Breaking News

မောင်တူး - နွေဦး ၂ နှစ် ခရမ်းဦးတင်မောင်ဝင်း ၃၂ အလွမ်း

Image- Crd
နွေဦး ၂ နှစ် ခရမ်းဦးတင်မောင်ဝင်း ၃၂ အလွမ်း 
မောင်တူး
(မိုးမခ) ဇန်နဝါရီ ၁၈၊ ၂၀၂၃

ကြယ်မင်းကြွေခဲ့၊ သခင်မဲ့တာ
သုံးဆယ့်နှစ်နှစ်၊ ကြာပြီဖြစ်လည်း 
သစ်ဆဲသူ့ဂုဏ်၊ နိမိတ်ပုံကား
သူငါကြားတွင်၊ ပြိုးပြက်ထင်ဆဲ
ဦးတင်မောင်ဝင်း၊ ဇာနည်မင်းအား
တို့များတတွေ၊ လွမ်းလေသမျှ
သတိရဆဲ၊ အောက်မေ့ဆဲပါတကား။ ။
((( ၁၈ ဇန် ၁၉၉၁ အင်းစိန်ထောင်မှာ ကျဆုံးခဲ့ )))

မြန့်မာ့ဒီမိုကရေစီသူရဲကောင်းတဦးဖြစ်တဲ့ ခရမ်းဦးတင်မောင်ဝင်းဟာ စစ်ထောက်လှမ်းရေးလက်ချက်နဲ့ အင်းစိန်ထောင်မှာ ကျဆုံးခဲ့တာ ၃၂ နှစ်ရှိပြီ။ ၁၉၉၁ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်မှာ ဦးတင်မောင်ဝင်းကွယ်လွန်တယ်။ ဒါကြောင့် ၂၀၂၃ ဇန်နဝါရီ ၁၈ ရက် ဒီနေ့ဟာ ၃၂ နှစ်ပြည့်ပေါ့။ ဒီလိုပါပဲ။ နွေဦးတော်လှန်ရေးဟာလည်း လာမည့် ၂၀၂၃ ဖေဖော်ဝါရီ ၁ ရက်မှာ ၂ နှစ်မြောက်ပြီ။ 

ခရမ်းဦးတင်မောင်ဝင်းရဲ့ တော်လှန်ရေးစိတ်ဓာတ်တွေဟာ ၈၈၈၈ အရေး တော်ပုံကြီးမှာ ရဟန်းရှင်လူ ကျောင်းသား ပြည်သူ ၃၀၀၀ ကျော်ကို မဆလစစ်တပ်က ပစ်ခတ်သတ်ဖြတ်ခဲ့အပြီး စစ်အုပ်စုစစ်အာဏာရှင်ဘက် တော်သားမှန်သမျှကို ပြတ်ပြတ်သားသား တိုက်ထုတ်သွားဖို့ တခုတည်း လုပ်မယ်လို့ ပြတ်သားသွားခဲ့တယ်။ အလားတူ နွေဦးတော်လှန်ရေးမှာလည်း GZ လူငယ်မျိုးဆက်သစ်ဟောင်း ပြည်သူလူထုတွေဟာ လူ ၂၇၀၀ ကျော်ကိုသတ်ထားပြီးဖြစ်တဲ့ အကြမ်းဖက်အာဏာသိမ်း စစ်ကောင်စီ ဘက်တော်သားမှန်သမျှကို ပြတ်ပြတ်သားသား တိုက်ထုတ်သွားဖို့ တခုတည်းလုပ်မယ်လို့ ပြတ်သား သွားခဲ့ကြတယ်။ ဘာကြောင့် ဒီလိုညီတူ ပြတ်သားသွားခဲ့ကြပါသလဲ။ ဦးတင်မောင်ဝင်းဟာ ၈၈၈၈ မှာ ရက်စက်ခဲ့ကြတဲ့ မဆလစစ်တပ်ကိုတိုက်ဖို့ ပြတ်သားသွားသလို ဒီနေ့လည်း နွေဦးတော်လှန်ရေးသမားပြည်သူတွေကို ရက်ရက်စက်စက် ဖိနှိပ်ညှဉ်းပမ်းနေတဲ့ စစ်ကောင်စီတပ်ကို အပြုတ်တိုက်ဖို့ ပြည်သူတရပ်လုံး ပြတ်သားနေကြပါပြီ။ 

ခရမ်းဦးတင်မောင်ဝင်းအကြောင်း

(AAPP နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက ထုတ်တဲ့ "ရှစ်စက္ကန့်ငြိမ်" စာအုပ်မှ ကူးယူဖော်ပြပါတယ်။

ခရမ်း ဦးတင်မောင်ဝင်းသည် ရန်ကုန်တိုင်း ခရမ်းမြို့ ဇာတိဖြစ်သည်။ ၁၉၉၀ ပြည့်နှစ် အောက်တိုဘာလ ၂၃ ရက်က အဖမ်းခံရသည်။ ၁၉၉၁ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့ အသက် ၅၁ နှစ်တွင် ကွယ်လွန်သည်။ 

ခရမ်းဦးတင်မောင်ဝင်းရဲ့နိုင်ငံရေးဘဝ

နိုဝင်ဘာ ၂၀ ရက် ၁၉၃၈ ခုနှစ်တွင် မွေးဖွားသည်။ ဦးမြို့ ဒေါ်သန်းရှင်တို့ ၏သား ဖြစ်သည်။ ခရမ်းမြို့အထက်တန်းကျောင်းနှင့် ရန်ကုန်တက္ကသိုလ်တို့တွင် ဘာသာရပ်ဆိုင်ရာ အသင်းများ၊ လက်ဝှေ့အသင်း၊ ကလောင်အသင်း၊ ကျောင်းဆောင်နှင့် သဟာယစာဖတ်အသင်း၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်)၊ ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ (တကသ)၊ ရန်ကုန်တက္ကသိုလ် ကျောင်း သားညီညွတ်ရေး တပ်ဦးတို့တွင် တက်ကြွစွာပါဝင်လှုပ်ရှားခဲ့သည်။

ဦးနေဝင်း တော်လှန်ရေးကောင်စီအစိုးရက ကျောင်းသားအခွင့်အရေး၊ ဒီမိုကရေစီရေး၊ ပြည်တွင်းငြိမ်းချမ်းရေး လှုပ်ရှားမှုများတွင် တက်ကြွစွာ ပါဝင်လှုပ်ရှားသော ဦးတင်မောင်ဝင်းအား ၁၉၆၃ ခုနှစ် ဒီဇင်ဘာလမှ ၁၉၇၀ ခုနှစ် စက်တင်ဘာလအထိ ၇ နှစ်ကြာ ဖမ်းဆီး ထိမ်းသိမ်းခဲ့သည်။ ၁၉၈၈ လူထုလှုပ်ရှားမှုကာလအတွင်း "စစ်ပြီးခေတ် ကျောင်းသားခေါင်းဆောင်ဟောင်းများ အဖွဲ့တွင် ပါဝင် လှုပ်ရှား ဆောင်ရွက်ခဲ့သည်။ 

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD စတင် ဖွဲ့စည်းချိန်မှစ၍ ရန်ကုန် တိုင်း စည်းရုံးရေးကော်မတီတွင် တာဝန် ပေးအပ်ခြင်းခံရသည်။ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ခရမ်းမြို့နယ် မဲဆန္ဒနယ် အမှတ် ၂ မှ ရွေး ကောက်ခံခဲ့ရသော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဖြစ်သည်။ ဂန္ဒီခန်းမတွင် ပြုလုပ်သည့် လွှတ်တော်ကိုယ်စားလှယ်များစုံညီအစည်းအဝေး အောင်မြင်စွာကျင်းပနိုင်ရေးအတွက် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သည်။

၁၉၉၀ ပြည့် အောက်တိုဘာ ၂၃ ရက်တွင် ဖမ်းဆီးခြင်းခံခဲ့ရသည်။ ၁၉၉၁ ခုနှစ် ဇန်နဝါရီလအတွင်း ဦးတင်မောင်ဝင်းအား အမိန့်ချမှတ်ချိန်တွင် အလွန်နာမကျန်း ဖြစ်နေသည့်အတွက် ခုံရုံးသို့ မတက်ရောက်နိုင်ခဲ့ပေ။
ဖမ်းဆီးခံရချိန်မှ ကွယ်လွန်သည့်အချိန်အထိ မိသားစုနှင့်လည်းကောင်း၊ လုပ်ဖော်ကိုင်ဖက် ရဲဘော်များနှင့်လည်းကောင်း ဆက်သွယ်ခွင့် မရခဲ့။

ခရမ်းဦးတင်မောင်ဝင်းကျဆုံးပုံ

သူသည် အင်းစိန်ထောင်အတွင်းတွင် ဝမ်းကိုက်ရောဂါ ခံစားနေရသည်။ ထိုအကြောင်းကို မိသားစုကစုံစမ်းသိရှိရသောအခါ ဆေးဝါးများ ပေးပို့ရန် ကြိုးပမ်းဆက်သွယ်ခဲ့သော်လည်း အာဏာပိုင်များက ခွင့်မပြုပါ။ ၁၉၉၁ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့တွင် အင်းစိန်အကျဉ်းထောင်၌ ကွယ်လွန် သည်။ ကွယ်လွန်ပြီး နောက်တနေ့တွင် အာဏာပိုင်များက မိသားစုအား အကြောင်း ကြားခဲ့သည်။ မိသားစုက ရုပ်အလောင်းကို ကြံတောသုဿာန် အအေးတိုက်တွင် သွားရောက်ကြည့်ရှုခွင့် ရသည်။ ထောင်အာဏာပိုင်များက မိသားစုအား ဦးတင်မောင်ဝင်းသည် "သွေးကင်ဆာ" ရောဂါဖြင့် ကွယ် လွန်ကြောင်း ပြောကြားခဲ့သည်။ 

ကြယ်ကြွေတာ
ကင်ဆာတဲ့လား
ကင်ဆာကို တိုက်ဖျက်ကြ။ ။ 
(ဦးတင်မောင်ဝင်း ဈာပနပန်းခွေပါကဗျာ)

အာဟာရပြတ်ဆေးကုခွင့်မရနှိပ်စက်ဒဏ်ကြောင့်ကွယ်လွန်ခဲ့

မှတ်ချက်။ ။ ဝမ်းကိုက်ရောဂါ ဖြစ်နေစဉ် ဆေးကုသခွင့် မရခဲ့ဟု ယုံကြည်ရသည်။ အာဟာရ ပြတ်ပြီး ကွယ်လွန်ခဲ့ခြင်းကြောင့် ဦးတင်မောင်ဝင်း ရုပ်အလောင်းမှာ အရိုးပြိုင်းပြိုင်း ဖြစ်နေသည်ကို မိသားစုက ကြေကွဲစွာတွေ့မြင်ခဲ့ရသည်။ မျက်ခုံးနှစ်ခုကြားတွင်လည်း အသား နှစ်ခုကွဲနေသည့် ဒဏ် ရာကို တွေ့ရသည်။ ဦးတင်မောင်ဝင်းသည် ကျောက်ကပ်ရောဂါ ဖြစ်ခဲ့ဘူးသောကြောင့် လစဉ် ဆီး သွေး စစ်ဆေးနေရသူ ဖြစ်သည်။ သွေးစစ်ချက် အဖြေများကောင်းမွန်နေသူတဦးသည် ၃ လမပြည့်မီ ကာလအတွင်း "သွေးကင်ဆာ" ဖြင့် သေဆုံးရသည်ဆိုသော အာဏာပိုင်များ၏ ပြောကြားချက်မှာ သံသယရှိဖွယ် ဖြစ်သည်။

Image- Crd

ဦးတင်မောင်ဝင်းရဲ့ရဲရဲတောက်၉၀ရွေးကောက်ပွဲမိန့်ခွန်း

အခုကာလဟာ NLD က အပြတ်အသတ် အနိုင်ရခဲ့တဲ့ ၂၀၂၀ ရွေး ကောက်ပွဲကို ဆန့်ကျင်ပြီး စစ်ကောင်စီ အာဏာသိမ်းထားတဲ့ ကာလ ဖြစ်တယ်။ ၂၀၂၀ ရွေးကောက်ပွဲရဲ့ရလာဒ်ကိုတောင် အကောင်အထည်မဖော်ရသေး ပါပဲလျက် နောက်ထပ် ၂၀၂၃ ရွေးကောက်ပွဲလုပ်ဖို့ အာဏာသိမ်းစစ်ကောင်စီက အဓမ္မပြင်ဆင်နေတဲ့ကာလ ဖြစ်တယ်။ ဒီကာလမှာ ခရမ်းဦးတင်မောင်ဝင်း ကွယ်လွန်ခြင်း ၃၂ နှစ်ပြည့်နဲ့ တိုက်ဆိုင်နေတာကြောင့်လည်း ပိုသတိရစေပါတယ်။ ဦးတင်မောင်ဝင်းဟာ ၁၉၉၀ မေ ၂၇ ရွေး ကောက်ပွဲမှာ ရန်ကုန်တိုင်း ခရမ်းမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၂ ကနေ အနိုင်ရခဲ့သူပါ။ ၉၀ ရွေးကောက်ပွဲကာလ မဲဆွယ်ပွဲတွေမှာ ဦးတင်မောင်ဝင်း ပြောခဲ့တာတွေကို ခရမ်းအမတ်တဦးဖြစ်တဲ့ ဦးကျော်သွင်က အခုလို ရေးသားခဲ့ပါတယ်။  

((((( အံ့သြစရာကောင်းတာ တခုက ဦးတင်မောင်ဝင်းရဲ့ အကိုကြီး ဦးဇော်ဝင်း (ဗိုလ်မှူးကြီးဇော်ဝင်း) မဆလခေတ် နိုင်ငံတော်ကောင်စီဝင် နိုင်ငံ တော်လုံခြုံရေး ကော်မတီဝင်က ဦးနေဝင်းရဲ့စစ်တပ်က စစ်အာဏာရှင်တဦး။ ညီဖြစ်သူ ဦးတင်မောင်ဝင်းက စစ်အာဏာရှင်ကို အချိန်သရွေ့ တိုက်ပွဲဝင်နေသူ။ သူတို့ ၂ ဦး ၁၉၉၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲမှာ ခရမ်းမြို့နယ် မဲဆန္ဒနယ် အမှတ် ၂ မှာ ယှဉ်ပြိုင်အရွေးခံရခြင်းပဲ ဖြစ်ပါတယ်။ ဦးတင်မောင်ဝင်းက ပြည်သူတွေရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကဖြစ်ပြီး သူ့အကိုကြီးဦးဇော်ဝင်းကတော့ မဆလတဖြစ်လဲ တစည ပါတီက ဖြစ်တယ်လေ။ အဲဒီတုန်းက ဒီမိုကရေစီသမား ဦးတင်မောင်ဝင်းက စစ်အာဏာရှင်တဖြစ်လဲ ဦးဇော်ဝင်းကို အနိုင်ယူခဲ့တယ်လေ။ 

ကျနော်နဲ့အတူ မဲဆွယ် စည်းရုံးပွဲတွေမှာ သူ့ပြည်သူနဲ့ သူ့ဆွေမျိုးသားချင်းတွေကို ရှင်းပြချက်က မှတ်သားစရာ အပြည့်ပါ။ မက္ကသံ ဆိုတဲ့ ရွာကြီးမှာ ဦးတင်မောင်ဝင်းက ...
“ဦးဇော်ဝင်းဟာ ကျနော့်အကိုကြီး၊ အဖေဆုံးသွားပြီးတဲ့နောက် ကျနော့်ကို အစစ အရာရာသွန်သင် ဆုံးမစောင့်ရှောက်ခဲ့လို့ ကျနော့်ဖခင်ဆိုလည်း မမှားပါဘူး။ ကျနော် တခါသေကောင်ပေါင်းလဲဖြစ်တဲ့အခါမှာ စင်ကာပူက ဆေးတွေမှာပြီး ကျနော် ရောဂါပျောက်အောင်ကုပေးလို့ ကျနော့် အသက် သခင် ကျေးဇူးရှင်ဆိုလည်း မမှားပါဘူး။ ဒါပေမယ့် အခု ဒီမိုကရေစီ အရေး တော်ပုံတိုက်ပွဲမှာ အကိုကြီးတမျက်နှာတည်း မကြည့်နိုင်ဘူး။ အကိုကြီးရဲ့ ကျေးဇူးတွေကို နောက်ဘဝပြောင်းပြီး ဆယ်သက်ဆပ်ရဦးတော့ ကျနော် ဆပ်မယ်။ အခုအချိန်မှာတော့ ဒီမိုကရေစီလိုလားတဲ့ သန်း ၅၀ မြန်မာပြည်သူတွေရဲ့မျက်နှာကိုပဲ ကျနော် ကြည့်နိုင်မယ်။

၁၉၆၂ စစ်တပ်က ပြည်သူ့အာဏာကို သိမ်းလိုက်တော့ အကိုကြီးနဲ့ကျနော့် ကြားမှာ ရေမြောင်းကလေး ခြားသွားပါပြီ။ အဲဒီအချိန်က ခုန်ကူးမယ်ဆို ကူးလို့ရနိုင်လောက်တဲ့ အကျယ်၊ ရေ တသွင်သွင်နဲ့ စီးနေတဲ့ မြောင်း။ ဒါပေမယ့် ဆဲဗင်းဂျူလိုင် အရေးအခင်းကြီး အပြီးမှာတော့ ခုန်ကူးလို့ မရတော့ဘဲ မြောင်းကြီးဖြစ်သွားပါပြီ။
အဲဒီနောက် ၇၂ ကျွန်းဆွယ် အရေးအခင်း၊ ၇၄ အလုပ်သမား အရေးတော် ပုံ၊ ဦးသန့်အရေးအခင်း၊ မှိုင်းရာပြည့် အရေးအခင်းတွေ အပြီးမှာတော့ အကိုကြီးနဲ့ ကျနော် ကြားမှာ မြောင်းကြီးကနေ ချောင်းကြီး၊ မြစ်ကြီး၊ ပင်လယ်ကြီး ခြားသွားပါပြီ။

အခု ရှစ်လေးလုံး အရေးတော်ပုံကြီး အပြီးမှာတော့ အကိုကြီးနဲ့ ကျနော့်အကြား သွေးပင်လယ်ကြီး ခြားသွားပါပြီ။ ဦးမြို့ (ဖခင်)၊ ဒေါ်သန်းရှင် (မိခင်)တို့ရဲ့ တအူတုံဆင်း ညီအကိုအရင်းတွေ ဖြစ်ကြပေမယ့် အကိုကြီးနဲ့ ကျနော်တို့ဟာ ဘယ်တော့မှမဆုံနိုင်စရာ သွေးပင်လယ်ကြီး၊ ကျောင်းသား ရဟန်း ပြည်သူတွေရဲ့ သွေးပင်လယ်ကြီး ခြားသွားပါပြီ” ။ ပြီးတော့ “ကျနော့်ရဲ့ ဘဝ၊ ကျနော့်ရဲ့အသက်ကို မြန်မာပြည် ဒီမိုကရေစီရေးအတွက် ပေးအပ်ပါတယ်။ တကယ်လို့များ မြန်မာပြည် ဒီမိုကရေစီ ရရှိဖို့ အရိုးတွေ တောင်လိုပုံမယ်ဆိုရင် အရိုးပုံရဲ့ အောက်ဆုံး နေရာမှာ ကျနော့်အရိုး ရှိနေရပါစေမယ်” တဲ့။))))))))))

ဦးတင်မောင်ဝင်းစကားသွေးပင်လယ်ခြားပြည်သူနဲ့စစ်တပ်

လွန်ခဲ့တဲ့ ၃၂ နှစ်က ဦးတင်မောင်ဝင်း ပြောခဲ့သလိုပဲ အခုအချိန်မှာလည်း ပြည်သူလူထုနဲ့ စစ်ကောင်စီ စစ်တပ်အကြား သွေးပင်လည်ကြီး ခြားနေပါပြီ။ NLD အဖွဲ့ဝင်တွေကိုဖမ်း၊ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းလိုက်ပြီး အာဏာသိမ်းလိုက်တဲ့အခါ ပြည်သူလူထုတွေ လူငယ်တွေ တိုင်းရင်းသားတွေ ဝန်ထမ်းတွေက ငြိမ်နေမယ်လို့ စစ်ကောင်စီက ထင်ခဲ့ပုံရပါတယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ ၂၀၂၀ ရွေးကောက်ပွဲ ရလာဒ်ကို မျက်ကွယ်ပြုပြီး အာဏာသိမ်းလိုက်တာကိုးက ပြည်သူနဲ့စစ်တပ်ဟာ မြောင်းလေးခြားသွားပါပြီ။ နောက်ပိုင်းမှာ အာဏာသိမ်းတာကို ကန့်ကွက် ဆန္ဒပြတဲ့အခါ ခေါင်းတွေကို စနိုက်ဗာတွေနဲ့ပစ်သတ် ဖမ်းဆီးအပြီး ပြည်သူနဲ့ စစ်တပ်ဟာ ခုန်ကူးလို့မရတော့တဲ့ မြောင်းကြီးခြားသွားပါပြီ။ နောက်ပိုင်း ဆန္ဒပြသူတွေကိုဖမ်းပြီး ညတွင်းခြင်း သတ်ပစ်ခဲ့တယ်။ မနက်ကို အလောင်းပြန်ပေးတာတွေ များလာတယ်။ စစ်ကြောရေးမှာ မုဒိမ်းကျင့်တာတွေ နှိပ်စက် သတ်ပစ်တာတွေ များများလာပြီးချိန်၊ ရွာတွေ မြို့တွေကို မီးရှို့ဖျက်ဆီးအပြီးမှာတော့ စစ်တပ်နဲ့ ပြည်သူလူထုဟာ သွေး ပင် လည် ကြီး ခြားသွားပါပြီ။  

ဒါကြောင့်လည်း ခရမ်းဦးတင်မောင်ဝင်းပြောခဲ့သလို (((ကျနော့်တို့ရဲ့ ဘဝ၊ ကျနော့်တို့ရဲ့ အသက်ကို မြန်မာပြည် ဒီမိုကရေစီရေး အတွက် ပေးအပ်ပါတယ်။ တကယ်လို့များ မြန်မာပြည် ဒီမိုကရေစီ ရရှိဖို့ အရိုးတွေ တောင်လိုပုံမယ် ဆိုရင် အရိုးပုံရဲ့ အောက်ဆုံး နေရာမှာ ကျနော့်တို့အရိုးတွေ ရှိနေရပါစေမယ်”)) လို့ နွေဦးတော်လှန်ရေး တိုက်ပွဲဝင် မြန်မာပြည်သူလူထုကြီးက ပြောနေကြပါပြီ။
သမိုင်းဝင် နွေဦးတော်လှန်ရေးကြီး ၂ နှစ်ပြည့်တော့မယ်။ 

ဒီမိုကရေစီ သူရဲကောင်း ခရမ်း ဦးတင်မောင်ဝင်း ကွယ်လွန်ခဲ့တာလဲ ၃၂ နှစ်ပြည့်ပါပြီ။ သတိရဆဲ။ လွမ်းဆဲ။ ဂုဏ်ယူနေဆဲ။ အလေးပြုနေဆဲပါ။ ။

မောင်တူး

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar