မိုးမြင့်ယံ - သက္ကရာဇ်ဟောင်းတို့ အလွန်
သက္ကရာဇ်ဟောင်းတို့ အလွန်
မိုးမြင့်ယံ
(မိုးမခ) ဇန်နဝါရီ ၄၊ ၂၀၂၃
နှစ်တနှစ်၏ နောက်ဆုံးသော လ ဒီဇင်ဘာ၌ ပြာသို သည် အဝင်စောခဲ့ပေသည်လားမသိ အေးစိမ့်မှုတို့သည် နယ်မြို့လေးကို ရစ်ပါတ်လွှမ်းခြုံထားပေသည် ။
ဒုက္ခတို့အားတင်ဆောင်ရင်း ခုတ်မောင်းလာသော သက္ကရာဇ်ရထားတစင်း သည် ပြက္ခဒိန်တခုကို ဖဲ့ချန်ထားရစ်ကာ နောက်ထပ် မိုင်တိုင်တခုဆီသို့ ဆက်လက် ဦးတည်ထွက်ခွာလာခဲ့ပြန်သည် ။
ညသည် တဖြည်းဖြည်းထူထပ်သိပ်သည်းလာကာ နှင်းတို့ဖြင့်ဝေ့သီဆိုင်းလျက်ရှိနေပေသည် ။
တကိုယ်စာ အခန်းငယ်လေးအတွင်း၌ တိတ်ဆိတ်စွာထိုင်နေသော်လည်း လေးဘက်လေးတန်မှ ပျံ့လွင့်လာသော ဆောင်းဘောက်စ်မှ သီချင်းသံတို့သည် လေအဝှေ့၌ ပြတင်းတံခါးမှတဆင့် နှင်းငွေ့တို့နှင့်အတူတကွ နား စည်ကို ဆူညံလွန်းစွာ တိုးတိုက်ဝင်ရောက်လာကာ ကျွန်တော်အား စိတ်ဒုက္ခပေးလျက်ရှိနေပြန်သေးသည် ။
မပျော်ရွှင်ရခြင်း ဒုက္ခနေ့ရက်တွေထဲ၌ လောင်မြိုက်ခံဘဝများစွာတို့အတွက် စိတ်သည် နာကျင်ခံခက်လွန်းစွာ မငြိမ်းမြနိုင်ပေ။
ထို့အတူပင် အေးချမ်းလှသော ယခုလို ပြာသိုလ၏ညနက်နက်ထဲတွင် တောတောင်တွေထဲ၌ ဘဝ နဲ့ အသက်ကို စတေးမြှုပ်နှံ့ထားကြသော ရဲရင့်လူငယ်တွေအတွက် ခြုံစရာစောင်နှင့် အနွေးထည်တို့သည် လုံလုံလောက်လောက်များရှိပါလေစ သိုတည်းမဟုတ် မီးပုံဖိုပြီး မီးပုံဘေး၌ ဝိုင်းပတ်ထိုင်ကာ အအေးဒဏ်ကိုအံတုရင်းဖြင့် လေယာဥ်သံတွေကိုများ နားစွင့်ထားနေရလေမလား ? ။
ပျော်ရွှင်မှုဆိုသည်ကို ဒီလိုအချိန်မျိုး၌ ကျွန်တော်သည် အဘယ်ကဲ့သို့ စာ လုံးပေါင်းရမည်ကိုမသိနိုင်သေးပြန်ပါလေ။ ထိုအခါ ဒီလိုအချိန်မျိုး၌ ပျေ ာ်ပါးနေကြသော ဖားခြေရာခွက်ထဲက လူ့အန္ဓ မြောက်မြန်မာနိုင်ငံသားတွေကိုကြည့်ပြီး စိတ်ပျက်ရွံ့ရှာမှုသည် ကျွန်တော်ခန္ဓာကိုယ်ပေါ်သို့ ပိုးလောက်လန်းတွေ တရွရွတက်လာသကဲ့သို့ ရွံရှာမှုဖြစ်ရပြန်သည်။
ညသည် တဖြည်းဖြည်း တရွေ့ရွေ့ အချိန်နာရီတို့အားသယ်ဆောင်ကာ အမှောင်ထုထဲသို့တိုးဝင်နေသကဲ့သို့ဆူညံသံတို့သည် ပိုမိုပီသကျယ်လောင်လာခဲ့ပေပြီ ။
ရှုပ်ထွေးနေသော စိတ်အတွေး၌ မိတ်ဆွေတယောက်၏ အနားမဲ့စတုဂံ ဆိုသည့် ကဗျာစာအုပ်လေးထဲမှ ကဗျာလေးတပုဒ်ကို အမှတ်ရမိစွာ အာလျပြေ တကိုယ်ရေ တိုးတိတ်စွာရွတ်ဆိုလိုက်မိပါရဲ့ ။
ယဇ်ပူဇော်ပွဲ ည
နေမိုးဝေး ( ရေဆင်း )
ညဟာ
ကျည်ကာအင်္ကျီ အထပ်ထပ်ဝတ်လို့
ကျိန်စာမိနတ်ဆိုးဟာ ဆေးသမားယင်းထလာသလို
ဂုဏ်သိက္ခာမဲ့ ရိက္ခာတွေ
ဆာလောင်တောင်းဆိုလာတိုင်း
ငါတို့ရဲ့ ဘဝတွေကို ဖဲ့ဖဲ့ပြီးယာဇ်ပူဇော်နေရ
လူနတ်ချမ်းသာပါစေ ဆုတောင်းရင်း
လူနပ်တွေသာ ချမ်းသာသွားကြ
ခပ်ရဲရဲလူတွေက လူဆိုးမွေးတယ်
ကိုယ့်ခြေသံ ကို ပြန်ကြောက်နေရတိုင်း
ညဟာ လက်ရဲဇက်ရဲတွေရဲ့ လက်ထဲ
သွေးတိတ်ခွင့် မရရှာခဲ့
မိုးလင်းဖို့ မျှော်ချင်းက
ဆက်သွယ်မှုဧရိယာပြင်ပတဲ့
ညပျော် ညကြိုက်သူတို့နဲ့
ခပ်နက်နက် ညထဲ
ဘဝ တွေက
ပြည့်တန်ဆာမ ရဲ့ ယောနိဝလို
ချုပ်ရာ အထပ်ထပ်နဲ့
စုတ် ပြတ် သတ်ကုန်ပေါ့ ..... ။
နေမိုးဝေး ( ရေဆင်း )
အနားမဲ့စတုဂံ
ဆိုင်ကယ်သံ ကားစက်သံ အော်ဟစ်ဆူညံသံများဖြင့် နယ်မြို့လေး ၏ ညသည် ဝရုန်းသုန်းကားဆန်လွန်းလှပေသည်။
ထိုထိုသူတို့၏ အလိုက်မသိပျော်ရွှင်မှုတို့သည်ပင် ကျွန်တော့် ရင်နှလုံးအားပိုမို ပူပြင်းလောင်မြှိုက်စေသည်လား မသိနိုင်ပြန် ။
လူငယ်တို့ ၏ဖဲ့ခြွေခံလိုက်ရသော အနာဂတ်ရဲ့အိပ်မက်ဦး ပုရစ်ဖူး နေ့ရက်များ၊ နာကျင်ကွဲအက်ကြေမွမှုတို့ဖြင့် သွေးစွန်းခဲ့ရသောငိုကြွေးရခြင်း မျက် ရည်နေ့ရက်များ၊ အရာရာကို စနစ်ကျလုပ်ကြံသတ်ဖြတ်ခံလိုက်ရသော အနိဋ္ဌာရုံ အတိတ်နေ့ရက်တို့အား အဘယ်ကဲ့သို့သော နှလုံးသားဖြင့် လွယ်လွယ်မေ့ဖျောက်လိုက်လို့ရပါမည်နည်း။
ထိုကဲ့သို့ သက္ကရာဇ်အဟောင်းတို့အား ရဲရင့်ခြင်းနှလုံးသွေးတို့ဖြင့် တွန်းတိုက်ဖြတ်ကျော်ရင်း ရောင်နီဦးရဲ့အလင်းတစနဲ့အတူတကွ နှစ်သစ်တခုမှာ နိုင်ငံတော်အသစ်တခုကိုဆောင်ကျဥ်းပေးမဲ့ လူငယ်တွေရဲ့ရင့်ရင့်ရဲရဲ တောက်ပမှုအားအင်ကို ကျွန်တော်သည် ယုံကြည်မိနေပါသည်လေ။
မိုးမြင့်ယံ
ဒီဇင်ဘာနောက်ဆုံးည
-
Join Us @ MoeMaKa Telegramt.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar