Breaking News

ဖိုးရွှေညီမှိုင်း - နွေကြိုတေး

နွေကြိုတေး
ဖိုးရွှေညီမှိုင်း
(မိုးမခ) ဇန်နဝါရီ ၁၈၊ ၂၀၂၃

ရှို့သူတွေ လွတ်ပြီး
ငြှိမ်းသူတွေ လောင်ရချိန်
ပျိုးသူတွေ ငတ်ပြီး
ရိတ်သူတွေ စားကြချိန်
တူးသူတွေ ဆာပြီး
ခပ်သူတွေ သောက်ကြချိန်
ရေးချလိုက်တိုင်း
ရေငတ်နေတဲ့ စကားလုံးတွေ
ဆာလောင်နေတဲ့ စကားလုံးတွေ
အခိုးထွက်နေတဲ့ စကားလုံးတွေ
နာကျင်ပေမယ့် မကြေကွဲကြ
နာကျည်းပေမယ့် မယုတ်မာကြ
မုန်းတီးပေမယ့် မရိုင်းစိုင်းကြ
ရင်ဆိုင်ကြဆဲ ဘဝထဲမှာ
ရှင်သန်ကြဆဲ တိုက်ပွဲထဲမှာ
ဖူးပွင့်ကြဆဲ မုန်တိုင်းထဲမှာ
အသက်ရှူနေသ၍
ဆက်ရှင်နေသ၍
အမြစ်ရှိနေသ၍ ... 
လွမ်းလည်းလှမ်းမယ် ခက်လည်းဆက်မယ်
နက်လည်းတူးမယ် ကြွေလည်းဖူးမယ်
နွေဦးသစ်ကို ယုံကြည်ရင်
ပေါင်းဆုံပွင့်ရင်း
ဆောင်းမကုန်မှာ မရွံ့ကြေး။

၂၀၂၃ ဇန်နဝါရီ ၁၀
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar