Breaking News

လင်းလက်နွေဦး - သွေးဆိုး

Image- Google

သွေးဆိုး
လင်းလက်နွေဦး
(မိုးမခ) နိုဝင်ဘာ ၁၃၊ ၂၀၂၂
 

ကျနော် ခုရက်ပိုင်း အတွေးဝင်လာတာက၊ ‘ငါ စာတွေ ဖတ်နေတာ ဘာများ အသုံးဝင်လဲ’ ဆိုတာ ကိုပါပဲ။ ဟုတ်တယ်ဗျ၊ ကျနော်က သိပ်မေ့တတ်တာ။ ငယ်ငယ်က ဖတ်ဖူးတဲ့ ပုံပြင်ထဲကလိုပါပဲ။ လူတယောက်ပေါ့လေ၊ အိမ်တအိမ် အလည်ရောက်သွားတော့၊ အဲအိမ်ရှင်က မုန့်တမျိုးနဲ့ ဧည့်ခံလိုက်သတဲ့။ သူက ခုမှစားဖူးပြီးတော့၊ သိပ်ကြိုက်သွားတာပေါ့။ ဒါနဲ့ မုန့်နာမည် မမေ့အောင်၊ တတွတ်တွတ် တဖွဖွ ရွတ်နေတော့တယ်။ ‘မုန့်ချိုပွ... မုန့်ချိုပွ...’ ဆိုပြီးတော့ပေါ့။ အိမ်ကို သုတ်ခြေတင်တယ်၊ မုန့်ချိုပွ... မုန့်ချိုပွလုပ်နေရတော့၊ လမ်းတွေ့တဲ့သူတွေနဲ့လည်း နှုတ်မဆက်ရပေါ့ဗျာ။ လူတွေကလည်း ဒီလူ ဘာလဲပေါ့၊ ပါးစပ်က ပွစိ ပွစိနဲ့ကိုး။ သူကတော့ ရှေးဦးလူသားတွေ ‘မီး’သေမှာစိုးသလို၊ ဆီမန်း မန်းနေတာပဲ။ ဘယ်သူ ဘာထင်ထင်ပေါ့။ ကံဆိုးချင်တော့ လမ်းမှာ ခလုတ်တိုက်မိပြီး ခြေမကြီး နာသွားတယ်၊ အောက်မလေး... ငါ့ခြေမတော့ နာပါပြီ။ အဲနောက် ‘မုန့်ချိုပွ’ ကနေ ‘ငါ့ခြေမ’ပြောင်းသွားတယ်။ သူ မသိလိုက်ဘူး။ အိမ်ရောက်တော့၊ တခါတည်း ဇနီး ဖြစ်သူကို ပြောလိုက်တယ်၊ မမေ့ခင်ပေါ့လေ၊ နောက်နေ့ ဈေးသွားရင် ‘ငါ့ခြေမ’ ဆိုတဲ့မုန့် ဝယ်ခဲ့စမ်းပါကွာ။

အဲလိုပါပဲ၊ ကျနော်က သိပ်မေ့တတ်နေပြီ။ အသက်က မကြီးသေးပေမယ့်၊ မေ့တတ်နေပြီ။ အယ်ဇိုင်းမားလိုတော့မဟုတ်ပါဘူး။ ငယ်ငယ်ကအကြောင်းတွေလည်းမေ့တတ်တာပါပဲ။ ခင်ဗျားကမှ ‘ငယ်ရည်စား’အကြောင်းတော့ မေ့မရ ဖြစ်နေလိမ့်အုံးမယ်။ ကျနော့်ဖြင့် ‘ဘယ်သူက ငယ်ရည်စားပါလိမ့်’လို့ တွေးလို့ကို မရဘူး။ ဒါကြောင့် မဖြစ်ချေဘူး။ ရှေးသံဃာတွေထုံး နှလုံးမူပြီး၊ အက္ခရာအဖြစ် တင်ထားအုံးမှလို့ သဘောပေါက်မိတယ်။ လောလောလတ်လတ်ဖတ်ထားတဲ့ ‘သွေးဆိုး’ကိုပြန်ရေးကြည့်မယ်လို့ စဉ်းစားမိတယ်။ ကံများတယ်ဆိုးသကိုး၊ ‘သွေးဆိုး’ကို ပြန်စဉ်းစားကြည့်လိုက်တော့ ငယ်ငယ်က ဖတ်ရတဲ့ သိုင်းဝတ္ထု ထက်တောင် ပိုရှုပ်သေး။ နာမည်တွေ၊ ရာထူးတွေကလည်း အများကြီး။ ‘အဲလိဇဘက် ဟုမ်း’နဲ့ တိတ်တိတ်ပုန်းအချစ်ဇာတ်လမ်းရိုက်နေတဲ့လူ ကြီး နာမည်တောင် မေ့သွားပြီး။ ဘာဝါနီ... ဘာ ဘာဝါနီပါလိမ့်။ ဒါကြောင့် မြန်မာမှုပြုပြီး... ‘ငါ့ခြေမ’လို့ပဲ ပြောပြလိုက်တော့မယ်နော်။

‘သွေးဆိုး’ ကို ဖတ်ကြည့်တော့ ကျနော် အရင်က အထင်ကြီးထားတဲ့ အမေရိကန်၊ ဆီလီကွန်တောင်ကြားက တီထွင်ဖန်တီးမှုတွေကို သံသယ စဝင်လာမိတယ်။ အရင်ကဆို ပစ္စည်းတခုခုဆိုပါတော့၊ ဘယ်နိုင်ငံထုတ်လဲလို့ အရင်ကြည့်မိတယ်မဟုတ်လား။ ‘အမေရိကန် စတန်းဒက်’ဆို လွတ် သဘောကျ။ ‘သာရနို’ ကုမ္မဏီက ‘အက်ဒီဆင်’တို့၊ ‘မီနီဓာတ်ခွဲခန်း’တို့အကြောင်း မသိခင်ကပေါ့။ ဆယ်ကျော်သက်ပေမယ့် တော်ကီ ညက်တဲ့ ‘ဟုမ်း’ရဲ့ ဆွဲဆောင်မှု မခံလိုက်ရလို့ပေါ့။ တော်ပေ့ဆိုတဲ့ နိုင်ငံရေးသမားကြီးတွေ၊ တတ်ပေ့ဆိုတဲ့ ရင်းနှီးမြှုပ်နှံသူတွေ၊ အကွက်မြင်ပေ့ဆိုတဲ့ စီး ပွားရေးသမားကြီးတွေ... မျက်စိမှောက်ကုန်တယ်။ အေးလေ... ငယ်ငယ်ချောချောလေးဆိုတော့ ဘယ်အပြစ်မြင်ရက်မလဲ။ နောက်တခုက ‘တောင်းဆိုမှုနဲ့လည်း ကိုက်ညီနေတယ်’ လို့ စာရေးသူ သတင်းထောက်ကြီးက သုံးသပ်ပြတယ်။ စွန့်ဦးတီထွင်မှုမှာ ဦးဆောင်သူတွေက အမျိုးသားတွေချည်းဖြစ်နေတဲ့အချိန်၊ နိုင်ငံက/ ကမ္ဘာက အမျိုးသမီးစွန့်ဦးတီထွင်သူတဦးကို အလိုရှိနေချိန်လို့ ဆိုပါတယ်။

တကယ်‌တော့ စတန်းဖို့ဒ် တက္ကသိုလ်တုန်းကတော့ ကလေးအတွေးလိုမျိုး ဖြစ်ခဲ့တာပေါ့။ ကျနော်တို့ဆီမှာတော့ ကလေးအတွေး၊ ကလေးစိတ်ကူး ဆိုပြီး ပျောက်ကွယ်သွားမယ့် အိုင်ဒီယာမျိုးပေါ့။ သူတို့ဆီမှာ တော့ လူ့အခွင့်ရေးတောင် မကဘူး၊ ခွေး အခွင့်ရေးတောင် အလေးထားကြလေတော့၊ အင်ဂျင်နီယာ ပါမောက္ခတယောက်ကိုက အရေးတယူ ရှိတယ်။ သူ့အိုင်ဒီယာက ‘လက်ထိပ်က သွေးလေးတစက်နဲ့ ရောဂါတွေအများကြီး စစ် နိုင်တဲ့ အိမ်သုံးစက်မျိုး၊ လူနာက အိမ်မှာနေရင်း လိုအပ်တဲ့အချိန် သွေး ဖောက်စစ်မယ်၊ သွေးအဖြေက မိသားစု ဆရာ ဝန်ဆီ ရောက်သွားမယ်၊ ဆရာဝန်ကပေးနေတဲ့ ဆေးတွေကို လို တိုး ပိုလျော့ လုပ်ပေး မယ်’၊ အား လုံးက တခဏချင်းပဲ။ အွန်လိုင်းစနစ်ပဲ။ ဘွတ်ကင် ချိတ်စရာမလို၊ အထူးကု စောင့်စရာ မလို၊ ဓာတ်ခွဲခန်း သွားစရာ မလို။ ကျနော်ဆီက ‘တယ်လီကျန်းမာ’ထက် တစ်ကွက်ကျောတယ်နော်။

သူ အဲ အိုင်ဒီယာနဲ့ မြှုပ်နှံသူတွေကို စည်းရုံးတယ်။ အပ်ကြောက်တဲ့သူ ဖြစ်နေတော့၊ ‘လက်ထိပ်က သွေးလေးတစ်စက်’ဆိုတာနဲ့ အဓိကထား ဟော ပြောတာပေါ့။ မြန်မာပြည်က လူတွေဆိုရင်တော့ ‘မြို့တက် ဓာတ်ခွဲခန်း သွားစစ်စရာမလိုဘူး၊ ဆေးခန်းသွားပြစရာမလိုဘူး’ဆိုပြီး စည်းရုံးလောက်တယ်။ ဓာတ်ခွဲခန်းဆိုတာ နယ်မြို့လေးတွေမှာ မရှိဘူး။ ခေတ်ကာလ မကောင်းတဲ့ကြားက မြို့တက် စစ်ရတာ။ စစ်တော့လည်း သွေးတွေ အများကြီးဖောက်၊ အမျိုးစုံ စစ်ခိုင်းတော့ ပိုက်ဆံကုန်ပေါ့ဗျာ။ လူနာ အခြေအနေလေး ကြည့်ပြီး၊ စစ်ဖို့ လိုမယ်ထင်တာလေး စစ်ခိုင်းပေါ့ဗျာ။ ခုဟာက တစ်ခါစစ်ရင် အနည်းဆုံး တစ်သိန်းကျော် ကုန်တာရယ်။

စိတ်ကူးကောင်းတယ်၊ ထိုးထွက်လာမှု ဖြစ်တယ်။ စည်းရုံးအား ကောင်းတယ်၊ ကြော်ငြာအား ကောင်းတယ်။ ‘သွေး နည်းနည်းလေးနဲ့ အများကြီး စစ်နိုင်တယ်’ ဆိုတယ်နော်။ ကုန်ကျစရိတ် အတော် သက်သာမယ့် ပုံစံပါပဲ။ ဒါကြောင့် ‘ဝေါဂရင်း စတိုး’ဆိုင်တွေမှာ ဈေးဝယ်ရင်းနဲ့‌တောင် စစ်ပေးဖို့ စီစဉ်ကြတာပေါ့။ စတိုးဆိုင် ထဲမှာ၊ နေရာလေးတခုနဲ့ သွေးဖောက်ပေးတဲ့သူတယောက်နဲ့၊ ဘယ်လောက်ဟန်ကျမလဲ။ အယ်ဒီဆင်ဆိုတဲ့ စက် ကလေး၊ လက်ဆွဲသေတ္တာလောက်လေးဗျ။ နာနိုကတ်ထရစ်ဆိုလား၊ အဲထဲကို သွေးထည့်လိုက်မှာ၊ ပြီးတော့ အက်ဒီဆင်ထဲ ထည့်၊ ခဏနေ သွေးအဖြေတွေ ထွက်လာမှာတဲ့။ သွေးဖောက်ခဲ့၊ ဈေး တပတ်ဝယ်၊ အပြန် သွေးအဖြေယူခဲ့ရုံပဲ။ ရင်းနှီးမြှုပ်နှံသူတွေသာ များလာတာ၊ အဲ စက်က ပြောသလို အလုပ် မဖြစ်ဘူး။

သွေးလေးက တစ်စက်ထဲ၊ ကတ်ထရစ်လေးက ဆယ်ပြားစေ့လောက်လေး၊ သွေးက သူ့လမ်းကြောင်းနဲ့ သူ မစီးဆင်း၊ လိုရာမရောက်၊ ခဲသွားတဲ့အခါ ခဲ။ ထည့်တဲ့ သွေးက Whole blood တွေဗျ၊ သွေးနီဥတို့ သွေး ဖြူဥတို့ ပါသေးတယ်။ ဆံချည်မျှင်လောက် လမ်းကြောင်းထဲ ဖြောင့်ဖြောင့်တန်းတန်း ဘယ်စီးသွားနိုင်မလဲ။ သိတဲ့သူတွေက ပြောမှာပဲ။ အကြံကောင်းတွေ ပေးကြတာပဲ။ သွေးသုံးလေးစက်ဆိုရင်ကို အယ်ဒီဆင်ကအလုပ်ဖြစ်နိုင်တယ်။ ဒါပေမယ့် ‘ဟုမ်း’က ခေါင်းမာတယ်။

စက္ကူကပ်တဲ့ စက်ရုပ်လက်မှာ သွေးယူပြွန် (Pipettes) တွေ ချည်ထားလိုက်တယ်။ ဒီလက်တွေက စစ်ဆေးပေးတဲ့ ခွက်ကလေးတွေဆီ ပို့ပေးမှာပေါ့။ အဲဒီကမှ သက်ဆိုင်ရာ အဖြေတွေ ထုတ်ပေးမယ် ဆိုတဲ့ သဘော။ သွေးအဖြေတွေရဲ့ အမှားဟာ လူလုပ်တဲ့ အမှားတွေကြောင့် ပိုမှားရတယ်လို့ အဆိုရှိပါတယ်။ ‘Technical Error’ ဆိုတာက ‘ဟုမ်း’ပြောလေ့ရှိတဲ့ လက်ကိုင်စကားပေါ့။ ဒါပေမယ့် သူ့စက်ရုပ်လက်တွေက တန်းတန်းမတ် မတ်မရောက်တာ များတယ်။ မသောက်ရသေးတဲ့အရက်သမား ခေါ်ထည့်ခိုင်းရသလိုနေမှာပေါ့။ ကိုယ်ပိုင်တီထွင်မှုဟာ အဲဒီနာနိုကတ်ထရစ်လေးတခုပဲရှိတာပါ။ ဟိုကဖြုတ်ထည့် ဒီက ဖြတ်ထည့်နဲ့ ပေါ့။ ကျနော်တို့ဆီက စက်မှုသမားတယောက်လောက်ခေါ်ခိုင်းရင် ဒီထက်အောင်မြင်ဖို့ ရှိပါတယ်။ ဒီ အက်ဒီဆင်ကအလုပ်မဖြစ်ဘူး၊ ဒါပေမယ့် အကပ်ကောင်းတော့ ဆီးရီးယားစစ်မြေပြင်ထိ ရောက်သွားတယ်။ ‘အမေရိကန် စစ်တပ်သုံး’လို့ ပြောနိုင်သွားတယ်လေ။

အက်ဒီဆင် မလုပ်မဖြစ်တော့၊ နောက် မျိုးဆက်သစ်တခု ထပ်ထွင်တယ်။ နာမည်ဝှက်တွေ ဘာတွေနဲ့ဗျ။ ဒါလည်း အလုပ်မဖြစ်ပါဘူး။ စက်တွေ အလုပ်မလုပ်ခင်၊ အစမ်းစစ်ဆေးကြည့်ရတယ်။ ကျနော်တို့ ဆီးချို စက်လေးတွေမှာ ပါတယ်လေ၊ စက်မှန် မမှန်စစ်ကြည့်တာမျိုး။ သွေးယူ စတစ်လေး တပ်၊ အဲဒီ စစ်ဆေး အရည်လေး ထည့်စစ်ကြည့်၊ ပြီးရင် အဖြေတိုက်ကြည့်တာမျိုး။ အဲဒီအဖြေမှာ ရှိသင့်တယ် ပုံမှန်ဂဏန်းတွေထဲမှာပဲ ရှိသင့်တယ်။ မှားရင်လက်ခံနိုင်လောက်တဲ့ အနေအထားအတွင်းပဲ ရှိသင့်တာပေါ့။ ဒါကို Standard Error လို့ ခေါ်ပါတယ်။ လက်မခံနိုင်လောက်တဲ့ ကိန်းဂဏန်းတွေပဲ ထွက်နေလို့ရှိရင်၊ စစ်ဆေးမှုကျတယ်ပေါ့။ အဲဒီ နောက်မျိုးဆက်ကြီးကလည်း စစ်လို့တော့ ရတယ်၊ အဖြေတွေက ထွက်ချင်သလို ထွက်တယ်။ စက် စစ်ဆေးတိုင်း ကျတယ်။ Coefficient of Variation ကျတယ်လို့ ပြောတာပါပဲ။

ဒီတော့ ဒီစက်နဲ့ စစ်ဆေးပြီး အဖြေကြည့်ပြီး ဆေးပေးရတဲ့ ဆရာဝန်တွေကလည်း လူနာပေါ် အမှား တွေ ပေးမိမှာပေါ့။ လူနာတွေကလည်း မလို အပ်ဘဲ ဆေးတွေသောက်ရ၊ ထပ်စစ်ရတွေ ဖြစ်ကုန်တယ်။ တော် တာက အဲဒီက ဆရာဝန်တွေက ဒီကမောက်ကမ သွေးအဖြေတွေကို အတည်မယူဘဲ၊ တခြား စိတ်ချရတဲ့ ဓာတ်ခွဲခန်းတွေမှာ ထပ်စစ်ခိုင်းတာပါပဲ။ ကျနော် စိတ်ကူးယဉ်ကြည့်တယ်၊ ဒီလို စက်တွေများ မယမ်မာပြည် ရောက်လာရင်တော့ ကိုယ့်လူရေ ဝါးကြောပဲ။ ဘုန်းကြီးတွေတောင် သင်္ချိုင်းဓုတင် ဆောင်နေရလိမ့်မယ်။ ဆရာဝန်တွေလည်း အလောင်းစည်သူဘွဲ့ရကုန်လိမ့်မယ်။ ဆရာ လယ်တွင်းသား ပြောပြတဲ့ လှတောသားတွေ သာ တွေ့ရင်တော့၊ ‘ခင်ဗျားတို့ စက်တွေပြန်သိမ်းရင် သိမ်း၊ ဒါမှမဟုတ် သင်္ချိုင်းမြေကိုချဲ့ရင် ချဲ့ပေးပါ’လို့ ပြောကြလိမ့်မယ်။

သွေးစစ်တဲ့အခါ တစ်စက်တည်းနဲ့ အလုပ်မဖြစ်တော့၊ အရည်ကျဲဆေးရည်နဲ့သွေးကို ပြန်ဖျော်ပေးရ ပြန်ပါတယ်။ ဒီတော့ သင်္ချာသဘောအရ သွေးတွင်းပစ္စည်း အရေအတွက်တွေက မမှန်တော့ဘူးဆိုပြီး၊ ရတဲ့ အဖြေကို (၂)နဲ့ မြှောက်တာတို့၊ (၃)နဲ့ မြှောက်တာတို့ လုပ်ရပါတယ်။ ကျနော်တို့ဆီမှာနှလုံးခုန်နှုန်းကို (၁) မိနစ် မတိုင်းဘဲ၊ (၁၅) စက္ကန့်တိုင်းပြီး (၄)နဲ့ မြှောက်တာ၊ စက္ကန့် (၃၀)တိုင်းပြီး (၂)နဲ့ မြှောက်တာကိုများ တွေ့ သွားလို့ထင်ပါရဲ့။ သင်္ချာနည်းနဲ့ မှန်ပေမယ့်၊ ဓာတ်ခွဲနည်းမှာတော့ မမှန်ဘူး ထင်ပါရဲ့။ ဘယ်အဖြေမှာ မမှန်။ သွေးတွင်း ဗီတာမင် ဒီ ပမာဏကို စစ်ဆေးတဲ့အခါ တချို့လူနာတွေက သွင်သွင်ကျိုးတော့မယ့်အတိုင်း၊ တချို့ လူနာတွေကတော့ တခါတည်း လေဖြတ်၊ နှလုံးရပ်ပြီး သေတော့မယ့်အတိုင်းလို့ ပြောပါတယ်။ ဒါပေမယ့် FDA ကတော့ သာရနို မီနီဓာတ်ခွဲခန်းစက်ဟာ ကာလသားရောဂါပိုး ရှိမရှိကို စစ်ဆေးနိုင်တယ်လို့ ‌ထောက်ခံပေးလိုက်ပါတယ်။ သနားလို့လား၊ အားနာလို့လားပေါ့လေ။ ဒါပေမယ့် ရောဂါပိုး ရှိ၏ မရှိ၏ဆိုတာဓာတ်ခွဲစနစ်မှာ အလွယ်ကူဆုံးဖြစ်ပါသတဲ့။ ကိန်းဂဏန်းတွေနဲ့ ဖော်ပြပေးရတာလောက် မခက်ဘူးလေ။

‘ဟုမ်း’က လောဘကြီးလို့ရယ်။ သူတို့စက်က အင်မြူနိုအက်ဆေးနည်းနဲ့ (၁၀)မျိုးကျော်ကျော်တော့ စစ်လို့ရနိုင်တယ်ရယ်။ ဒါပေမယ့် မဂ္ဂဇင်း အင် တာဗျူးတွေမှာ၊ ပေ့ချ်တွေမှာ လူအထင်ကြီးအောင် အမျိုးရာကျော် စစ် ဆေးပေးနိုင်တယ်ဆိုပြီး တက်ကြွားထားတာလေ။ ကျနော်တို့ဆီက (၉၆) ပါး ပျောက်တယ်ဆိုတဲ့ဆေးတွေလိုပေါ့။ ခုပဲ ကင်ဆာရောဂါပျောက်သွားပြီ။ ခုပဲ အေအိုင်ဒီအက်စ် နိုင်သွားပြီ၊ ဆိုသလိုလေ။ တကယ်လည်း ကုပြီဟေ့ဆိုတော့ ယဥဆူးငြိနေတဲ့ အမဲလိုက်ခွေးလိုပါပဲ။ သူ့ဆီမှာ အလုပ် သမားပေါင်း (၃)ရာကျော်နဲ့ စတင်ခဲ့တယ်။ နောက် (၁)ရာကျော်လောက်ပဲ ကျန်တော့တယ်။ အလိမ်အညာမှန်းသိကြတော့၊ ကုမ္ပဏီတာဝန်ရှိသူတွေကို ပွင့်ပွင့်လင်းလင်း တင်ပြကြတယ်။ တော်တယ်ဗျ။ ဘာတွေ ဘယ်လို သံသယရှိနေတယ်ပြောကြတယ်။ အရေးမလုပ်ကြဘူး။ ကုမ္ပဏီရဲ့ ရာခိုင် နှုန်း (၉၀)ကျော် ဆုံးဖြတ်နိုင်တဲ့ သူ၊ ‘ဟုမ်း’က အရေးတယူ မလုပ်ဘူး။ လုပ်ရင်းနဲ့ စမ်းသပ်၊ စမ်းသပ်ရင်းနဲ့ အောင်မြင်သွားမယ်လို့ ထင်နေပုံရတယ်။ ဒု ဥက္ကဋ္ဌကလည်း အရေးမလုပ်ဘူး။ ဒါရိုက်တာအဖွဲ့ကလည်း စောဒက မတက်နိုင်ဘူး။

‘သူမ’က အာဏာရူးပဲထင်ပါရဲ့။ ပြီးတော့ ကြောက်စရာလည်းကောင်းတယ်။ လူတွေက အသက် အိုးအိမ်စည်း စိမ်တွေကို ထည့်မတွက်ဘူး။ သူ နာမည်ကြီးဖို့၊ ကျော်စောဖို့ပဲ ကြည့်ခဲ့တာ။ ဒါရိုက်တာတယောက် ဖြစ်ခဲ့တဲ့၊ သူ့မိသားစုနဲ့ မိတ်ဆွေ ဖြစ်ခဲ့တဲ့ အသက် (၉၀) ကျော်၊ ဝန်ကြီးဟောင်းရဲ့ မျက်နှာလည်း မကြည့်။ ပညာရှင်တွေ ပေးတဲ့အကြံဉာဏ်တွေကိုလည်း လက်မခံ။ ရင်းနှီးအောင်လုပ်ခံခဲ့ရတဲ့ ဒုသမ္မတ ဂျိုးဘိုင်ဒင်တို့လို ဩဇာတိက္ကိမကြီးတဲ့သူတွေကိုလည်း မထောက်ထား။

ဒါကြောင့် စာရေးဆရာ သတင်းထောက်က ‘ဟုမ်း’ကို စကားတလုံးနဲ့ မှတ်ချက်ပေးသွားတယ်။ ‘Sociopath’ဆိုတာ ကောင်းကျိုးဆိုးပြစ်ကို ခွဲခြားနိုင်တဲ့အသိတရား လုံးဝမရှိသူ၊ ဒါမှမဟုတ် မဖြစ်စလောက်သာ အသိတရားရှိသူ။  

ကျနော်တို့ဆီမှာ တပုံကြီး။

လင်းလက်နွေဦး
၁၂.၁၁.၂၀၂၂ ညနေ ၂နာရီ ၂မိနစ်။

 -

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar