယူက တိုက်ခိုက်သိမ်းယူခဲ့တယ်လို့လည်း ဆိုပါတယ်။ ထိခိုက်သေဆုံးမှုတွေ စစ်လက်နက်ပစ္စည်း သိမ်းယူရရှိမှုတွေရှိခဲ့တယ်လို့ သတင်းတွေမှာ ဆိုထားပါတယ်။ 

ကရင်ပြည်နယ် တလျှောက် ဖာပွန် ၊ ကျိုက်ထို၊ ဘီးလင်း ၊ သထုံ ကနေ ဖားအံ၊ ကော့ကရိတ် ၊ မြဝတီ ဘုရားသုံးဆူ နယ်တွေအထိ ကေအန်ယူက စစ်ရေးလှုပ်ရှားမှုတွေ ရှိနေပြီး ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းတလျှောက်ကိုလည်း ရံဖန်ရံခါ ထိခိုက်နိုင်တဲ့ အနေအထားမျိုးလည်း ဖြစ်ပါတယ်။ 

စစ်ကောင်စီအနေနဲ့ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ကယားပြည်နယ် နဲ့ ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင် တိုက်ပွဲတွေကို ထိန်းထားဖို့ ကြိုးစားနေစဥ်မှာပဲ ကရင်ပြည်နယ်မှာ ဟိုနားသည်နား ဖြစ်ပွားနေတဲ့ လက်နက်ကိုင် တိုက်ပွဲတွေကို ထိန်းဖို့ အသည်းအသန်ကြိုးစားနေရတဲ့ အနေအထားမျိုး ဖြစ်ပါတယ်။ ပြည်နယ်နဲ့ တိုင်း စစ်မျက်နှာ ၅ ခုလောက်ကို စစ်ကောင်စီအနေနဲ့ တပြိုင်နက်ထဲ စစ်မျက်နှာ ဖွင့်ထားပြီး ထိခိုက်မှု ကျဆုံးမှုတွေလည်း နေ့စဥ်နဲ့ အမျှရှိနေတဲ့ အနေအထားမျိုးမှာ ဒီလို အနေအထာကို နောက်ဘယ်လောက်ထိ ဆက်ထိန်းနိုင်မလဲဆိုတာ အရေးကြီးတဲ့ မေးခွန်းတရပ်လည်း ဖြစ်ပါတယ်။ စစ်ကောင်စီဆန့်ကျင်ရေး လက်နက်ကိုင် အင်အားစုတွေဘက်မှာလည်း လက်နက် နဲ့ ခဲယမ်း၊ ငွေကြေး စတဲ့အခက်အခဲတွေ ဖြည့်ဆည်းဖို့ ကြိုးစားရတာတွေ ရှိသလို စစ်ကောင်စီဘက်က တိုင်းပြည်ရဲ့ သယံဇာတ အခွန်အကောက်တွေနဲ့ လက်နက်ဝယ်ယူဖြည့်တင်းရေး လူအင်အား ဖြည့်တင်းရေးတွေ စတဲ့ စိမ်ခေါ်မှုတွေ ရှိနေမှာ အမှန်ပဲဖြစ်ပါတယ်။ 

လက်နက်ကိုင် တိုက်ပွဲတွေ နေရာအနှံ့ ဖြစ်ပွားနေချိန် မြို့တွေမှာတော့ ဓားပြတိုက် လုယက်မှု လူသတ်မှုတွေ နေ့စဥ်လိုလို ဖြစ်ပွားနေတာ ဖြစ်ပါတယ်။ လက်နက်ငယ်တွေ မြို့ပေါ်တွေကို ပျံ့နှံ့လာခြင်းနဲ့ တရားဥပဒေ စိုးမိုးမှုမရှိတော့ခြင်းက အခုလို ဓါးပြတိုက်မှု လုယက်မှု သတ်ဖြတ်မှုတွေ ဖြစ်ပွားဖို့ အဓိက အကြောင်းခံဖြစ်ပါတယ်။ 

ခု တရက်နှစ်ရက်အတွင်း ဖြစ်ပွားတဲ့ မှုခင်းတွေထဲမှာတော့ မင်္ဂလာတောင်ညွန့် မြို့နယ်ထဲက နိုင်ငံခြားငွေလဲလှယ်ရောင်းဝယ်တဲ့ ကောင်တာကို သေနတ် နဲ့ ဓါးပြတိုက်တဲ့ အဖြစ်အပျက်၊  တောင်ဥက္ကလာ မြို့နယ်ထဲမှာ  မုန့်လှည့်လည်ရောင်းသူကို ဓါးထောက်ပြီး လုယက်မှု ဖြစ်ပွားခဲ့တဲ့ သတင်း၊ မြောက်ဒဂုံ မြို့နယ်ထဲက ဘတ်စကားတွေ ပြေးဆွဲတဲ့ ၇/ ၈ လမ်းဆုံအနီးမှာ ညဘက် အလုပ်ပြန်သူတွေကို ဓါးနဲ့ထိုးပြီး ဖုန်းလုယူတဲ့ အဖြစ်အပျက်တွေ ဖြစ်ပါတယ်။ နေ့စဥ်လိုလို ဟိုနားသည်နား ဖြစ်ပျက်နေတာ ဖြစ်လို့ ရန်ကုန်မြို့မှာ သွားလာသူတွေ သတိကြီးစွာထားပြီး သွားလာနေကြရတာဖြစ်ပါတယ်။ ညဘက် အချိန်ကာလမှာ ပိုပြီးအန္တရာယ်များတာ မှန်ပေမယ့် နေ့ခင်းလို အချိန်မှာတောင် လူအသွားအလာနည်းပါးတဲ့ နေရာတွေမှာ ဖုန်းလုတာ၊ ဆွဲကြိုး လုတာ ၊ ဓါးနဲ့ ထိုးပြီး ပစ္စည်းလုယူတာတွေက ဖြစ်ရိုးဖြစ်စဥ်လို ဖြစ်လာနေတာ ဖြစ်ပါတယ်။ ညဘက်တွေမှာလည်း လမ်းတွေ ရပ်ကွက်တွေမှာ ရပ်နားထားတဲ့ ကားတွေက ပစ္စည်းဖြုတ်ခိုးယူတာတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေပြီး ဘယ်သူမှ ရဲတိုင်တာမျိုးမလုပ်ကြတော့ပဲ မိမိတို့ဘာသာ ဂရုစိုက်ဖို့ ရှောင်ရှားဖို့ ကြိုးစားကြရတဲ့ အနေအထားလည်း ဖြစ်ပါတယ်။ 

မြို့ပေါ်တွေက လုယက်မှု လူသတ်မှုတွေ ဓါးပြတိုက် ခိုးယူမှုတွေကို ဘယ်လို ဖြေရှင်းကြမလဲဆိုတာတော့ တဦးချင်း တတ်နိုင်တဲ့ ကိစ္စမဟုတ်ပဲ အုပ်ချုပ်ရေးကို နေရာယူထားတဲ့ စစ်ကောင်စီအနေနဲ့လည်း အခုလို ကိစ္စတွေက နိုင်ငံရေးအံတုမှု၊ ဆန့်ကျင်မှုလောက် အရေးမကြီးတဲ့ သဘောမျိုး သတ်မှတ်ကာ အရေးတယူ နှိမ်နှင်းတာတွေ မရှိပဲ အခြေအနေကို ပိုဆိုးအောင် ခွင့်ပြုထားတာလား လို့ သံသယတွေလည်း ရှိနေကြတာ ဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar