အောင်သူငြိမ်း - နိုင်ငံရေးဆိုင်ရာ စီးပွားရေးဖွံ့ဖြိုးမှုများ (၁၉၁၄-၂၀၁၄) - ၅ - ငှက်တကောင်ရဲ့ အပေါ်စီးမြင်ကွင်း
အောင်သူငြိမ်း - နိုင်ငံရေးဆိုင်ရာ စီးပွားရေးဖွံ့ဖြိုးမှုများ (၁၉၁၄-၂၀၁၄) - ၅ - ငှက်တကောင်ရဲ့ အပေါ်စီးမြင်ကွင်း
(မိုးမခ) နိုဝင်ဘာ ၁၆၊ ၂၀၂၂
ဒုတိယကမ္ဘာစစ်ပြီးကာလ ပြင်ဆင်မှုများ- မာရှယ်စီမံကိန်း
ဒုတိယကမ္ဘာစစ် မပြီးခင်ကပင်၊ ဗာဆိုင်းစာချုပ်တွင် ဖြစ်ခဲ့သည့်အမှားမျိုး နောက်နောင်မဖြစ်စေရန် ကာကွယ်နိုင်ရေး အစီအမံ များ လုပ်ဆောင်ခဲ့ကြသည်။ ကိန်းစ်က သူ၏စာအုပ် “ငြိမ်းချမ်းရေး၏ စီးပွားရေးဆိုင်ရာ အကျိုးဆက်များ” (The Economic Consequences of Peace) တွင် မာရှယ်စီမံကိန်းနှင့် နှိုင်းယှဉ်၍ရသော ကိစ္စအချိုု့ကို အဆိုပြုထားခဲ့သည်။
“ဥရောပအနေဖြင့် အမေရိကားကို မည်သို့လိုအပ်ကြောင်း၊ မည်သည့်အတွက် ဆက်၍လိုအပ်နေသေးကြောင်း အမေရိကားက ပြန်ပြောင်း၍ စဉ်းစားကြည့်မည် ဆိုပါလျှင် အနုပညာနှင့် ဗဟုသုတတို့၏ မိခင်ဖြစ်သော ဥရောပတိုက်တွင် အရာအားလုံး ရှိ နေပါလျှက်နှင့် ဆက်လက်၍ ရှိနေနိုင်ပါသေးလျှက်၊ သူက ဥပက္ခာပြုနေခြင်းနှင့် အထီးကျန်ရှိနေခြင်းတို့၏ အကြံပြုချက်များ ကို မငြင်းပယ်နိုင်ပေ။ လူသားအားလုံးတို့၏ လူ့ယဉ်ကျေးမှု တိုးတက်ထွန်းကားလာစေရေးအတွက် အရေးပါသောဆုံးဖြတ် ချက်များ ချမှတ်ရန် သူ့တွင် စိတ်ဝင်စားမှု ရှိနေသေးသည် မဟုတ်ပါလော။ … ထို့အပြင် စုစုပေါင်းလိုအပ်နေချက်များ၏ ကြီးစွာသော အစိတ်အပိုင်းဖြစ်သည့် အမေရိကန်ပြည်ထောင်စုက ဥရောပ တိုက် အလယ်ပိုင်းရှိ ရန်ဖြစ်နေကြသော နိုင်ငံများ အတွက် နှင့် ယခင်က ရန်သူလိုမျိုး ဖြစ်ဖူးသည့်နိုင်ငံအတွက် နိုင်ငံရပ်ခြားမှ ဝယ်လိုအားအတွက် အကြွေးများထောက်ပံ့ပေးရန် လိုအပ်နေပါသေးသည်။” ဟု ရေးသားခဲ့သည်။
ဗာဆိုင်းမှ သင်ခန်းစာကို မူဝါဒချမှတ်သူများက လေ့လာထုတ်ယူခဲ့ကြသည်။
အမေရိကန်ပြည်ထောင်စု၏ ရက်ရောပေးကမ်းလိုသည့် စိတ်ဓာတ်နှင့် ကိုယ် ကျိုးစီးပွားတို့က မာရှယ်စီမံကိန်း (Marshall Plan) တွင် အတူတကွ ရော၍ ပါဝင်လာခဲ့သည်။ ယင်းစီမံကိန်း၏ အမေရိကန်ဒေါ်လာ ၁၃ ဘီလီယံကို အနောက် ဥရောပနိုင်ငံ များသို့ စစ်ကြီးပြီးနောက် မိမိခြေထောက်ပေါ်တွင် ပြန်၍ရပ်တည်နိုင်စေရန် ဘဏ္ဍာငွေ ထောက်ပံ့ပေးမည် ဖြစ်သည်။ ယင်း အကူ အညီတွင် ဆိုဗီယက်ယူနီယံ၏ ခြိမ်းခြောက်မှုအောက် နစ်နာခံစားနေရဖွယ်ရှိသော နိုင်ငံငယ်များအတွက်လည်း ထောက် ပံ့ပေးမည် ဖြစ်သည်။ မာရှယ်စီမံကိန်း၏ အကူအညီကို အစောပိုင်းတွင် ဆိုဗီယက်ယူနီယံနှင့် သူ၏မဟာမိတ်များအတွက် လည်း ထောက်ပံ့ရန် ကမ်းလှမ်းခဲ့သေးသည်။ သို့သော်လည်း စတာလင်က ငြင်းပယ်သည်။ ချက်ကိုစလိုဗားကီးယား နှင့် ပိုလန်နိုင်ငံများကိုလည်း ငြင်းပယ်လိုက်ရန် ဖိအားပေးသည်။
ဆိုဗီယက်ယူနီယံကလည်း သူ၏ကိုယ်ပိုင် မိုလိုတော့ အစီအစဉ် (Molotov Plan) ကို စတင်သည်။ မာရှယ်စီမံကိန်းသည် ဥရောပ ပေါင်းစည်းရေးအတွက်လည်း အခြေခံများကို ဖန်တီးထားပေးသည်။ ယင်းစီမံကိန်း၏ ထုတ်လုပ်နိုင်စွမ်း မြင့်တက်လာ စေရန် အလေးပေးဆောင်ရွက်ထားပြီး၊ ဥရောပက နောက်လာမည့် ဆယ်စုနှစ် ၂ ခုတွင် အမေရိကန်ပြည်ထောင်စုကို လိုက်၍ မီလာသည်။ ဥရောပ၏ စီးပွားရေး နလံထလာမှုက အထူးအံ့ဩဖွယ် ဖြစ်သည်။ ၁၉၄၇ ခုနှစ်မှ ၁၉၅၁ ခုနှစ်အကြားတွင် အနောက် ဥရောပ၏ GDP မှာ ၃၀% မြင့်တက်လာခဲ့သည်။
မဟာမိတ်အုပ်စုများက ဂျာမဏီနိုင်ငံကိုလည်း ပထမကမ္ဘာစစ်ပြီးကာလ စစ် လျော်ကြေးများ နစ်နေရသကဲ့သို့ သွေးစိမ်းရှင်ရှင် ပန်း၍ ထွက်မနေစေပါ။ အနောက်ဂျာမဏီက အမေရိကန်ဒေါ်လာ ၁.၄ ဘီလီယံ အကူအညီရရှိသည်။ အမေရိကားက သဘော ပေါက်ထားသည်မှာ ဂျာမဏီစီးပွားရေး ပြန်လည်နာလံထူမှု မရှိဘဲ ကျန်ဥရောပနိုင်ငံများ၏ စီးပွားရေး နလံထမှုသည် ပြဿနာ ရှိနေပါလိမ့်မည်။ ၁၉၅၂ ခုနှစ်တွင် အနောက်ဂျာမဏီက ဥရောပ ကျောက်မီးသွေးနှင့် သံမဏိ အသိုက်အဝန်း (ECSC) သို့ ပူးပေါင်းခဲ့သည်။ (ECSC) က ဥရောပ စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ (EEC) ၏ ရှေ့ပြေးကနဦး အဖွဲ့အစည်း ဖြစ်ပြီး၊ ပြင်သစ်၊ ဂျာမဏီ၊ အီတလီ၊ ဘယ်လ်ဂျီယံနှင့် နယ်သာလန်၊ လူဇင်ဘာ့ဂ်တို့ ပါဝင်ကြသည်။ ၁၉၅၇ ခုနှစ်တွင် အီတလီ နိုင်ငံ ရောမမြို့တွင် ဖွဲ့စည်းခဲ့သည်။
ချီးမြှောက်နေရုံးမျှမဟုတ်ပါ၊ မာရှယ်စီမံကိန်းအပေါ် ဝေဖန်ကြသည်များလည်း ရှိပါသေးသည်။ အံ့ဩဖွယ်မဟုတ်သည်မှာ ဝေဖန်မှု အများစုက အသစ်သောကျမ်းရိုး စီးပွားရေးပညာရှင်များ (neoclassical economists)- ဥပမာအားဖြင့် ယခင် FED ဥက္ကဋ္ဌ အလန် ဂရင်းစပန်း (Alan Greenspan) တို့ဆီမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။ သူက ယခုအကူအညီသည် အလဟဿ ဖြစ်ရန် အလားအလာများ ရှိနေပြီး၊ လွတ်လပ်သည့် ဈေးကွက်လည်ပတ်မှု ပုံစံကို ဝင်ရောက်စွက်ဖက်ရာကျသည်ဟု မြင်သည်။ ဂရင်းစပန်းက ယင်းစီမံကိန်း၏ အရေးပါပုံကို သိပ်အထင်မကြီးဘဲ သူ၏ ကိုယ်ရေးအမှတ်ရများကို ပြန်၍ ဖော်ပြသည့် “လှိုင်းကြီးလေထန်ခေတ်” (The Age of Turbulence) တွင် ဤသို့ ဖော်ပြခဲ့သည်။
“သမားရိုးကျ သိမြင်မှုများအရ ဥရောပ ပြန်လည်နာလံမှုအတွက် မာရှယ်စီမံကိန်း၏ ကျေးဇူးကို ဖော်ပြကြသည်။ မာရှယ် စီမံကိန်းက အထောက်အပံ့ဖြစ်စေခဲ့သည်ကို ကျနော်သံသယ မရှိပါ။ သို့သော် စစ်ပြီးကာလ ပြန်လည်နာလံထမှု၏ ထူးခြားအံ့ မခန်းဖွယ် အတိုင်းအဆနှင့်စာလျှင် လွန်စွာသေးငယ် နေပါသည်။ ၁၉၄၈ ခုနှစ်တွင် အနောက်ဂျာမဏီ၏ ထုတ်ကုန်များနှင့် ငွေကြေးဈေးကွက်အပေါ် စီးပွားရေးဒါရိုက်တာဖြစ်သူ လဒ်ဝစ် အာဟဒ် (Ludwig Erhard) က လွတ်လပ်ခွင့်ပေးလိုက်ခြင်းက အနောက် ဥရောပ စီးပွားရေးပြန်လည် နာလံထမှုအတွက် ပို၍ အရေးပါနေပါသေးသည်။”
မဟာမိတ်တပ်များက ဂျပန်ကို ၁၉၄၅ ခုနှစ် စက်တင်ဘာတွင် လက်နက်ချ စစ်ရှုံးစေခဲ့သည်။ မဟာမိတ်တပ်များ၏ စစ်သေနာပတိချုပ် ဒေါက်ဂလပ်စ် မက်အာသာ (Douglas MacArthur) ကို ဂျပန်နိုင်ငံ စီးပွားရေး ပြန်လည်နာလန်ထူရေးကို ကြီး ကြပ်ရန် တာဝန်ပေးခဲ့သည်။ ဂျပန်က အမေရိကန်ပြည်ထောင်စုထံမှ ပြန်လည်တည်ဆောက်ရေး အကူအညီ အမေရိကန် ဒေါ်လာ ၂.၄ ဘီလီယံ ရရှိခဲ့ပြီး၊ ဒီမိုကရေစီ ကိုယ်ပိုင်အစိုးရတရပ် ထူထောင်ရန်၊ စီးပွားရေး တည်ငြိမ်ရန်နှင့် ဂျပန်က ကျန် ကမ္ဘာနှင့် ငြိမ်းချမ်းစွာ အတူတကွလက်တွဲနေထိုင်နိုင်ရန် ရည်မှန်းချက်ထားခဲ့သည်။ ဂျပန်နိုင်ငံ၏ စီးပွားရေး ပြန်လည် နာလန်ထမှုက သိသာလှသည်။ ၁၉၅၃ ခုနှစ်တွင် မိမိခြေပေါ် ပြန်၍ ရပ်တည်လာနိုင်သည်။ ဒုတိယကမ္ဘာစစ်မတိုင်မီ ထုတ်လုပ်နိုင်မှု အဆင့်ကိုပြန်၍မီလာသည်။
Haan, Peter de. (2016). From Keynes to Piketty: The Century that Shook Up Economics. Palgrave Macmillan
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar