Breaking News

အောင်သူငြိမ်း - နိုင်ငံရေးဆိုင်ရာ စီးပွားရေးဖွံ့ဖြိုးမှုများ (၁၉၁၄-၂၀၁၄) - ၆ - ငှက်တကောင်ရဲ့ အပေါ်စီးမြင်ကွင်း

အောင်သူငြိမ်း - နိုင်ငံရေးဆိုင်ရာ စီးပွားရေးဖွံ့ဖြိုးမှုများ (၁၉၁၄-၂၀၁၄) - ၆ - ငှက်တကောင်ရဲ့ အပေါ်စီးမြင်ကွင်း

(မိုးမခ) နိုဝင်ဘာ ၁၇၊ ၂၀၂၂


ဘရက်တန်ဝုဒ် အဖွဲ့အစည်းများ (Bretton Woods) နှင့် ကမ္ဘာ့ကုလသမဂ္ဂ 

နိုင်ငံတကာ ငွေကြေးတည်ငြိမ်မှု ရရှိနိုင်ရန်အတွက် ဘရက်တန်ဝုဒ် (Bretton Woods) သဘောတူညီချက်များဖြင့် ဆောင် ရွက်စေသည်။ ၁၉၄၄ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု၊ နယူးဟမ့်ရှိုင်းယားပြည်နယ်၊ ဘရက်တန်ဝုဒ် အရပ်တွင် နိုင်ငံ ၄၄ ခု မှ ခေါင်းဆောင်များ ညှိနှိုင်းသဘောတူညီခဲ့ကြခြင်း ဖြစ်သည်။ ဒုတိယကမ္ဘာစစ် မတိုင်မီတွင် နိုင်ငံတကာငွေကြေးဖလှယ်မှု၌ ထိန်းသိမ်း၍ မရနိုင်စွမ်းသည့် မတည်ငြိမ်မှုများ ပေါ်ပေါက်ခဲ့ပြီး ယင်းကို ပုံသေသတ်မှတ်ထားသည့် ငွေကြေးလဲလှယ်မှုစနစ် တခုဖြင့် အစားထိုးခဲ့ရသည်။ ဘရက်တန်ဝုဒ် အဖွဲ့အစည်းများတွင် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) နှင့် ကမ္ဘာ့ဘဏ် (World Bank) တည်ထောင်ခြင်းတို့ ပါဝင်သည်။ ဘရက်တန်ဝုဒ် သဘောတူညီချက်များ၏ အခြားသော ဦးတည် ချက်တခုမှာ လွတ်လပ်သည့်ကုန်သွယ်ရေး ဖြစ်သည်။ ဤသို့ သက်ရောက်မှုရှိစေရန် သွင်းကုန်ခွန်နှင့် ကုန်သွယ်ရေးဆိုင်ရာ အထွေထွေ သဘောတူညီချက် (General Agreement on Tariffs and Trade) အဖွဲ့အစည်းကို ၁၉၅၆ ခုနှစ်တွင် စတင်တည် ထောင်သည်။ ၁၉၉၅ ခုနှစ်တွင် GATT ၏ ဥရုဂွေးအစည်းအဝေးပြီးနောက်တွင် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ကို စ၍ ဖန်တီး ထူထောင်ခဲ့သည်။ 

၁၉၄၃ ခုနှစ် ကုလသမဂ္ဂ ကယ်ဆယ်ရေးနှင့် ပြည်လည်ထူထောင်ရေး အုပ်ချုပ်မှုအဖွဲ့ကို တည်ထောင်ပြီးသည့် နောက်ပိုင်းနှစ် များတွင် ကုလသမဂ္ဂကို တည်ထောင်ခဲ့သည်။ သက်တမ်းတိုခဲ့သည့် နိုင်ငံပေါင်းချုပ်အသင်းကြီး (League of Nations) နှင့် ခြားနားသည်မှာ ဒုတိယကမ္ဘာစစ်ပြီး နောက်ပိုင်းတွင် ကုလသမဂ္ဂအဖွဲ့ကြီးက သံတမာန်ရေးနှင့် စစ်ရေးကိစ္စများ၊ ငြိမ်းချမ်းရေး ထိန်းသိမ်းမှုကိစ္စများ၊ အရေးပေါ်နှင့် ဖွံ့ဖြိုးရေး အကူအညီပေးမှုများတွင် အရေးပါသည့် အခန်းကဏ္ဍက ပါဝင်လာခြင်း ဖြစ်သည်။ အလားတူပင် ကမ္ဘာတခုလုံး၏ စိုးရိမ်ပူပန်မှုဖြစ်သော လူ့အခွင့်အရေးကိစ္စများ၊ ဒုက္ခသည် စောင့် ရှောက်ရေး၊ စားနပ် ရိက္ခာ၊ ကျန်းမာရေးနှင့် သဘာဝ ပတ်ဝန်းကျင်ပြောင်းလဲမှု ကိစ္စများကိုပါ ဆောင်ရွက်ခဲ့သည်။ 

ကြွယ်ဝချမ်းသာမှု 

စစ်ကြီးပြီးကာလမှသည် ပထမအကြမ် ရေနံကြောင့် စီးပွားရေးသွေးလန့်မှု ဖြစ်ရသည့် ၁၉၇၃ ခုနှစ်တိုင် “ရွှေခေတ်” ဟု ထင် ရှား လူသိများခဲ့သည်။ အမေရိက၊ ကနေဒါ၊ အနောက် ဥရောပ၊ ဩစတြေလျ၊ နယူးဇီလန်နှင့် ဂျပန်တို့တွင် ရှင်သန်အားကောင်း သော စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို မြင်တွေ့ခဲ့ကြရသည်။ အာရှ ကျားလေးကောင် (ဟောင်ကောင်၊ စင်္ကာပူ၊ တောင် ကိုရီးယား၊ တိုင်ဝမ်) တို့၏ စီးပွားရေးစနစ်များ လေယာဉ်တက်သည့်သဖွယ် တိုးတက်လာကြသည်။ ဤသည်မှာ ဒုတိယကမ္ဘာ စစ်ပြီးနောက်ပိုင်း ဥရောပကိုလိုနီနိုင်ငံများက ယခင် ကိုလိုနီအုပ်ချုပ်ခဲ့ကြသည့် နိုင်ငံအများတွင် လွတ်လပ်ရေးရလာသော် လည်း စီးပွားရေး မဖြစ်ထွန်းခဲ့ကြပါ။ ထိုနိုင်ငံများတွင် စီးပွားရေးဖွံ့ဖြိုးမှု နှင့် ဆင်းရဲ နွမ်းပါးမှု ပပျောက်ရေးအတွက် မအောင်မြင်ခဲ့ကြပါ။ 

ဤသို့ ပေါ်ထွန်းလာသည့် နိုင်ငံသစ်များက “တတိကမ္ဘာ”ဟူသည့် ဝေါဟာရအောက်၌ အတူတကွ စုစည်းကြသည်။ “ရွှေ ခေတ်” ကာလအတွင်းတွင် ပြင်သစ်တို့က “စီးပွားရေးဖွံ့ဖြိုးမှုကာလ နှစ် ၃၀” (les trentes glorieuses) ဟု ခေါ်ဆိုခဲ့ကြ သကဲ့သို့ ငတ်မွတ်ခေါင်းပါးမှုမှ ဖွံ့ဖြိုးပြီး ကမ္ဘာ့နိုင်ငံများတွင် ကြွယ်ဝချမ်းသာလာကြသည်။ ဝင်ငွေအရ တစုံတရာ ဆုံတွေ့မှု ရှိလာသည်ဟု ဆိုနိုင်သည်။ လူများက အရင်းရှင်စနစ်ဆိုသည်မှာ အတိတ်က ရှိခဲ့သည့်အရာဟုပင် ခံစားလာကြရသည်။ 

၁၉၅၈ ခုနှစ်တွင် ဂျွန် ကက်နက် ဂေဘရီယက် (John Kenneth Galbraith) က ရောင်းရသည့်စာအုပ် တအုပ်ဖြစ်သော အမေရိက၏ အသစ်သော ဤအံ့ဖွယ်ဖြစ်ရပ်ကို “ကြွယ်ဝချမ်းသာလာသည့် လူ့အသိုင်းအဝိုင်း” (The Affluent Society) ဟူ၍ စာအုပ်ရေးခဲ့သည်။ စာအုပ်၏ အိုင်ဒီယာတွင် ကြွယ်ဝသည့် လူ့အသိုင်းအဝိုင်းနှင့် ဆင်းရဲသည့် လူ့အသိုင်းအဝိုင်းအကြား နှိုင်း ယှဉ်ဖော်ပြထားခြင်း ဖြစ်သည်။ သူက စီးပွားရေးလုပ်ငန်း ကုမ္ပဏီများက စားသုံးသူတို့၏ အမူအကျင့်အပေါ် အမြတ်ထုတ် အသုံးချသည်ကို ဝေဖန်သည်၊ အစိုးရ ဝန်ဆောင်မှုများက လျစ်လျူရှုထားသောကြောင့် ကြေကွဲဝမ်းနည်းဖွယ်ရာ ဖြစ်ရပြီး၊ ပုဂ္ဂလိကကဏ္ဍတွင် ခမ်းနားကြွယ်ဝမှု စုပြုံစေပြီး၊ အများပြည်သူဆိုင်ရာ အစိုးရကဏ္ဍတွင် ဆင်းရဲနုံချာခြင်း ရလဒ်ဖြစ်ပေါ်စေ သည်။ 

အခြား စီးပွားရေးပညာရှင်တဦးကလည်း ဤအမြင်နောက် လိုက်သည်။ ၁၉၇၆ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စုသို့ ပြောင်း ရွှေ့အခြေချလာသည့် ဟန်ဂေရီပညာရှင် တီဘော စီတော့ဗ်စကီ (Tibor Scitovsky) က “ပျော်ရွှင်မှုကင်းမဲ့သည့် စီးပွားရေး စနစ်” (The Joyless Economy) ဟူသည့် စာအုပ်တွင် ကြွယ်ဝချမ်းသာလာမှုက မည်သည့်အတွက်ကြောင့် အမေရိကန် ပြည်သူလူထုအတွက် ပို၍ ပျော်ရွှင်မှု၊ စိတ်ချမ်းသာမှု မယူဆောင်လာသည်ကို စိစစ်သုံးသပ်ထားသည်။ စီတော့ဗ်စကီ (Scitovsky) က အနှစ်ချုပ်ထားရာ၌ ဇီဝကမ္မဆိုင်ရာ စိတ်ပညာရှင်များက လူသားတို့၏ အမူအကျင့်နှင့် ပတ်သက်သည်ကို တွေ့ရှိသည်ဟု ဆိုသည်။ ဤသို့ဖြင့် သူက အမူအကျင့်အပေါ်အခြေခံသည့် စီးပွားရေးပညာအတွက် လမ်းခင်းအစပျိုးခဲ့သည်။ ဘောဂဗေဒ၏ ဘာသာခွဲအသစ်တခု ဖြစ်လာခဲ့သည်။

Haan, Peter de. (2016). From Keynes to Piketty: The Century that Shook Up Economics. Palgrave Macmillan


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar




Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar