Breaking News

ဘုရားသုံးဆူနယ်မြေက သတ္တုမိုင်း လေကြောင်းတိုက်ခိုက်မှု၊ ရခိုင်ပြည်နယ် မောင်တောမြို့နယ်က အရပ်သား သေဆုံးမှု

မြန်မာနွေဦး ခရိုနီကယ် - နိုဝင်ဘာ ၁၆ မြင်ကွင်း

(မိုးမခ) နိုဝင်ဘာ ၁၇၊ ၂၀၂၂


ဘုရားသုံးဆူနယ်မြေက သတ္တုမိုင်း လေကြောင်းတိုက်ခိုက်မှု၊ ရခိုင်ပြည်နယ် မောင်တောမြို့နယ်က အရပ်သား သေဆုံးမှု 

ဘုရားသုံးဆူနယ်မြေထဲက ကေအန်ယူ အဖွဲ့ရဲ့ ထိန်းချုပ်ဧရိယာထဲမှာရှိတဲ့ ခနောက်စိမ်း သတ္တုတွင်းနေရာကို စစ်ကောင်စီ လေယာဥ်တွေက ယမန်နေ့ နံနက်စောစောမှာ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ သေဆုံးမှုတွေ ရှိပြီး အဆောက်အဦတွေ ပျက်စီးခဲ့တယ်လို့ဆိုပါတယ်။ တရုတ်နိုင်ငံသားတဦးလည်း သေဆုံးတဲ့အထဲမှာပါဝင်တယ်လို့ သိရပါတယ်။ စစ်ကောင်စီဘက်က ပစ်ခတ်မှုကို အတည်ပြုပြီး တရုတ်နိုင်ငံသားက တရားမဝင် ဝင်ရောက်နေထိုင် လုပ်ကိုင်နေတာ ဖြစ်လို့ အလေးထားစရာ မလိုတဲ့သဘောမျိုး သတင်းမီဒီယာကို ပြောဆိုလိုက်တာလည်း သတင်းတွေအရ သိရပါတယ်။ မကြာခင် ရက်တွေအတွင်းက ညောင်လေးပင်ခရိုင်၊ ကြာအင်းဆိပ်ကြီး မြို့နယ်တို့မှာ စစ်ကောင်စီရဲ့ တပ်စခန်း၊ ရဲစခန်းတွေကို ကေအန်ယူက တိုက်ခိုက်ခဲ့တာတွေ သိမ်းပိုက်ဖျက်ဆီးခဲ့တာတွေကို လက်တုံ့ပြန်တဲ့အနေနဲ့ လေကြောင်းက တိုက်ခိုက်ခဲ့တယ်လို့ ယူဆစရာရှိပါတယ်။ 

ညောင်လေးပင် ခရိုင်ထဲမှာ တပ်စခန်း ၃ ခုကို ဝင်တိုက်ခဲ့သလို ကြာအင်းဆိပ်ကြီးမြို့နယ်ထဲမှာလည်း ရဲစခန်းကို ဝင်တိုက်ခဲ့တာဖြစ်လို့ စစ်ကောင်စီဘက်က လေကြောင်းနဲ့ လက်တုံ့ပြန်ပြီး လက်စားခြေ သတိပေးတဲ့ အဓိပ္ပါယ် ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ 

ဒီနေ့မှာပဲ ကယားပြည်နယ်မှာလည်း မူလတန်း စာသင်ကျောင်းတကျောင်းကို လေကြောင်းက တိုက်ခိုက်ခဲ့ရာမှာ အသက် ၅ နှစ်အရွယ် ကလေးငယ်တဦး သေဆုံးပြီး အချို့ ဒဏ်ရာရခဲ့ကြပါတယ်။ စစ်ကောင်စီအနေနဲ့ လေကြောင်းတိုက် ပစ်ခတ်တိုက်ခိုက်မှုကို စစ်ရေးအသာစီးအနေနဲ့ အသုံးချနေပြီး တိုင်းရင်းသားလက်နက်ကိုင် ဧရိယာတွေမှာလည်း အရပ်သားတွေ နေထိုင်တဲ့ ကျေးရွာတွေ စာသင်ကျောင်း ဘာသာရေး အဆောက်အဦတွေကို မခွဲခြားဘဲ ပစ်ခတ်တိုက်ခိုက်မှုတွေ ရှိနေသလို ဖားကန့်လို အဖြစ်အပျက်မှာ ပွဲလမ်းသဘင် အခမ်းအနားလိုမျိုးကိုတောင် ပစ်ခတ်ခဲ့တာကြောင့် လူ ၆၀ ထက်မနည်းသေဆုံးခဲ့ရတာတွေကို ကြည့်ရင် လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကိုင် အဖွဲ့တွေကို ခြိမ်းခြောက်ပြီး စစ်စခန်းတွေ သိမ်းတာ တိုက်ခိုက်တာတွေကို မလုပ်အောင် ခြိမ်းခြောက်တဲ့ သတင်းစကားပေးချင်တာလို့ ယူဆရပါတယ်။ 

ဒီနေ့ အဖြစ်အပျက်တွေထဲ အဖြစ်အပျက်တခုထဲတင် အရပ်သား ဆယ်ဦးထက် မနည်းသေဆုံးရတဲ့အဖြစ်အပျက် တခုက ရခိုင်ပြည်နယ် မောင်တောမြို့နယ်က ဂြိတ်ချောင်းကျေးရွာမှာ ဖြစ်ပျက်ခဲ့တာဖြစ်ပါတယ်။ ကျေးရွာမှာ ကလေးကင်ပွန်းတပ်တဲ့ပွဲကို ပစ်ခတ်ခဲ့ရာမှာ အရပ်သား ၁၀ ဦးထက်မနည်း သေဆုံးပြီး ၂၀ ကျော်ဒဏ်ရာရ ခဲ့ကြတယ်လို့ သတင်းတွေမှာ ဖေါ်ပြထားပါတယ်။ ဒေသတွင်း သတင်းဌာနတွေ ဖြစ်တဲ့ DMG , Nerinjara တို့ကတော့ အဲဒီရွာအနီးမှာ ရှိတဲ့ စစ်ကောင်စီရဲ့ နမခ (၇) ထဲကပစ်ခတ်တာလို့ ယူဆကြပြီး စစ်ကောင်စီဘက်ကတော့ ၄င်းတို့ရဲ့ ဝါဒဖြန့်တယ်လီဂရမ်မှာ အေအေရဲ့ ပစ်ခတ်မှုကြောင့်လို့ တန်ပြန်စွပ်စွဲနေတာတွေ တွေ့ရပါတယ်။ 

အခုလို ၁၀ ဦးထက်မနည်း သေဆုံးရတဲ့အဖြစ်အပျက်ဟာ လေကြောင်းတိုက်ခိုက်မှုမဟုတ်ပဲ မြေပြင် လက်နက်ကြီးကျည် ကျတာကြောင့် သေဆုံးတဲ့ အဖြစ်အပျက်တွေထဲ  သေဆုံးမှုအများဆုံးသော ဖြစ်ရပ်တခုဖြစ်ပါတယ်။ မြိုလူမျိုးစုတွေ နေထိုင်တဲ့ရွာဖြစ်ပြီး ဆယ်ဦးကျော် သေဆုံးကာ ၂၀ ကျော်ဒဏ်ရာရခဲ့တဲ့ ဖြစ်ရပ်ဟာ ခြောက်ခြားစရာကောင်းတဲ့ ဖြစ်ရပ်တခုဖြစ်ပြီး လက်နက်ကိုင် တိုက်ပွဲကို ဆန့်ကျင်လာအောင် စစ်ကောင်စီဘက်က ဖိအားပေးတဲ့ ဖြစ်ရပ်တခုလို့ မှန်းဆကြည့်ရပါတယ်။ မကြာခင်က အစ္စလာမ်ဘာသာဝင်တွေနေထိုင်တဲ့ ကျေးရွာအနီး အေအေနဲ့ စစ်ကောင်စီတပ်အကြား ပစ်ခတ်မှုတွေအတွင်း လက်နက်ငယ်ကြောင့် ဒေသက လေးစားကြတဲ့ ကျောင်းဆရာတဦးသေဆုံးခဲ့ရတဲ့ အဖြစ်အပျက်မှာတောင် ဘယ်ဘက်က ပစ်တယ်ဆိုတာ အပြန်အလှန်စွပ်စွဲ ပြောဆိုမှုတွေရှိနေကြတာမို့လို့ အခုလို လက်နက်ကြီး ကျည်ကျရောက်မှုလိုမျိုးမှာ တထစ်ချပြောဖို့ ခက်ခဲသလို ဝါဒဖြန့်ချိမှုတွေနဲ့ ပဲအဆုံးသတ်လိုက်ရမယ့် အခြေအနေမျိုးလည်း ဖြစ်ပါတယ်။ စစ်ပွဲတွေက ပိုပြီး ရက်စက်တဲ့ တိုက်ခိုက်မှုတွေ ဖြစ်လာပြီး အရပ်သားတွေ စစ်ပွဲနဲ့ မသက်ဆိုင်သူတွေကိုပါ ဝိုင်းကြီးချုပ် ပြစ်ဒဏ်ခံရအောင် လုပ်ဆောင်လာနေကြတာလည်း ဖြစ်ပါတယ်။ 

နောက်သတင်းတပုဒ်ကတော့ မနက်ဖြန်မှာ ကျရောက်မယ့် အမျိုးသားနေ့မှာ ပုဒ်မ ၅၀၅-က နဲ့ ပြစ်ဒဏ်ကျထားတဲ့ တက်ကြွလှုပ်ရှားသူတွေနဲ့ အနုပညာရှင်တွေ၊ တချို့ ဝရမ်းထုတ်ခံထားရသူတွေ ၊ နိုင်ငံခြားသားအချို့ ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးမယ်လို့ စစ်ကောင်စီရဲ့ ည ၈ နာရီသတင်းမှာ ကြေညာခဲ့ပြီး အသေးစိတ်ကို မနက်ဖြန် နံနက်မှာ ကြေညာမယ်လို့ ဆိုပါတယ်။ 

စစ်ကောင်စီအနေနဲ့ အကျဥ်းထောင်တွေမှာ အရေအတွက် များပြားလွန်းနေတာ၊ နိုင်ငံခြားသားတချို့ကို နိုင်ငံရေးပုဒ်မတွေနဲ့ ဖမ်းဆီးထားရာကနေ လွှတ်ပေးပြီး နိုင်ငံအချို့ရဲ့ သံတမန်ဖိအားကိုလျော့စေချင်တာ စတဲ့ရည်ရွယ်ချက်တွေကြောင့် အခုလို လွတ်ငြိမ်းခွင့်ကို ကြေညာတာဖြစ်နိုင်ပါတယ်။ အကျဥ်းထောင်တွေထဲ နိုင်ငံရေးပြစ်မှုနဲ့ ဖမ်းဆီးထားသူ ပြစ်ဒဏ်ချမှတ်ခံရသူ ပြန်လွတ်သူ စုစုပေါင်းလိုက်ရင် ၂ နှစ်နီးပါးအတွင်း ၁ သောင်း ၆ထောင် ကျော်ရှိနေပြီး မြန်မာနိုင်ငံသမိုင်းမှာ အများဆုံးသော ကိန်းဂဏန်းတွေနဲ့ စံချိန်တင် များပြားနေတာလည်း ဖြစ်ပါတော့တယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar