တနိုင်ငံလုံးရဲ့ အဓိက ပြဿနာဖြစ်နေတဲ့ စစ်ဘေးဒုက္ခသည်ပြဿနာ
မြန်မာနွေဦး ခရိုနီကယ် - ဇန်နဝါရီ ၃ မြင်ကွင်း
(မိုးမခ) ဇန်နဝါရီ ၄၊ ၂၀၂၃
တနိုင်ငံလုံးရဲ့ အဓိက ပြဿနာဖြစ်နေတဲ့ စစ်ဘေးဒုက္ခသည်ပြဿနာ
မြန်မာနိုင်ငံတနိုင်ငံလုံးမှာ စစ်ဘေးရှောင်သူလို့ ခုနှစ်ပိုင်းတွေမှာ ခေါ်ဝေါ်လာကြတဲ့ စစ်ဘေးဒုက္ခသည်ပြဿနာက တော်လှန်ရေး အောင်မြင်ဖို့ စစ်ရေးတိုက်ပွဲဆိုင်ရာပြဿနာပြီးရင် အကြီးဆုံးပြဿနာလည်း ဖြစ်နေတယ်လို့ ထင်ပါတယ်။
ဒုတိယကမ္ဘာစစ်အပြီး လွတ်လပ်ရေးရပြီးနောက် မကြာခင်စတင်ဖြစ်ပွားခဲ့တဲ့ မြန်မာနိုင်ငံ ပြည်တွင်းစစ်ကာလမှာတုန်းကလည်း စစ်ဘေးဒုက္ခသည်တွေ ကျယ်ကျယ်ပြန့်ပြန့် ရှိခဲ့သလို ၊ ၁၉၅၀/ ၆၀ ကျော်ခုနှစ်တွေက ဖြစ်ပွားခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ၊ ကွန်မျူနစ်ပါတီနဲ့ စစ်တပ်အကြားဖြစ်ပွားတဲ့ ပြည်တွင်းစစ်တွေ တုန်းကလည်း စစ်ဘေးဒုက္ခသည်တွေ ရှိခဲ့ကြမှာ မလွဲပါဘူး။ အလားတူ ၇၀ ခုနှစ်တွေ ၈၀ ခုနှစ်တွေမှာ ပဲခူးရိုးမ၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်တွေမှာ စစ်ပွဲတွေ ဖြစ်ပွားခဲ့ပြီး စစ်ဘေးဒုက္ခသည်တွေ အများအပြားရှိခဲ့ကြတာ မြန်မာ့နိုင်ငံရေး သမိုင်းနဲ့အတူ စစ်ဘေးဒုက္ခသည်တွေရဲ့ ဖြစ်ရပ်သမိုင်းလည်း တွဲလျက်ရှိခဲ့တာ ဖြစ်ပါတယ်။
မဆလခေတ် ကုန်တဲ့အထိ အဲဒီဘက်ခေတ်တွေတုန်းက စစ်ဘေးဒုက္ခသည်တွေက လူသားချင်းစာနာမှု အကူအညီလိုမျိုး ကူညီနိုင်တဲ့အဖွဲ့အစည်းတွေ ၊ ဒုက္ခသည်အဖြစ်တိမ်းရှောင်ကြရတဲ့ ဖြစ်ရပ်ကို အများသိအောင် သတင်းပျံ့နှံ့မှု နည်းပါးကာ စစ်ဘေးဒုက္ခသည်တွေအနေနဲ့ မိမိတို့ဘာသာ ဖြေရှင်းကြရတာမျိုး ဖြစ်ပါတယ်။ စစ်ရှောင်စခန်းလို့ အခုအခါ ခေါ်ဆိုကြတဲ့ ယာယီစခန်းတွေ တည်ဆောက် စီမံခန့်ခွဲကြတာမျိုးလည်း မရှိဘဲ ၊ ဘုန်းတော်ကြီးကျောင်းလို တောတောင်ထဲလိုမျိုးမှာသာ နေထိုင်ပြီး အခြေအနေပေးတဲ့အခါ နေရပ်ကို ပြန်နေထိုင်ခဲ့ကြတာမျိုးဖြစ်ပါတယ်။
၁၉၉၀ ပြည့်နှစ်ကျော်ကာလတွေမှာတော့ ကရင်ပြည်နယ်က စစ်ဘေးဒုက္ခသည်ပြဿနာက ဒေသတွင်း အိမ်နီးချင်းနိုင်ငံ ထိုင်းနိုင်ငံရဲ့ နယ်စပ်မျဥ်းဘက်မှာ ဒုက္ခသည်စခန်းတွေ တည်ဆောက်ပြီး သိန်းနဲ့ချီအရေအတွက်ရှိတဲ့ စစ်ဘေးဒုက္ခသည်စခန်းတွေ ပေါ်ထွက်လာပြီး ဆယ်စုနှစ်နဲ့ချီကာ အခုချိန်ထိ ဆက်လက်နေထိုင်နေကြဆဲ စခန်းတွေတောင် ရှိနေကြဆဲဖြစ်ပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ၂၀၂၀ ရွေးကောက်ပွဲအကြား ဆယ်စုနှစ်တခုမှာလည်း ၉၀ ပြည့်နှစ်ကျော်က စစ်ဘေးဒုက္ခသည်တွေ နေရပ်ပြန်ရေး အဆင့်ထိ ငြိမ်းချမ်းရေး ဆွေးနွေးမှုလုပ်ငန်းတွေ မရောက်ရှိခဲ့ကြပါဘူး။
တဖန် မြန်မာနိုင်ငံမြောက် ပိုင်းနဲ့ အရှေ့မြောက်ဒေသမှာလည်း ထောင်သောင်းချီတဲ့ စစ်ဘေးရှောင် ဒုက္ခသည်စခန်းတွေ ခုချိန်ထိ ရှိနေဆဲဖြစ်ပါတယ်။ အဲဒီဒေသမှာ ၂၀၁၁ ဇွန်လ မှာ သေနတ်သံပြန်ထွက်ပေါ်လာတဲ ကေအိုင်အေ နဲ့ စစ်တပ်အကြား တိုက်ပွဲတွေကြောင့် ကချင်ပြည်နယ် အရှေ့ခြမ်းတလျှောက်၊ ရှမ်းမြောက် ကချင် အစပ်က ဗန်းမော်၊ မံစီ၊ နမ့်ခမ်း တို့တဝိုက်မှာ စစ်ဘေးဒုက္ခသည်စခန်းတွေ ဆယ်စုနှစ်ချီ ကြာမြင့်လာပြီဖြစ်ပါတယ်။ ယခင်က စစ်ဘေးဒုက္ခသည်တွေရဲ့ ပြဿနာတွေ မရှင်းလင်းနိုင်ခင်မှာပဲ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက် စစ်ရေးလမ်းစဥ်ကို ကိုင်စွဲတဲ့ အဖွဲ့သစ်တွေ နယ်မြေသစ်တွေ အများအပြားပေါ်ထွက်လာပြီး ကရင်နီဒေသ၊ ချင်းပြည်နယ်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ နဲ့ ကရင်ပြည်နယ်တွေ မှာ စစ်ဘေးဒုက္ခသည် သိန်းသန်းနဲ့ချီ တနှစ်ကျော်အတွင်း တရှိန်ထိုး မြင့်တက်လာတာ ဖြစ်ပါတယ်။
စစ်ဘေးဒုက္ခသည်ပြဿနာဟာ စစ်တိုက်တဲ့ မဟာဗျူဟာထဲမှာ လက်နက်ကိုင် အဖွဲ့တွေကို ရပ်ရွာက မထောက်ခံနိုင်အောင် စစ်ဘေးဒုက္ခသည်ဖြစ်အောင် နည်းဗျူဟာအရ လုပ်ဆောင်တဲ့ သဘောလည်း တွေ့နိုင်ပါတယ်။ စစ်ဘေးဒုက္ခသည်အဖြစ် တိမ်းရှောင်ရုံမျှမက ရိက္ခာ၊ ဆေးဝါးနဲ့ အကူအညီပေးမယ့် ပစ္စည်းတွေပါမရောက်နိုင်အောင် ဖြတ်တောက်တဲ့ နည်းဗျူဟာကို စစ်ကောင်စီက သုံးနေပြီး အဲဒီအကျိုးဆက် ဆိုးဆိုးရွားရွားခံစားရတာကို ကရင်နီဒေသနဲ့ ရခိုင်တို့မှာ ထင်ထင်ရှားရှား တွေ့မြင်နိုင်တာ ဖြစ်ပါတယ်။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေထဲက အတော်များများက အဲဒီအခြေအနေမျိုးမှာ ဒေသခံလူထုကို ထိခိုက်မှုရှိလာတာကြောင့် ပိုနေမြဲ ကျားနေမြဲ အခြေအနေမျိုးနဲ့ နေဖို့ ဆုံးဖြတ်တာ၊ ၄င်းတို့ အခြေစိုက်ရာဒေသက ဒေသခံတွေက ဓားစာခံဖြစ်နေတဲ့ သဘောကြောင့် တိုက်စစ်ထက် ခံစစ်ဆိုတာမျိုးကို ပိုရွေးချယ်လာကြတာလည်း ဖြစ်ပါတယ်။
လက်နက်ကိုင်နဲ့ စစ်ကောင်စီကို ဖြိုလှဲပြီး အောင်ပွဲရဖို့ အာဏာရရှိအောင် ကြိုးပမ်းရာမှာ ဒုက္ခသည်ပြဿနာက လက်နက်ကိုင် တိုက်ပွဲရဲ့ အကျိုးဆက် တခုဖြစ်မလာအောင် ဘယ်လို လုပ်ဆောင်မလဲ သို့မဟုတ် နောက်က ဆွဲထားသလိုဖြစ်နေတဲ့ ဒီပြဿနာ လျှော့ချဖို့ စစ်ရေး မဟာဗျူဟာ၊ နည်းဗျူဟာတွေ ဘယ်လို ပြောင်းလဲ သုံးကြမလဲဆိုတဲ့ မေးခွန်း မေးစရာလည်း ရှိနိုင်ပါတယ်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကတော့ လွတ်မြောက်နယ်မြေနဲ့ ဌာနချုပ် စခန်းလိုမျိုးတွေကို နယ်စပ်မျဥ်းတွေ အနီးမှာရွှေ့တဲ့ ရွေးချယ်မှုမျိုး ရွေးချယ်ခဲ့ကြတာ ဖြစ်ပါတယ်။
တဖက်မှာလည်း အာဏာရှင်စစ်တပ်ကို အမြစ်ဖြတ် ချေမှုန်းရေးမှာ ကျေးလက်တွေ နဲ့မြို့တွေလည်း အထိအခိုက်ရှိမှာပဲ အဲဒီအနေအထားကို ရှောင်လွှဲဖို့ရာ မဖြစ်နိုင်ဘူးဆိုတဲ့ အယူအဆလည်း ရှိနိုင်တာ ဖြစ်ပါတယ်။ သို့သော် လက်နက်ကိုင်တိုက်ပွဲရဲ့ ငွေကြေးပင်မအရင်းအမြစ်က သယံဇာတ တူးဖော်တာလို ပြည်ပအစိုးရ တရပ်ရပ်က အကူအညီအထောက်အပံ့မျိုးမဟုတ်ဘဲ လူထုရဲ့ ထောက်ပံ့မှုနဲ့ ရပ်တည်ရတဲ့ လက်နက်ကိုင်တော်လှန်ရေး ဖြစ်ရင်တော့ လူထုကိုရှင်သန် လုပ်ကိုင်စားသောက်နိုင်ဖို့ လိုအပ်ပြီး လူထုအများစုက စစ်ဘေးဒုက္ခသည်စခန်းတွေမှာ နေထိုင်နေကြရတဲ့အခြေအနေမျိုးနဲ့ တိုက်ပွဲကို ရှေ့ဆက်ရ ခက်ခဲနိုင်တာလည်း ဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar